Saturday, October 23, 2010

ခေတ်မကောင်းလို့ ရူးချင်ယောင် ဆောင်တယ်မှတ်

ရန်ကုန်သားတာတေ


ရွေးဂေါက်ပွဲကြီး နီးကပ်လို့ လာချေပြီ။ သတင်းထောက်များ၊ လေ့လာ လိုသူများကို လုံးဝ အနားကပ် မခံသော၊ သို့သော် ပွင့်လင်းမြင်သာ လွတ်လပ်မှု ရှိနင်းကီးသည် ဆိုသော အနှီ ရွေးဂေါက်ပွဲကြီးကို လေ့လာရန် အသင့်လျော်ဆုံးသောသူမှာ ဦးရုက္ခစိုးသာ ဖြစ်သည်ဟု မဲမခွဲဘဲ ဆုံးဖြတ်ချက်တထိုင်တည်းချလိုက်သူက သတင်းထောက် ဖိုးရှုပ်ဖြစ်သည်။

့ကြောင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးသည်လည်း အဲဇလုံမစီးဘဲ မြန်မာပြည်သို့ နတ်တို့တန်ခိုးဖြင့် နှစ်ဆတိုးကာ ခရီးပျော့ နှင်လိုက်ရလေတော့သည် (စကားချပ် - နတ်တန်ခိုးနှင့် ဖြစ်သောကြောင့် ခရီးက မပြင်းဘဲ ပျော့သွားခြင်း ဖြစ်သည်)

ဦးရုက္ခစိုး အရင်ဆုံး တွေ့လိုက်ရသူက ရန်ကုန်အခြေစိုက် ကွမ်းယာသည် တာတေ ဖြစ်၏။

တာတေ။ ။ ဟရေး … အဘ … ကွမ်းယူမလား။ ဗမာဆေး၊ အာမွှေး၊ နိုင်တီတူး၊ ဟန်ဒရက် အကုန်ရတယ်နော်။ တာတေ့ကွမ်းဆိုင်က ကွမ်းသီးလည်းကောင်းတယ်။ ကွမ်းရွက်လည်း ကောင်းတယ်။ အကုန်ကောင်းတယ်။

ရုက္ခစိုး။ ။ မစားတော့ပါဘူး တာတေရယ်။ ဒါနဲ့ မကြာခင် ကျင်းပမယ့် ရွေးဂေါက်ပွဲကို သိလား။

တာတေ။ ။ သိသားပဲ။ အဘကလည်း။ တာတေ့ကိုများ သံပုရာသီး မှတ်နေလား။ ရွေးဂေါက်ပွဲကျရင် တာတေ မဲထည့်ရမယ်လေ။

ရုက္ခစိုး။ ။ မဲမထည့်ဘဲလည်း နေလို့ရပါတယ်ကွာ။

တာတေ။ ။ တာတေကို လျှာလာမရှည်ပါနဲ့ အဘရယ်။ သိပါတယ်။ တာတေ မဲမထည့်ရင် တာတေ့မဲက တခါတည်း … အလိုလို ကြံ့ဖွံ့ ထောက်ခံမဲ ဖြစ်တွားမယ် အဘ။

ရုက္ခစိုး။ ။ အောင်မယ် … တယ်ဟုတ်ပါလား။ ဒါဆို မင်းက ဘယ်သူ့ကို မဲထည့်မှာလဲ။

“သူတို့ မဟုတ်ရင်ပြီးရော … ဘယ်သူ့ကိုမဆို မဲထည့်မှာပေါ့ အဘရယ်” ဟု တာတေကပြောရင်း ကြံ့ဖွံ့ ဆိုင်းဘုတ်ကြီး တခုကို လက်ညှိုးထိုးပြလိုက် လေသည်။ ထိုဆိုင်းဘုတ်ကြီးနောက်မှ “ဘာကွ” ဟု အသံနက်ကြီးနှင့် အော်ရင်း ထွက်လာသူမှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းပျင်း ဖြစ်သည်။

တာတေ။ ။ ဟာ … မြို့တော်ဝန်ကြီး။

အောင်သိန်းပျင်း။ ။ မင်း … ကွမ်းယာဆိုင် ပိတ်လိုက်ချင်လား။ အခု ဈေးရောင်းနေတာ စည်ပင်နယ်နိမိတ်ထဲမှာ ဆိုတာ မသိဘူးလား။

တာတေ။ ။ ဟုတ် … ဟုတ်ကဲ့ သိပါတယ်။ ဒါ … ဒါပေမယ့် ချွန်ဒေါ် အခွန်ပေးတယ်လေ။

အောင်သိန်းပျင်း။ ။ လျှာမရှည်နဲ့ … မင်းရဲ့ ကွမ်းယာဗန်းအတွက်ပဲ အခွန်ပေးထားတာ၊ မင်းဗန်းနားမှာ အိပ်နေတဲ့ ခွေးဝဲစားအတွက် အခွန်မပေးဘူးလေ။ ဒီတော့ … မင်းကို စည်ပင်ဥပဒေနဲ့ ဖမ်းချုပ်လိုက်လို့ရတယ် သိလား။

တာတေ။ ။ ဟုတ် … ဟုတ်ကဲ့။ ကြောက်ပါတယ်။

အောင်သိန်းပျင်း။ ။ ဒါဆိုရင် မင်းစကားကို မင်းပြန်ပြင်ပြောလိုက်။

တာတေ။ ။ ကြံ့ဖွံ့ကလွဲရင် … အဲ … ကြံ့ဖွံ့ကိုပဲ မဲထည့်ပါမယ်။

အောင်သိန်းပျင်း။ ။ အေး ဒီလိုမှပေါ့။ ငါ ဟိုဘက်က ဆိုက်ကားသမားတွေ၊ လမ်းဘေးဈေးသည်တွေဆီကို မဲထည့်ဖို့ ဖိအား သွားပေးလိုက် ဦးမယ်။

ပြောပြောဆိုဆိုနှင့် ဦးအောင်သိန်းပျင်း ဘောက်ဆတ် ဘောက်ဆတ် လျှောက်ထွက်သွားသည်။

ရုက္ခစိုး။ ။ မောင်တာတေရယ်။ မင်းပြောတော့ သူတို့မဟုတ်ရင်ပြီးရော ဆို။ အခု ဟို လမ်းတခြမ်းခင်း အောင်သိန်းပျင်းက ဟိန်းဟောက်လိုက်တော့လည်း ချက်ချင်းကြီး မဲထည့်မယ် ဖြစ်သွားပါလား။

တာတေ။ ။ အဘကလည်း ပိန်းလိုက်တာနော်။ သူ့ရှေ့တော့ ဒီလိုပဲ ကျေနပ်အောင် ပြောရတာပေါ့ဗျ။ အရူးတွေ စိတ်ချမ်းသာရင် ကမ္ဘာကြီးတခြမ်း အေးချမ်းတယ်နော် အဘ။ အရူးတွေကို ဒီလိုပဲ စိတ်ချမ်းသာအောင် ပြောရတယ် သိလား။

ရုက္ခစိုး။ ။ ကောင်းကွာ။ မင်းကိုပဲ ဆရာတင်ရတော့မှာပဲ။

ထိုစဉ် အလုပ်သမားဝန်ကြီး ဦးကြောင်စီစီ တယောက် တိုက်ပုံအဖြူ၊ ပုဆိုးအစိမ်း၊ ခေါင်းပေါင်းစ တလူလူဖြင့် ကွမ်းယာ ဆိုင်နား ရောက်လာပြန်သည်။

ကြောင်စီစီ။ ။ ဟဲ့ တာတေ။ မင်းဆိုင်မှာ အလုပ်သမား ဘယ်နှယောက် ရှိလဲ။

တာတေ။ ။ တယောက်မှ မရှိဘူးလေ။ ကွမ်းယာဆိုင်မှာ ဘာလို့ အလုပ်သမား ထားရမှာတုန်း ဝန်ကြီးရယ်။

ကြောင်စီစီ။ ။ မင်း ပင်ပန်းမှာစိုးလို့ ပြောတာပါကွာ။ တကယ်လို့များ မင်းမှာ အလုပ်သမားတွေဘာတွေ ရှိတယ်ဆိုရင် သူတို့အတွက် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရအောင် ငါက လုပ်ပေးမလို့ပါ တာတေရဲ့။

တာတေ။ ။ အခုကော ဝန်ကြီး။

ကြောင်စီစီ။ ။ မပူပါနဲ့ တာတေရယ်။ အခုလည်း မင်းက မင်းဆိုင်မှာ အလုပ်သမားပဲဟာ။ မင်းကို အလုပ်သမားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရဖို့ ငါ လုပ်ပေးမှာပေါ့။

တာတေ။ ။ ဟာ ဟုတ်လား။ ဘယ်လိုများ လုပ်ပေးမှာလဲခင်ဗျ။

ကြောင်စီစီ။ ။ အလုပ်သမားတယောက်ဟာ တနေ့ကို ၈ နာရီထက်ပိုပြီး အလုပ်လုပ်စရာမလိုဘူးလေ။ ဒီတော့ မင်းလည်း မင်းဆိုင်ကို တနေ့ ၈ နာရီပဲ ဖွင့်ပေါ့။

တာတေ။ ။ ဟာ … ကွမ်းယာဆိုင်ကို တနေ့ ၈ နာရီပဲဖွင့်ရင် ချွန်ဒေါ့် ဖောက်သည်တွေ သူများလက် ပါတွားမယ်လေ ဝန်ကြီး။ မဖြစ်ဘူး။ မဖြစ်ဘူးနော်။

ကြောင်စီစီ။ ။ ဟေ ဟုတ်လား။ အေးကွာ … ဒါဆိုလည်း ရပါတယ်။ ငါက ဆက်ဆံရေး ဝန်ကြီးဆိုလည်း ဟုတ်တယ်ကွ။ မင်းနဲ့ နေ့စဉ် ဆက်ဆံနေရတဲ့ ဖောက်သည်တွေကို ခါတိုင်းထက် ကွမ်းပိုစားဖို့ ငါပြောပေးမယ် ကြားလား။

တာတေ။ ။ ဟာ ကောင်းတယ် ဝန်ကြီး။ အဲဒါတော့ ရှယ်ပဲ။

ကြောင်စီစီ။ ။ အေး … ဒါဆို ကြံ့ဖွံ့ကိုပဲ မဲထည့်နော်။

တာတေ။ ။ ခညာ ...။ ဟို … ဟိုဒင်း။

ကြောင်စီစီ။ ။ ဒီမှာ တာတေ။ ဒီလမ်းပေါ်မှာ ပြည်သူလူထုနဲ့ တသားတည်းရှိခဲ့တာ ဘယ်သူလဲ။

တာတေ။ ။ ချွန်ဒေါ်ပါ ဝန်ကြီး။ ချွန်ဒေါ့်ကွမ်းယာဗန်းနဲ့ လွတ်တဲ့ ပြည်သူလူထု မရှိသလောက်ပါပဲ။ ပလက်ဖောင်းက ကျဉ်းတော့ လျှောက်တဲ့သူတိုင်း ဝင်ဝင် တိုက်သွားလို့ ဗန်းထောင့်လေးတွေတောင် တုံးနေပါပြီ။

ကြောင်စီစီ။ ။ ပေါက်တတ်ကရ မပြောစမ်းနဲ့ကွာ။ ပြည်သူလူထုနဲ့ တသားတည်း ရှိခဲ့တာ ငါတို့ကွ။

တာတေ။ ။ ဘယ်တုန်းက ရှိခဲ့တာလဲ ဝန်ကြီး။ ချွန်ဒေါ်တော့ ဝန်ကြီးကို အခုမှပဲမြင်ဖူးတယ်။ ဒါတောင် ဟို ဆိုင်းဘုတ်ကြီးတွေမှာပါတဲ့ ဓာတ်ပုံကို မြင်ဖူးထားလို့ ဝန်ကြီးမှန်းသိတာ။

ကြောင်စီစီ။ ။ ဟာ ငါတို့က ပြည်သူနဲ့ တသားတည်း ရှိတယ်ဆို ရှိတယ်ပေါ့တာတေရာ။ လျှာမရှည်စမ်းပါနဲ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဘလို့ ….။

“အစကပြောတော့ တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင် အဘ ဆို။ ချက်ချင်းကြီး ဘယ်လိုက ဘယ်လို ပြည်သူလူထု ဖြစ်သွားတာလဲ” ဟု ဦးရုက္ခစိုးက စကားဖြတ်ပြောလိုက်သည်။

ကြောင်စီစီ။ ။ ခက်ပါလားဗျာ။ ဟိုမှာ ကျနော်တို့ ဆိုင်းဘုတ်ကြီးတွေကို ကြည့်လိုက်စမ်းပါ။ ဘယ်လို ရေးထားလဲဆိုတာ။

တာတေက ဆိုင်းဘုတ်ကို သေသေချာချာ ကြည့်သည် ...။

တာတေ။ ။ စာလုံးတွေက သေးတော့ သိပ်မမြင်ဘူးဝန်ကြီး။ ကျနော်မြင်တာတော့ ဝန်ကြီး ညာချတာပဲ မြင်တယ်။ အခုတော့ ဝန်ကြီးတို့က နေရာတကာ ညာချနေတာပဲနော်။

ကြောင်စီစီ။ ။ ဘာကွ။

တာတေ။ ။ ချွန်ဒေါ်ပြောတာက ဝန်ကြီးဓာတ်ပုံကို ပြောတာပါ။ ခေါင်းပေါင်းစက ညာချထားတယ်လေ။ အဲဒီ ဆိုင်းဘုတ်တွေကလည်း နေရာတကာပဲလို့ ပြောတာပါ။

ကြောင်စီစီ။ ။ အဲဒီလိုလုပ်ပါ တာတေရဲ့။ ကဲ ငါ သွားလိုက်ဦးမယ်။ ကြံ့ဖွံ့ကိုပဲ မဲထည့်ရမယ်နော်။

တာတေ။ ။ စိတ်ချဝန်ကြီး။ ကြံ့ဖွံ့ကလွဲရင် ထည့်ပါမယ်။

ဝန်ကြီး ဦးကြောင်စီစီမှာ တာတေ့ပြောစကားကို သေသေချာချာ မကြားဘဲ ခေါင်းတညိတ်ညိတ်နှင့် ကွမ်းယာဗန်းနားက ထွက်ခွာသွားသည်။

ရုက္ခစိုး။ ။ မင်းလည်း တော်တော်တတ်နိုင်တာပဲနော် တာတေ။

တာတေ။ ။ ချွန်ဒေါ်တင်မကဘူး အဘ … ခုနက ဝန်ကြီးပြောသွားတဲ့ ပြည်သူလူထုနော်။ အကုန်သိတယ်။ မသိဘူး ထင်မနေနဲ့ ...။ ခေတ်မကောင်းလို့ ရူးချင်ယောင် ဆောင်နေတာ။ သဘောပေါက်။

ရုက္ခစိုး။ ။ တယ်ဟုတ်ပါလား။ ငါ့ကိုကော သိလား။

တာတေ။ ။ ဘာလို့မသိရမှာလဲ။ ချင်းမိုင်က ရုက္ခစိုးလေ။ မဲရုံတွေ လာလေ့လာတာ မဟုတ်လား။ ကွမ်းယာ တရာဖိုးလောက်များ ရောင်းရမလားလို့ မသိချင်ယောင်ဆောင်ပြီး အဘ၊ အဘ နဲ့ နှုတ်ဆက်နေတာ။ အကောင်း ထင်မနေနဲ့။ ကွမ်းမဝယ်ရင် ဒီနားကနေ ဒိုးတော့။ နတ်တွေဘာတွေ နားမလည်ဘူးနော်။

ကွမ်းသီးညှပ်နှင့်ရွယ်ကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သော တာတေ့စကားကြောင့် ဦးရုက္ခစိုးမှာ အထိတ်တလန့်နှင့် ကွမ်းယာဗန်းနှင့် ဝေးရာသို့ ခရီးပျော့ အသော့နှင်ခဲ့ရ လေတော့သတည်း။ ။

No comments:

Post a Comment