Thursday, October 21, 2010

လမ်းကင်းဂိတ်စောင့်ပုလိပ်များအားလုံးဆုတ်ခွါရန်မိုင်းနောင်စကခ ၂ ညွှန်ကြား

မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်အခြေစိုက် စစ်ဆင်မှုကွပ်ကဲရေးဌါနချုပ်အမှတ် (၂) က လမ်းကင်း ဂိတ် စောင့်ပုလိပ်များအားလုံးဆုတ်ခွါရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရပါသည်။

မိုင်းနောင်လမ်းကင်းဂိတ်တွေမှာ စောင့်တဲ့ပုလိပ်တွေကိုဘဲ ဆုတ်ခိုင်းတာမဟုတ်ဘူး။ လဲချား၊ မိုင်းကိုင်၊ ကျေးသီးနဲ့ မိုင်းရှုး လမ်းဂိတ်တွေမှာစောင့်တဲ့ အင်အားချိနဲ့ပုလိပ်တွေအားလုံးဆုတ်ခိုင်းတာ” ဟု မိုင်းနောင်ဒေသခံတစ်ဦးက ပြောပါ သည်။

အောက်တိုဘာ ၁၇ ရက် မိုင်းနောင်မြို့နယ်ခွဲ၌ လမ်းကင်းဂိတ်စောင့်နအဖရဲတပ်ဖွဲ့နှင့် သျှမ်းစစ်သားဟုယူဆရသော နွား ကျောင်းသားဟန်ဆောင်လူတစ်စုအကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး နောက်တစ်နေ့ ၁၈ ရက်၌ ဆုတ်ခွါရန် ညွှန်ကြားခြင်းဖြစ်သည် ဟု ၎င်းကဆက်လက်ပြောပါသည်။

“အခုရဲတပ်တွေဆုတ်ခိုင်းတာ SSA တောင်ပိုင်းလှုပ်ရှားတဲ့နယ်မြေတွေမှာတင်မက SSA မြောက်ပိုင်းလှုပ်ရှားတဲ့ နယ်မြေမှာ လဲဆုတ်ခိုင်းတော့ နအဖကနှစ်ဖွဲ့စလုံးကိုသတိမူရန်ဆောင်နေတဲ့သဘောရှိတယ်။ မနှစ်တုန်းကလို စစ်တပ်တွေ ဆုတ်ခိုင်း ပြီး ရွာတွေရွေ့ပြောင်းခိုင်းတာမျိုးဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါသည်။

၂၀၀၉ ဂျွန်လိုင်လနှောင်းပိုင်း လဲချား-မိုင်းကိုင်အကြား SSA တောင်ပိုင်းနှင့် လမ်းကင်းဂိတ်စောင့်နအဖစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွါးပြီးနောက် နအဖစစ်တပ်အားလုံးဆုတ်ခွါရန် အမိန့်ချခဲ့သည်။ ထို့နောက် လဲချား၊ မိုင်းကိုင်နှင့် မိုင်းနောင် မြို့နယ်ရှိ ရွာပေါင်း ၅၀၀ ခန့်ကို နအဖကရွေ့ပြောင်ခိုင်းခဲ့သည်။

No comments:

Post a Comment