Thursday, October 7, 2010

သံတွဲထောင် အကျဉ်းသား နေရာများကို ထောင်အာဏာပိုင်များက ရောင်းစား

နိရဉ္စရာ

သံတွဲထောင်တွင် အကျဉ်းသားများ၏ အိပ်ရာ နေရာများကို ထောင်အာဏာပိုင်များက အခကြေးငွေ အများအပြား ယူကာ ထောင်သားများကို ရောင်းစားနေကြောင်း အမျိုးသမီးကြီး တစ်ဦးက ပြောသည်။

“အဒေါ်က အဒေါ့်ယောင်္ကျားကို လွန်ခဲ့တဲ့ အပတ်က သွားတွေ့တယ်လေ။ သူက ပြင်ပ မီဒီယာတွေကို ပို့ပေးပါဆိုပီး စာတစ်စောင် ပေးလိုက်တယ်။ စာထဲမှာတော့ ထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ထောင်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စာထဲမှာ ရေးထားတယ်လေ”ဟု ပြောသည်။

အဆိုပါ စာထဲတွင် ထောင်ပိုင်၊ ထောင်မှူးများသည် တန်းစီးများနှင့် ပူးပေါင်းပြီး ထောင်ထဲတွင် ထောင်သားများကို အိပ်စရာ နေရာများကို ရောင်းစားနေကြောင်း၊ အိပ်ရာကောင်းကောင်း တစ်နေရာကို ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ ထိပေးရပြီး ငွေကြေးတတ်နိုင်သူများက ၀ယ်ယူနိုင်သော်လည်း မ၀ယ်ယူနိုင်သူ ဆင်းရဲသား ထောင်သားများကို နေရာကောင်းများက ဖယ်ရှားကာ ညစ်ပတ်ပေရေ နေသော အိမ်သာများ အနီးသို့ ရွှေ့ပြောင်းထားရှိကြောင်း၊ အများစုထောင်သားများမှာ ထောင်ထဲတွင် နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခံနေရပြီး နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေမှာ အထူး ဆိုးရွားကြောင်း ဖေါ်ပြထားသည်ဟု သူမက ပြောသည်။

၎င်းပြင် သူမက “အဒေါ့်ယောင်္ကျားက ငွေမပေးနိုင်တော့ သူ့ကိုလည်း အိမ်သာရှိတဲ့ နေရာနားကို ရွှေ့လိုက်တယ်လို့ ပြောတယ်။ စားရတာကလည်း အဆင်မပြေတဲ့ အတွက် ငပိနဲ့ ငါးခြောက်တွေ ပို့ပေးဖို့ ပြောပါတယ်” ဟု ပြောသည်။

သံတွဲထောင်ထဲတွင် စားရသောက်ရသည်မှာလည်း အဆင်မပြေကြောင်းနှင့် ထမင်း မ၀သည့် အပြင် အချိန်လွန်ပဲများကို ၀ယ်ယူ ချက်ကျွေးနေကြောင်း သိရသည်။

“ဒါ့အပြင် သူက ဘာပြောလဲ ဆိုရင် ထောင်အာဏာပိုင်တွေက ထောင်ဝင်းထဲမှာ ၀က်တွေ မွေးထားတယ်လို့ ပြောတယ်။ အဲဒီ ၀က်တွေ မွေးမြူရေးကိုလည်း ထောင်သားတွေက သွားရောက် လုပ်ကိုင်ပေးရပြီး ထောင်ကထွက်တဲ့ စားကြွင်း စားကျန်တွေနဲ့ ထောင်စားဖိုက ထမင်းရည်တွေကို နေ့စဉ် နေ့တိုင်း သွားကျွေးရတယ်လို့ ပြောပါတယ်” ဟု သူက ဆက်ပြောသည်။

သံတွဲထောင်ထဲတွင် ယခုအခါ အကျဉ်းသား ၈၀၀ ခန့်ရှိပြီး ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၀ နီးပါးခန့် ရှိကြောင်း သိရသည်။

No comments:

Post a Comment