Thursday, October 28, 2010

အာဆီယံ မြန်မာစစ်အစိုးရနဲ့ လုံခြုံရေး ပြဿနာ

စိုးနေလင်း

အာဆီယံအဖွဲ့ထဲ မြန်မာနိုင်ငံ ဝင်ခွင့်ရတဲ့ ၁၉၉၇ ကစပြီး အဖွဲ့ဝင်နိုင်ငံတွေမှာ မောင်ပြဿနာကြောင့် ရင်တမမ မျက်နှာပျက် အရှက်ရစရာ၊ စိုးရိမ်ကြောင့်ကြစရာ မတတ်သာလို့ လက်ခံ ခေါင်းညိတ်ခဲ့ရတာ၊ ရှေ့မျက်နှာ နောက်ထား အကာအကွယ်ပေး ပြောဆိုခဲ့ရတာတွေ ကြုံခဲ့ဖူးပေါင်း များလှပါပြီ။ မြန်မာနိုင်ငံဟာ သယံဇာတ ချမ်းသာခဲ့ပေမယ့် ဖွံဖြိုးတိုးတက်မှု အောက်တန်းနောက်တန်း ကျကျန်ခဲ့ရတာ၊ ပြည်သူလူထု ချွတ်ခြုံကျ ဆင်းရဲမွဲတေပြီး လူချင်းတူတူ သူချင်းမျှမျှ နေခွင့်မရ ဖြစ်နေကြရတာ တွေကိုလည်း သိကြပါ တယ်။ ဒါပေမဲ့ နိုင်ငံတခုချင်း အနေနဲ့ မြန်မာနိုင်ငံဆီက ရစရာ အကျိုးစီးပွားတွေ ရှိနေတဲ့အတွက် အဆင်ပြေအောင် ဆက်ဆံခဲ့ရ၊ ဆက်ဆံနေကြရဆဲပါ။

အာဆီယံအဖွဲ့ တခုလုံးအနေနဲ့ အရေးအကြီးဆုံး အခြေခံ မူဝါဒတွေထဲက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး ဆိုတဲ့ မူကြီးကို ကျားကုတ်ကျားခဲ ကိုင်စွဲထားရတဲ့အတွက် မြန်မာနိုင်ငံက စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မဟုတ်မှန်း မလျော်မှန်း သိသိကြီးနဲ့ တုံဏှိဘာဝေ လုပ်နေခဲ့ရ၊ လုပ်နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအပေါ် စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြိမ်ကြိမ် အထပ်ထပ် ကျူးလွန်နေရုံမက နှိပ်စက်ညှဉ်းပန်း လုပ်ကြံ သတ်ဖြတ်နေတာကိုလည်း လက်ပိုက် ကြည့်နေခဲ့ရပါတယ်။

ARF လို့ခေါ်တဲ့ အာဆီယံ ရီဂျင်နယ် ဖိုရမ်ဆိုတာကို ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေအတွက် ဖွဲ့စည်းထားတာ ရှိခဲ့ပေမယ့် မြန်မာနိုင်ငံတွင်းက ညှဉ်းပန်း နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေဟာ ဒေသတွင်း လုံခြုံရေးကို ထိပါးလာတာ မရှိသေးဘူးဆိုပြီး လက်ကာ ထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အာဆီယံအဖွဲ့ရဲ့ မူလဖွဲ့စည်းပုံ အခြေခံမူဝါဒဟောင်း (ချာတာဟောင်း) အတိုင်း ကျင့်သုံးနေခဲ့တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒေသတွင်း လုံခြုံရေး ရှိချင်ရှိနေမှာ ဖြစ်ပေမယ့် မြန်မာပြည်သူ လူထုကြီးအတွက် လုံခြုံရေး မရှိတာတော့ ကာလ ရှည်ကြာခဲ့ပါပြီ။ ၂ဝဝ၇ မှာတော့ အာဆီယံအဖွဲ့ ပိုမို အားကောင်းခိုင်မာရေး၊ ပိုမို ပူးပေါင်းဆောင်ရွက်မှု ရရှိရေး၊ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေး စတာတွေကို ဦးတည်တဲ့ ချာတာအသစ်တခု ရေးဆွဲပြီး၂ဝဝ၈ မှာ အဖွဲ့ဝင် နိုင်ငံတွေရဲ့လက်မှတ်ရေးထိုး သဘောတူညီမှုနဲ့ စတင် ကျင့်သုံးခဲ့ပါတယ်။ ထူးခြားတာက အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် (Arsean Inter-Governmental Commission on Human rights) ကို ဖွဲ့စည်းခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေး ကိစ္စတွေမှာ ဒေသတွင်း ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ရေးနဲ့ အဖွဲ့ဝင် နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပပျောက်ရအောင် ထိန်းချုပ် ဆောင်ရွက်နိုင်ဖို့ပါပဲ။ ရည်ရွယ်ချက်က ကောင်းပေမယ့် မြန်မာလို လူ့အခွင့်အရေး ဆိုးဆိုး ဝါးဝါး ချိုးဖောက်နေတဲ့ အဖွဲ့ဝင် နိုင်ငံမျိုးကို ခပ်မာမာပြောဖို့တောင် အတော်စဉ်းစားနေရတဲ့ အာဆီယံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ မြန်မာပြည်သူတွေကတော့ စစ်အာဏာရှင်တွေရဲ့လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်မှု၊ မတရား ဖမ်းဆီးထောင်ချမှုတွေကို ဆက်လက် ခံစားနေရဆဲပါ။ အာဆီယံက အကာအကွယ် မပေးနိုင်သလို ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း ခုချိန်ထိ အကာအကွယ် မပေးနိုင်တာက တကယ့် ပကတိ အခြေအနေပါပဲ။ “များစွာ စိတ်မကောင်း ဖြစ်ရပါသည်” တို့ “တိုက်တွန်းလိုက်ပါ သည်” တို့လောက်ပဲ ပြောနိုင်တာပါ။

ပြဿနာကတော့ တိုင်းပြည်တပြည်မှာ ရှိတဲ့အစိုးရက သူပြည်သူလူထုကို စိတ်ထင်တိုင်း ဖိနှိပ်ညှဉ်းပန်း အနိုင် ကျင့်နေတဲ့ ကိစ္စကို ပြည်တွင်းရေးသာ ဖြစ်သည်ဆိုပြီး လက်ပိုက် ကြည့်နေကြတဲ့ ကိစ္စပါ။ ဒေသတွင်း လုံခြုံရေး ကိုတော့ မြန်မာက ထိပါးစရာ အကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး၊ ဒီနေ့ခေတ်မှာ ဘယ်နိုင်ငံ မှ လက်နက်အင်အားသုံးပြီး တခြား တိုင်းပြည်တခုကို ခြိမ်းခြောက်တာ၊ ထိပါးနှိပ်စက်တာ၊ ကျူးကျော်ဝင်ရောက် သိမ်းပိုက်တာမျိုး လုပ်ဖို့ သိပ်မလွယ်တော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ အစိုးရရဲ့သူ့ပြည်သူလူထု တိုင်းရင်းသား လူမျိုးစုတွေပေါ်မှာ အနိုင်ကျင့်ဖိနှိပ်မှု လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတွင်းမှာ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေဟာ အသက်ရှင် ရပ်တည်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် ထိုင်း) ကို ထွက်ပြေး တိမ်းရှောင်ကြ၊ အသက်မွေးဖို့ ကြိုးစားကြရတဲ့အခါ ဒေသတွင်းနိုင်ငံ တချို့ရဲ့ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ အနည်းနဲ့အများ ဆိုသလို အနှောက်အယှက် ဖြစ်ရပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှု၊ လူကုန်ကူးမှုတွေပါ လုပ်ကိုင်လာကြတော့ ပိုပြီးဆိုးဝါး ကုန်ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေကို မတရား အနိုင်ကျင့် ဖိနှိပ်နေတဲ့အတွက် မခံနိုင်လို့ လက်နက်စွဲကိုင် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် တကယ်လို့များ လက်နက်ကိုင် ပဋိပက္ခ ဟာ ဒီထက် ကြီးမားလာခဲ့ရင် ပြည်တွင်းစစ်မီးဟာ ဒေသတခုလုံးကို တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်တဲ့နည်း နဲ့ ခြိမ်းခြောက်လာနိုင်ပါတယ်။

ARF က ကာကွယ် တားဆီးနိုင်ဖို့ ဒီလို အခြေအနေမျိုး ဖြစ်လာအောင် ဖန်တီ်းနေတဲ့ လက်သည်တရားခံကို အရေးယူ အပြစ်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။ ဒေသတွင်း အိမ်နီးချင်းကောင်း ပီပီသသဖြစ်ရေးမှာ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာကို လေးစားဖို့ဆိုရင် အဲဒီ အချုပ်အခြာအာဏာကို မတရား ရယူထားတဲ့ စစ်အာဏာရှင်တွေအတွက် မဟုတ်ပဲ တကယ့် အချုပ်အခြာ အာဏာရဲ့မူလပိုင်ရှင်တွေ ဖြစ်တဲ့ ပြည်သူလူထုအတွက်သာ ဖြစ်သင့်တယ်။ အချုပ်အခြာ အာဏာကို မတရား လုယူထားတဲ့ အာဏာရှင်တွေအတွက် လေးစားလိုက်နာပေးတယ် ဆိုရင်တော့ ဓားပြ မုဒိမ်း လူသတ်သမားတွေရဲ့ အခွင့်အာဏာကို အကာအကွယ်ပေး လေးစားသလို ဖြစ်နေပါလိမ့်မယ်။ အာဆီယံ အဖွဲ့ကြီးအနေနဲ့ ဒီအချက်ကို အသေအချာ ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ အာဆီယံအဖွဲ့ကြီးတင် မဟုတ်ပါဘူး၊ ကမ္ဘာ့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့ကြီးအနေနဲ့လည်း အသေအချာ ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ ပဋိညာဉ် စာချုပ်ပါ အချက်တွေအရ အရေးယူ ဆောင်ရွက်လို့ မရနိုင်ဘူးဆိုရင်လည်း အဲဒီ ပဋိညာဉ် စာချုပ် သဘောတူညီချက်ကို ပြင်ဆင် ဖြည့်စွက်ရေးဆွဲဖို့လိုရင် ပြင်ဆင်ဖြည့်စွက် သင့်ပါတယ်။ ဒါမှပဲ လွတ်လပ်ခြင်း တရားမျှတခြင်း ငြိမ်းချမ်းခြင်း ဆိုတဲ့ တရားတွေ ထွန်းကားတဲ့ ကမ္ဘာကြီး ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ ။

No comments:

Post a Comment