Sunday, October 31, 2010

နာဂစ် ဖွဲ့စည်းပုံနှင့် ဂီရိ ရွေးဂေါက်ပွဲ

ရန်ကုန်သားတာတေ

ဖိုးရှုပ်။ ။ ဦးရုက္ခစိုး … ကြည့်စမ်းပါဦး။ နေပြည်တော် မီးလောင်နေပြီထင်တယ်။

ရုက္ခစိုး။ ။ မဟုတ်ဘူးဟ။ ချိုကုပ်ဒူးကြီး စတိတ်ရှိုးဆိုမလို့ မီးခိုးမှိုင်းတိုက်တာ ဖြစ်မယ်။

ကြွက်စုတ်။ ။ ဟာ မဖြစ်နိုင်ဘူး။ မီးလောင်တာနေမှာ။ မဖြစ်သေးပါဘူး။ ရေနဲ့ ဝိုင်းပက်ပြီး ငြှိမ်းပေးလိုက်ဦးမှ။

ပြောပြောဆိုဆိုနှင့် ကြွက်စုတ်မှာ နီးရာ ရေကန်မှရေကို တွေ့ရာ ရေပုံးဖြင့်ခပ်၍ မီးခိုးများပိတ်မှောင်နေရာသို့ “ဗွမ်း” ခနဲ လှမ်းပက်လိုက်သည်။

“အောင်မလေး သင်္ကြန်ကျပြီလားဟ” ဆိုသည့်အသံနက်ကြီး ထွက်လာရာသို့ ကြည့်လိုက်ရာ ရေများဖြင့်စိုရွှဲနေသော ချိုကုပ်ဒူးကြီး ဖြစ်နေလေသည်။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ မီးခိုးမှိုင်းတိုက်ပြီး ဘာတွေလုပ်နေတာလဲဗျ။

ချိုကုပ်။ ။ ဟား … ခင်ဗျားတို့ကတော့ လုပ်ချလိုက်ပြန်ပြီဗျာ။ ဒီမှာ အလံဟောင်း မီးရှို့ပွဲ ကျင်းပနေတာဗျ။ တော်တော်ရှုပ်တဲ့ နတ်နဲ့ လူတွေပဲ။

ကြွက်စုတ်။ ။ မသိဘူးလေ၊ နေပြည်တော် မီးလောင်နေတယ် ထင်လို့ စေတနာနဲ့ ဝင်ငြှိမ်းပေးတာ။ စိတ်မရှိပါနဲ့နော်။

ချိုကုပ်။ ။ စိတ်ရှိတာတွေ မရှိတာတွေ အသာထား ...။ အခု ကျုပ် ယတြာတော့ အပျက်မခံနိုင်ဘူး။ မီး ဆက်ရှို့ရမှာပဲ။

ချိုကုပ်ဒူးကြီးက လက်အုပ်ချီ၍ ဆိုင်ရာပိုင်ရာများထံ ပွစိပွစိနှင့် တောင်းပန်ပြီးနောက် မီးလောင်လက်စ ရေများ စိုရွှဲနေသည့် အလံဟောင်းများကို မီးထပ်ရှို့ဖို့ ကြိုးစားနေသည်။ ချိုကုပ်ဒူးကြီးကို အသေအချာ ကြည့်နေသော ဖိုးရှုပ်က ထအော်သည်။

ဖိုးရှုပ်။ ။ ဟာ ချိုကုပ်ဒူးကြီး … ပြောင်ပြောင်လက်လက် … လေးတေးတေးတွေချိတ်လို့ … ဘယ်လို ပြန်ဖြစ်ရတာတုန်းဗျ။

ကြွက်စုတ်။ ။ ဟုတ်တယ် ဟုတ်တယ် … ကျနော်လည်း အခုမှ သတိထားမိတယ်။ ချိုကုပ်ဒူးကြီးက ဘောင်းဘီကြီးနဲ့ပါလား။

ချိုကုပ်။ ။ ခင်ဗျားတို့ ဘယ်လိုဖြစ်နေကြတာလဲ။ ကိုယ့်ဘာသာ အလံမီးရှို့တာကိုလည်း ရေနဲ့လာပက်လိုပက် … အခုလည်း ဘောင်းဘီဝတ်တာကို ပြောပြန်ပြီ။

ရုက္ခစိုး။ ။ ဟုတ်တော့လည်း ဟုတ်တာပဲ ချိုကုပ်ဒူးကြီးရယ်။ ဟိုတလောကပဲ စွပ်ကျယ်ကြီးနဲ့ ပုဆိုးကြီး မနိုင်မနင်း ဝတ်လို့ ငြိမ်နေပြီးတော့၊ တာတေ့ စာတွေထဲတောင် ခင်ဗျားကို မတွေ့တာ ၂ လလောက်ရှိပြီ ဥစ္စာ။

ချိုကုပ်။ ။ ခက်ပါလား ဦးရုက္ခစိုးရယ်။ ဒါတွေက အကွက်တွေဗျ၊ အကွက်တွေ။

ဖိုးရှုပ်။ ။ ပွေးကွက်တွေ၊ ညှင်းကွက်တွေလား။

ချိုကုပ်။ ။ မဟုတ်ဘူး … ခရုသင်းကွက်တွေ … အာ … ယောင်ကုန်ပြီ။ ကျုပ်က ဘောင်းဘီချွတ်ပြီ … ကာကွယ်ရေး ချုပ်ချုပ်ကြီး မလုပ်တော့ဘူးလို့ ပြောလိုက်တဲ့အချိန်မှာ ပြည်ပမီဒီယာတွေ အလုပ်ရှုပ်၊ တလောကလုံး အလုပ်ရှုပ် ဖြစ်ကုန်တယ် မဟုတ်လား။

ဖိုးရှုပ်။ ။ ဟုတ်တယ်လေ။ အဲဒီတုန်းက ကျနော်တို့လည်း ပါတာပေါ့။

ချိုကုပ်။ ။ အဲဒါ … အဲဒါပဲ။ အဲဒီလို မီဒီယာတွေ အလုပ်ရှုပ်ကုန်တာ၊ ဗျာများကုန်တာကို ဇိမ်နဲ့ ထိုင်ကြည့်ချင်လို့၊ တမင် သတင်းလွှင့်လိုက်တာ။ ဟားဟား အကုန်ယုံကုန်တာပဲ။

ရုက္ခစိုး။ ။ အဲဒီတုန်းက တာတေကတော့ မယုံပါဘူးဗျာ။

ချိုကုပ်။ ။ တာတေလောက်ကတော့ဗျာ … ပေါတောတောနဲ့ ပေါက်တတ်ကရတွေ လျှောက်ရေးနေတဲ့သူပဲဟာ။ ဂရုစိုက်စရာ မလိုပါဘူး။ အေးဆေးပါ။ အဲဒီတုန်းက ရယ်လိုက်ရတာ။ သတင်းသဲ့သဲ့ လွှင့်ရုံတင်မကဘူး ရုပ်တည်နဲ့ နုတ်ထွက် မယ်ဆိုပြီး လက်မှတ်ပါ ထိုးပေးလိုက်လို့ ကျုပ် အောက်က ချိုကုပ်တွေတောင် အကုန်ယုံသွားရော မဟုတ်လား ဟီဟိ။

ကြွက်စုတ်။ ။ ဒါဖြင့် မဟုတ်ဘူးပေါ့။ အခု ကာကွယ်ရေးချုပ်ချုပ်ကြီး ပြန်လုပ်ဦးမယ်ပေါ့ဟုတ်လား။

ချိုကုပ်။ ။ လုပ်ရမှာပေါ့။ ကျုပ်မလုပ်လို့ ဘယ်သူလုပ်မလဲ။ ကျုပ်က ဘယ်သကောင့်သားကိုများ စိတ်ချရဦးမှာလဲ။ ဦးနေပြင်းလျှောက်ခဲ့တဲ့ လမ်းဟောင်းကြီး ကျုပ်က လျှောက်မလားဗျာ။

ရုက္ခစိုး။ ။ ဟာ … ဒါဆို အဲဒီတုန်းက ကာကွယ်ရေးချုပ်ချုပ်ကြီး ရာထူးကို ပေးလိုက်တဲ့ ဒုတိယချိုကုပ်ကြီး ကိုယ်ရ မြင့်ပြောင် … ဘယ်သွားထားမလဲ။

ချိုကုပ်။ ။ သူလား … သူက နာမည်ပြောင်းသွားပြီဗျ။ အခု ကိုယ်ရမြင့်ပြောင် မဟုတ်တော့ဘူး။ ဆံ့တငံ့ငံ့ မြင့်ပြောင် ဖြစ်သွားပြီ။ ဟီဟိ။

ဖိုးရှုပ်။ ။ နေပါဦး … ချိုကုပ်ဒူးကြီးက နိုင်ငံတော်အလံကို ခပ်တည်တည်နဲ့ ပြောင်းတယ်၊ ကာကွယ်ရေးချုပ်ချုပ်ကြီး ရာထူးကနေ နုတ်ထွက်ပါတယ်ပြောပြီး မြန်မာ့အမှောင်မှာ ကာကွယ်ရေးချုပ်ချုပ်ကြီးဆိုတဲ့ ရာထူးပြန်တပ်တယ်။ ဘာတွေလဲဗျာ။

ချိုကုပ်။ ။ ဘာတွေမှ မဟုတ်ပါဘူး။ ဒါတွေက ယတြာအစီအမံတွေပါ။ ကျုပ်အကွက်တွေ မဟုတ်ဘူး ကွိုင်ကွိုင့် အကွက်တွေလေ။

ကြွက်စုတ်။ ။ သြော် … ဒေါ်ကွိုင်ကွိုင့် ခရုသင်းကွက်တွေကိုး ...။

ချိုကုပ်။ ။ မဟုတ်ဘူး … ဆင်ဖြူတော် ခရုသင်းကွက် … အာ ယောင်ကုန်ပြန်ပြီ။ ခင်ဗျားတို့ တော်တော် ရှုပ်ကြပါလား။ ဒီမှာ ယတြာ အောင်ခါနီးမှ ရေနဲ့လာပက်လို့ ယတြာမအောင်ရင်တော့ အကုန်လုံး ပြန်လျော်ရမှာနော်။

ရုက္ခစိုး။ ။ ဘာအတွက်များ ယတြာခြေနေရတာလဲ ချိုကုပ်ဒူးကြီးရယ်။ ရွေးဂေါက်ပွဲမှာ ကြံ့ဖွံ့နိုင်ဖို့အတွက် အစီအမံတွေက အားလုံး လုပ်ထားပြီးသား မဟုတ်လား။

ချိုကုပ်။ ။ ဒါတော့ ဒါပေါ့ ဦးရုက္ခစိုးရယ်။ ကြံ့ဖွံ့နိုင်ဖို့အတွက် ရှိသမျှ၊ ကြားဖူးသမျှ ကလိန်ကကျစ်ပေါင်းစုံနဲ့ လုပ်တာကလည်း လုပ်တာပေါ့။ အဲဒါတွေကတော့ တပည့်လက်သားတွေနဲ့ လွှဲထားလို့ရပါတယ်။ သူတို့ကလည်း ကြိုးစားကြပါတယ်။ တတ်နိုင် သလောက်လည်း မျက်နှာပြောင်တိုက် မဲဆွယ်ကြရှာပါတယ်။

ဖိုးရှုပ်။ ။ အဲဒါဆိုပြီးပြီ မဟုတ်ဘူးလား။ အလံသစ်တင်တာတို့ အလံဟောင်းမီးရှို့တာတို့ လိုသေးလို့လား။

ချိုကုပ်။ ။ မရဘူး၊ မရဘူး ...။ အဲဒီလို ဟာကွက်မရှိအောင် လုပ်တဲ့ကြားက အမှောင့်ပရောဂဝင်မယ်လို့ ကွိုင်ကွိုင်က အိပ်မက်မက်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာလည်း ပါတာပေါ့။ အဲဒါကြောင့် ဆင်ဖြူတော်တွေ တကောင်ပြီး တကောင်ရအောင် ထုံးသုတ် … အဲ ရှာ ဖမ်းနေရတာ။

ဖိုးရှုပ်။ ။ ဆင်ဆိုလို့ အခုမှ သတိရတယ်။ မြန်မာပြည်မှာ နှာခေါင်းမပါတဲ့ မျောက်မျိုးစိတ်သစ် တခုလည်း တွေ့တယ် ပြောတယ်နော်။

ချိုကုပ်။ ။ ဟုတ်ပါ့၊ ဟုတ်ပါ့။ အဲဒါကြောင့် ကျုပ်အတွက် နည်းနည်းခံသာသွားတာပေါ့ဗျ။ အဲဒါနိမိတ်ကောင်းတယ်။

ကြွက်စုတ်။ ။ ဟင် … မျောက်တွေ့တာနဲ့ နိမိတ်ကောင်းတယ်တဲ့ … ဘာမှလည်း မဆိုင်ဘူး။

ချိုကုပ်။ ။ ဘာလို့ မဆိုင်ရမှာလဲ။ အားလုံးက စပ်ဆက်နေတာဗျ။ စဉ်းစားကြည့်။ မျောက်ဆိုတာ ကြာသပတေးနံလေ၊ ကျုပ်မြှောက်ပေးထားတဲ့ သိန်းဂိန်ရဲ့ ကြံ့ဖွံ့ပါတီ နာမည်အရင်းကလည်း ပြည်ခိုင်ဖြိုးဆိုတော့ ကြာသပတေးနံပဲ။ ဒါ … ပြည်ခိုင်ဖြိုး အင်အားကြီးမယ့် သဘောဆောင်တယ်။

ဖိုးရှုပ်။ ။ ဒါဆို နှာခေါင်းမပါတာ ကျတော့ကော။ ဘာအဓိပ္ပာယ်လဲ။

ချိုကုပ်။ ။ ဒါလား … နှာခေါင်းမရှိရင် အီအီးကျွေးတောင် စားတယ်ဆိုတဲ့စကား မကြားဖူးဘူးလား။ နှာခေါင်းမပါတဲ့ မျောက် ပေါ်တာဆိုတော့ ကျုပ် အီအီးကျွေးတောင် စားမယ့် ပြည်ခိုင်ဖြိုးပါတီက အင်အားကြီးလာမယ်ဆိုတဲ့ သဘောဗျား။

ကြွက်စုတ်က “တော်တော် နံမယ့် သဘောပဲ” ဟု မကြားတကြား ပြောလိုက်သည်။ ချိုကုပ်ဒူးကြီးကတော့ ခပ်တည်တည်နှင့် မကြားချင်ယောင် ဆောင်ကာ အလံဟောင်းမီးရှို့သည့်ကိစ္စကို ဆက်လုပ်နေသည်။ ရေစိုနေသဖြင့် အလံဟောင်းမှာ မီးမတောက်ဘဲ မီးခိုးများသာ အူထွက်လာသည်။

ရုက္ခစိုး။ ။ အဟွတ် … အဟွတ် … တော်ပါတော့ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုတုန်းကလည်း ခပ်တည်တည်နဲ့ ပြောင်လိမ်ပြီး အတည်ပြုခဲ့တာပဲ။ အခုလည်း အဲဒီလိုပဲ လုပ်ဦးမှာပဲဟာ။ မီးမရှို့ပါနဲ့တော့ဗျာ။ ဒီမှာ ချောင်းတွေ ဆိုးကုန်ပြီ … အဟွတ် … အဟွတ် ...။

ချိုကုပ်။ ။ အာ … မရဘူး မရဘူး … ကျုပ်ယတြာတော့ ပြီးအောင်လုပ်မှ ဖြစ်မယ်။ အစီအမံဆိုတာ ဟိုဟာချန် ဒီဟာချန် မလုပ်ရဘူးလေ။ အခုမှ ယတြာက အောင်တယ်လို့ ပြောရရုံရှိသေးတယ်။

ကြွက်စုတ်။ ။ ရွေးဂေါက်ပွဲတောင် မလုပ်ရသေးဘူး။ ယတြာက ဘယ်လိုအောင်တာလဲဗျ။

ချိုကုပ်။ ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လိုက်သွားအောင် ရွေးဂေါက်ပွဲကိုလည်း နာမည် ပေးချင်နေတာလေ။ အဲဒါ အောင်မြင်သွားပြီ။ ကျုပ်ယတြာတွေရဲ့ အစွမ်းပေါ့ဗျ။

ဖိုးရှုပ်။ ။ ဘယ်လို နာမည်လဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ ၂၀၀၈ တုန်းက နာဂစ်ဆိုင်ကလုန်း ဝင်မွှေလိုက်တော့ နာဂစ်ဖွဲ့စည်းပုံ ဖြစ်သွားတယ်မဟုတ်လား။ အခုလည်း မုန်တိုင်းတခု ဝင်အောင်ကျုပ်က ယတြာခြေလိုက်တာ။ ဒါမှ ကျုပ်သမိုင်းမှာ မှတ်တိုင်ကျန်ခဲ့အောင်လို့လေ။ ကျုပ်ရဲ့ ယတြာ အလံသစ်လည်း တလူလူလွင့်ရော တခါတည်း ဂီရိ ဆိုင်ကလုန်းကြီးက ရခိုင်ကို ဝင်မွှေရောမဟုတ်လား။ အခုတော့ နာမည် ပေးလို့ရသွားပြီ။ ဂီရိ ရွေးဂေါက်ပွဲလို့ နာမည်ပေးမယ်။

ရုက္ခစိုး။ ။ နေပါဦး။ လေဘေးသင့်တာက ရခိုင်ဒေသ။ မြန်မာ့အမှောင်ထဲမှာတွေ့တာက ချိုကုပ်ဒူးကြီး ဧရာဝတီတိုင်း နာဂစ်ဒဏ်ခံတဲ့ဒေသတွေကို လှည့်လည်နေတယ်ဆိုပါလား။ တမျိုးပဲနော်။

ချိုကုပ်။ ။ ရခိုင်ဒေသကို မသွားဘူးဆိုတာက ကြောက်တယ်လေ။ ကျုပ်က အပျက်အစီးတွေ၊ ဒုက္ခသည်တွေကို မကြည့်ရဲဘူးဗျ။ ဒါပေမယ့်လည်း နိုင်ငံတော်အကြီးအကဲ လုပ်နေပြီး ဒုက္ခသည်တွေကို သွားမတွေ့ဘူးဆိုရင် မကောင်းပြန်ဘူးလေ။ အဲဒီတော့ ယတြာကြေသွားအောင် ၂၀၀၈ တုန်းက မုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်ဟောင်းတွေကို သွားတွေ့လိုက်တာ။ အဟဲ။

ကြွက်စုတ်။ ။ သြော် ခေါင်းရှောင် ပီသတာပေါ့နော်။ ဒါဆို ဒီအလံဟောင်းတွေ မီးရှို့တာကကော။ ဘာအတွက် ယတြာလဲဗျ။

ချိုကုပ်။ ။ ဘာအတွက်လဲ ဟုတ်လား ...။ တော်တော် စကားများတဲ့ဟာတွေ။ နင်တို့လို နည်းလမ်းပေါင်းစုံနဲ့ ဝင်လာပြီး ရွေးဂေါက်ပွဲကို စောင့်ကြည့်မယ့် ဂျာနယ်လစ်လိုလို၊ NGO လိုလို၊ လူလိုလို၊ နတ်လိုလိုတွေကို အပြုတ်နှံဖို့ဟေ့ သိပြီလား။ ကဲ … ယတြာမစွမ်းသေးခင် အရင်ဆုံး ငါ့ရဲ့ လက်နက်စာ မြည်းထားလိုက် ...။ ပြေးနိုင်မှ လွတ်မယ်ဟေ့နော်။

ချိုကုပ်ဒူးကြီးက ပြောပြောဆိုဆို ခါးကြားမှ လေးခွကိုထုတ်ကာ လောက်စာလုံးများဖြင့် ဆက်တိုက် ပစ်ခတ်သောကြောင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ နေပြည်တော်တွင် ဟိုယောင်ယောင် သည်ယောင်ယောင် မလုပ်ရဲတော့ဘဲ တချိုးတည်း လစ်ခဲ့ရလေတော့သည် …။ ။

No comments:

Post a Comment