Wednesday, October 6, 2010

ကျားဖြူစည်းရုံးရေးကြောင့် ပင်လုံဒေသခံအချို့စစ်ဆေးခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အတွင်း ကျားဖြူပါတီ စည်းရုံးရေးဆင်းစဉ် ဒေသခံအချို့ စရဖများ၏ စစ်ဆေးမေးမြန်းခြင်း ခံရကြောင်း စုံစမ်းသိရှိရသည်။

“အောက်တိုဘာ ၃ ရက်က ရပ်ကွက် ၂ မှာ ကျားဖြူပါတီ စည်းရုံးဟောပြောတယ်။ ၄ ရက်နေ့ မွန်းလွဲပိုင်းရောက်တော့ စရဖ တွေက လူစုလူဝေးလက်ခံတဲ့ အိမ်ရှင်ကို သွားစစ်ဆေး တာ။ မျိုးရိုး၊ မိဘအမည်၊ ဘ၀ဇာတ်ကြောင်း အစုံအစေ့ဘဲတဲ့။ အဲ့ဒါ ကြောင့် လူအချို့ လန့်နေကြတယ်” သွားရောက်နားထောင်သည့် ခေတ်ပညာတတ် လူငယ်တဦးကပြော၏။

အဆိုပါ စရဖ သွားရောက်စစ်ဆေးသည်မှာ ကျားဖြူပါတီငှားထားသည့် အသက် ၅၀ ကျော်ကိုအုန်းခိုင် နှင့် ကိုဖေမြင့် တောင်ရိုး အမျိုးသား ၂ အိမ် အပါအ၀င် အခြားသျှမ်း ၁ အိမ် ဖြစ်သည်။

“ကျားဖြူ အီးစီတွေက - ရွေးကောက်ပွဲဥပဒေအတိုင်း ကြိုတင်အကြောင်းကြားတာဘဲ။ ဘာကြောင့်ခုလို လိုက်စစ်ဆေးနေ တာလဲ။ နောက်တခါ အဲလိုထပ်လုပ်တာတွေ့ရင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရလိမ့်မယ်- လို့ စရဖကို တိုင်တော့ သူတို့က - အထက်အမိန့်အရ မေးမြန်းရတာပါ။ နောက်တခါမဖြစ်စေရပါဘူး - လို့ ပြန်ပြောတယ်” - ဟုအဆိုပါလူငယ်က ဆက်ပြော၏။

အိမ် ၃ အိမ်အားသွားရောက်စစ်ဆေးမေးမြန်းခဲ့သော စရဖအရာရှိအား ကျားဖြူပါတီက စုံစမ်းလျက်ရှိကြောင်း သျှမ်းပြည် အရှေ့ပိုင်းရောက် ကျားဖြူပါတီ စည်းရုံးရေးမှူး တဦး ကလည်း ပြောပြသည်။

“ကျနော်တို့က စက်တင်ဘာလ ၂၅ ရက်ကတည်းက ပင်လုံဖက်မှာ စည်းရုံးရေးစဆင်းလာတာ၊ နေ့လည်ပိုင်းဆိုရင် ကျေး လက် တွေမှာ၊ ညပိုင်းဆိုရင် မြို့ပေါ် ရပ်ကွက်တွေမှာ စည်း ရုံးဟောပြောတယ်။ ရွေးကောက်ပွဲမှာ မိမိအခွင့်အရေး ရဲဝံ့စွာ အပြည့်အ၀ သုံးတတ်ဖို့နဲ့ ဖွဲ့စည်းပုံ ဥပဒေ အကြောင်းတွေပါဘဲ” ဟု ၄င်းကပြော၏။

ထူးခြားသည်မှာ အောက်တိုဘာ ၁ ရက်က ကွယ်လွန်ခဲ့သော ပင်လုံမြို့နယ် ကျားဖြူပါတီ၏ နာယက စိုင်းသိန်းဦး (အသက် ၅၉ နှစ်) မကွယ်လွန်မီ ၂ ရက် ၃ ရက်အလို “ကျနော်တော့ရွေးကောက်ပွဲကို မမီတော့ဘူး။ ခင်ဗျားတို့အားလုံး ကျားဖြူပါတီ အတွက် မဲထဲ့ပေးကြပါ” ဟူသော မိမိဆွေမျိုးသားချင်းနှင့် အိမ်နီးနားချင်းများအပေါ် အမှာစကားမှာ ကျားဖြူပါတီဝင်များ အတွက် စိတ်ဓါတ်ခွန်အားဖြစ်စေကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေအရ ပင်လုံမြို့တွင် ကျားဖြူ ပါတီကို ကြံ့ဖွတ် ပါတီ က အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ကျားဖြူပါတီကို ထောက်ခံသည့် ပင်လုံဒေသခံတဦးက ပြောပြသည်။

No comments:

Post a Comment