Saturday, October 30, 2010

ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်မှာလား

အောင်ဇော်

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်မယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွှတ်ပေးမယ်လို့ အမည်မဖော်လိုတဲ့ စစ်ဖက် အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါဆိုရင် အထိန်းသိမ်းခံ နိုဗဲလ်ဆုရှင်ကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရမှာ အစီအစဉ် တကယ်ပဲ ရှိလို့များလား။ ဒီမေးခွန်းအတွက် အဖြေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ်မှာပဲ မူတည်နေပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလမှာ လွတ်ရင်တောင် ရွေးကောက်ပွဲမတိုင်ခင်တော့ လွတ်မှာမဟုတ်ပါဘူး။ စစ်အစိုးရအလိုကျပါတီတွေက ရွေးကောက်ပွဲမှာ ရတဲ့နည်းနဲ့ အနိုင်ရအောင် လုပ်ကြမှာမို့ ဒေါ်အောင်ဆန်းစုကြည်သာ နေအိမ်အပြင် ထွက်ခွင့်ရတယ်ဆိုရင် ဒီအခြေအနေအပေါ် သူဘယ်လို တုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးစရာရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရေး မလွှတ်ရေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် အလွန်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်နိုင်သူ၊ အန္တရာယ်ရှိသူလို့ သတ်မှတ်ထားတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့အခါ သူ့အာဏာကို ထိပါး နှောင့်ယှက်နိုင်သေးတယ်လို့ ယူဆရင် အကြောင်းရှာပြီး အချိန်အကန့်အသတ်မရှိ ဆက်လက်ထိန်းသိမ်းထားဦးမှာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုတဲ့ သတင်းကိုကြားရတာနဲ့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပါ။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘယ်လောက်မျှော်လင့်လို့ ရမရကို သူတို့ ပိုသိကြပါတယ်။ သူတို့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပါစေဆိုတဲ့ အကောင်းဘက်ကအမြင်တွေ ရှိနေကြမှာပါ။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးရင် ခရီးသွားခွင့်ရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး လူထုက အဓိက စောင့်ကြည့်ကြလိမ်မယ်လို့ ယူဆပါတယ်။ ၁၉၉၅ ခုနှစ် လွတ်လာတုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ချုပ်ခေါင်းဆောင်တွေကို ရန်ကုန်ကနေ ပြင်ပခရီးသွားခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ သူတို့ထွက်ဖို့ ကြိုးစားတိုင်း ထောက်လှမ်းရေးတွေ လိုက်နှောင့်ယှက်တာကို ခံခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကို တိုက်ခိုက်ဖို့ မီးစိမ်းပြလိုက်တဲ့အထဲမှာ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်တောင် ပါတယ်လို့ စွပ်စွဲတာတွေရှိပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများအပြား အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဗျူဟာတွေချမှတ်လာမလဲ၊ အနာဂတ်မှာ သူကိုယ်တိုင်ကရော ဘယ်အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မလဲ ဆိုတာတွေကိုလည်း လူထုက အလွန်စိတ်ဝင်စားကြပါလိမ့်မယ်။ သေချာတာကတော့ နိုင်ငံရေး အခင်းအကျင်းအသစ်တခုကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အနီးဆုံး မဟာမိတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တချို့လူတွေ သူ့အနားမှာ ရှိတော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တော်တော်များများက နိုင်ငံရေးကအနားယူ ဒါမှမဟုတ် ကွယ်လွန်ကုန်ကြပါပြီ။ တချို့လည်း ထောင်တွေထဲမှာ ရှိနေကြဆဲပါ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့လို တချို့လူတွေကလည်း သူရဲ့ပါတီကို စွန့်ခွာပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီသစ် ထူထောင်သွားကြပါပြီ။

ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ခြေလှမ်းက ဘာလဲ။ တချိန်က လူကြိုက်များ ကျော်ကြားခဲ့တဲ့ သူ့ရဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ရှေ့က အပတ်စဉ် “ဒီမိုကရေစီမိန့်ခွန်းများ” ဟောပြောခြင်း အစီအစဉ်ကိုတော့ ပြန်လုပ်နိုင်ဖို့ ဖြစ်နိုင်ချေနည်းလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ တချို့သတင်းရပ်ကွက်တွေကတော့ သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ လူမှုရေးနဲ့ လူသားချင်းဆိုင်ရာ ကူညီပံ့ပိုးတဲ့လုပ်ငန်းတွေမှာ ပိုပါဝင်လာနိုင်တယ်။ အထူးသဖြင့် ပညာရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ဆောင်ရွက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ သူ့ကိုနိုင်ငံရေးအရ တိုက်ရိုက် အန္တရာယ်ပေးလာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် စိတ်သက်သာရစေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် လျှောက်ရင်တောင်မှပဲ ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ရေပန်းစားလာနေတဲ့ “လူသားချင်းဆိုင်ရာ အကူအညီပေးရေး ဈေးကွက်” ကို သိမ်းပိုက်ဖို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကြိုးစားလာခဲ့ကြလို့ပါပဲ။ တကယ်တော့ ဒီ “ဈေးကွက်” ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေချဲ့ထွင်လိုကြတဲ့ နိုင်ငံတကာ အကူအညီပေးရေးအုပ်စုတွေက ဖန်တီးပေးထားတဲ့ အရာပဲ ဖြစ်ပါတယ်။ တကယ်လို့ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ Sanctions လို့ခေါ်တဲ့ ပိတ်ဆို့မှုတွေ အပေါ်မှာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားဟာ စစ်အစိုးရနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ သူတို့အတွက် အန္တရာယ်ရှိမယ်လို့ တွက်ဆမိတယ်ဆိုရင် သူတို့ထဲက အချို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေထက် ဗွေဆော်ဦး ဝေဖန်တိုက်ခိုက်ကြမယ့် သူတွေဖြစ်လာကြပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သုံးသပ်သူတွေကတော့ သူ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမယ့် အခုအချိန်ထိ အရာမရောက်သေးတာဟာ တွေ့ဆုံဆွေးနွေရေးစကားဝိုင်းကို စစ်အစိုးရ ရောက်လာအောင် တွန်းအားပေးနိုင်ဖို့အတွက် သူ့မှာ အားမရှိလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့အတိုက်အခံတွေကတော့ အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက် တော်လှန်တိုက်ထုတ်နိုင်ခဲ့တဲ့ သူ့ဖခင် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းလို အစွမ်းအစမျိုး ဒေါ်အောင်ဆန်းစုကြည်မှာ မရှိဘူးလို့ ပြောကြပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြတ်သားမှုမရှိဘူး၊ သူ့မှာ ဗိုလ်ချုပ်တွေကို အလဲထိုးနိုင်ဖို့ ကြွယ်ဝတဲ့ နိုင်ငံရေးပရိယာယ် မရှိဘူးလို့ ဆိုပြန်ပါတယ်။ သူဦးဆောင်တဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေ ၂၂ နှစ် ကြာလာပြီးတဲ့ အခါမှာတော့ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီ အသွင်းကူပြောင်းမှုဟာ သွေးထွက်သံယို အသွင်ကူးပြောင်းမှုမျိုးပဲ ဖြစ်လာတော့မယ်လို့ မြန်မာပြည်သူတွေ ပိုပြီး ယူဆလာကြပါတယ်။

အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းချက်တွေ အပေါ်မှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမရှိကို ဆက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အဖွဲ့ချုပ်ကို ဖျက်သိမ်းလိုက်ရပေမယ့် ပြည်တွင်းရော ပြည်ပမှာပါ ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ပေါ် ကျော်ကြားနေဆဲပါ။ အကန့်အသတ်ရှိပေမယ့်လည်း ဒီအချက်က ဒေါ်အောင်ဆန်းစုကြည် အလုပ်တွေလုပ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းပြီးခဲ့တဲ့အချိန် ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တခုထုတ်ပြီး တိုင်းပြည်အတွက် အတူလက်တွဲ ဆောင်ရွက်ကြဖို့ စစ်အစိုးရကို တိုက်တွန်းခဲ့ပါသေးတယ်။ ဒီကြေညာချက်ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင်ဂန်ဘာရီကတဆင့် ပေးပို့ခဲ့တာပါ။

သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စွပ်စွဲထားသလို အလုံးစုံပျက်သုဉ်းရေးနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးဆီ ဦးတည်နေတာ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ပေါက်လာစေရေးအတွက်သာ အားထုတ်ကြိုးပမ်းနေတယ်ဆိုတဲ့ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်ထဲမှာ အလေးအနက် ထည့်သွင်းပြောထားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားလုံးတွေက ခေါင်းမာတဲ့ ဗိုလ်ချုပ်တွေအပ်ါမှာ မဆိုစလောက်ဘဲ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပျော့ပျော့ပြောင်းပြောင်း ပုံစံမျိုးလုပ်ပြီး အမှတ်ယူခဲ့တာ မနှစ်က တခါပဲ ရှိပါတယ်။ အဲဒါကတော့ သူ့အိမ်ကို ရေကူးပြီးရောက်လာတဲ့ အမေရိကန်နိုင်ငံသားကို လက်ခံခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်သုံးနှစ် အပြစ်ပေးတုန်းကပါ။ သူ့ပြစ်ဒဏ်ကို တရားသူကြီးက ဖတ်ကြားပြီး မကြာခင်မှာဘဲ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်ထဲ ၀င်လာပြီးတော့ ဗိုလ်ချုပ်မှူးကြီးပါးလိုက်တဲ့ အမိန့်စာကို ဖတ်ပြခဲ့ပါတယ်။ အဲဒီအမိန့်စာမှာပါတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တာမို့ သူ့အပြစ်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်တယ် ဆိုတာပါပဲ။

အဲဒီအဖြစ်အပျက်က ပြီးခဲ့တဲ့ ၁၇ လမှာ ဖြစ်ခဲ့တာပါ။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်ရတော့မယ့် အချိန်ရောက်လာပါပြီ။ ဒါပေမယ့် သူ့ကိုလွှတ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးက ဆုံးဖြတ်ချက်ချပြီး မပြီး မသေချာသေးပါဘူး။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုရင်တောင်မှပဲ ရန်သူကို သဘောထားကြီးကြီးနဲ့ လွှတ်ပေးတာမျိုးမဟုတ်ဘဲ နိုင်ငံအရေးအရ အသေအချာတွက်ချက်ပြီးမှ လွှတ်ပေးလိုက်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

နှစ်ဘက်စလုံးက လက်ရှိအခြေအနေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတဲ့အပေါ် လူတော်တော်များများက စောင့်ကြည့်နေကြမှာပါ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုရင် အနောက်နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက အမှတ်ဝင်ယူကြမယ့် အသံတွေကို ကြားကြရပါလိမ့်မယ်။ အမှန်တကယ် တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်လို့တော့ မျှော်လင့်စရာမရှိပါဘူး။

နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ မြန်မာပြည်အတွက် တကယ်လက်တွေ့ အသုံးကျတဲ့အရာတခုခု လုပ်ချင်တယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း လွတ်မြောက်ဖို့အတွက် မတောင်းဆိုသင့်ပါဘူး၊ လက်ရှိအကျဉ်းကျနေတဲ့ ရဟန်း၊ သီလရှင်အပါး ၂၀၀ ကျော်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်ဖို့အတွက်ပါ တောင်းဆိုသင့်ပါတယ်။ ဒီတောင်းဆိုချက် မပါဘူးဆိုရင်တော့ မြန်မာပြည်လွတ်မြောက်ဖို့ ကြိုးပမ်းချက်တွေအားလုံးဟာ အဓိပ္ပာယ်မဲ့ နေပါလိ့မ်မယ်။ ။

No comments:

Post a Comment