Thursday, October 21, 2010

တိုင်းရင်းသားပါတီအား အပြစ်ရှာပယ်ထုတ်ရန်ရှိဟု ဦးသိန်းစိန်ပြော

သျှမ်းသံတော်ဆင့်

နအဖ ၀န်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန် ရဟတ်ယာဉ်ဖြင့် သျှမ်းပြည်မြောက်ပိုင်းသို့ လည်ပတ်စဉ် တိုင်းရင်း သားပါတီအချို့အား အပြစ်ရှာဖယ်ထုတ်ရန် အစီအစဉ်ရှိကြောင်း တီးတိုးပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“အောက်တိုဘာ ၁၇ ရဟတ်ယာဉ်နဲ့ လားရှိုးကိုရောက်တယ်၊ ၁၉ ရက်နေ့အထိ မူဆယ်-နမ့်ခမ်းဘက် ခရီး ထွက်တယ်၊ လားရှိုးရောက်တုန်းက ကြံ့ဖွတ်အမတ်လောင်းတွေနဲ့ တွေ့တယ်” - ဟု အမည်မဖေါ်လိုသည့် လားရှိုးသား USDP ပါတီဝင် တဦးက ပြောပါသည်။

လားရှိုးခရိုင်ရှိ USDP အမတ်လောင်းများအား ၁၇ ရက်နေ့တွေ့ဆုံစဉ် - သျှမ်းပြည်မြောက်ပိုင်း အတွင်း ကျားဖြူပါတီအား အနိုင်ယူရန်မလွယ်ကူကြောင်း၊ ကျားဖြူအားသာသည့် လားရှိုးမြို့အတွင်း၌ပင် ပြည်ခိုင်ဖြိုး အနိုင်ရရန် ၅၀ ရာခိုင်နှုန်းကျော် နိုင်ဖွယ်မရှိကြောင်း သျှမ်းလူမျိုးအများဆုံးနေထိုင်သည့် အချို့မြို့နယ်များတွင် အနိုင်ရရန်ပို၍ပင် ခက်ခဲကြောင်း တင်ပြရာ - ၀န်ကြီးချုပ်ဦးသိန်းစိန်က “ခင်ဗျားတို့စိတ်မပူနဲ့ သူတို့တွေကို တရားမ၀င်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက် ဆက်နွယ်နေ တယ်လို့ ပြော လိုက်ရုံဘဲ” - ဟု ပြောဆိုခဲ့ကြောင်း နီးစပ်တဲ့ပုဂ္ဂိုလ်တဦးကပြောပါသည်။

လွယ်တိုင်းလျဲန်းအခြေစိုက် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှာမူ စစ်အစိုးရ ဦးစီးကျင်းပမည့် ရွေး ကောက်ပွဲ လုံးဝ လက်မခံကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအားလည်း လက်မခံကြောင်း၊ ကြံ့ဖွံ့ ပါတီအတွင်းပါဝင်သည့် သျှမ်း အမျိုးသားများအားလည်း လုံးဝ လက်မခံကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရ လာဒ်ကိုသာလက်ခံကြောင်း မေ ၂၆ ရက် ကတည်းက အတိအလင်း ထုတ်ပြန်ကြေငြာခဲ့ ပြီးဖြစ်ပါသည်။

သျှမ်းပြည်မြောက်ပိုင်းနေ ရပ်မိရပ်ဖတဦးက - နအဖ၏အကြံသည် သိုးငယ်ကို ၀ံပုလွေက ပြဿနာရှာသည့် အီစွပ်ပုံပြင် တပုဒ်အလား ကျင့်ကြံနေကြောင်း ပြော၏။

(မြစ်ညာတွင်ရေသောက်နေသော ၀ံပုလွေက မြစ်ကြေ၌ ရေသောက်နေသော သိုးငယ်အား “မင်း ရေနှောက်အောင်လုပ်လို့ ငါရေမသောက်နိုင်ဘူး”
သိုးငယ်က “အောက်ပိုင်းမှာ ကျနော်သောက်နေတာပါ”
သို့သော်အပြစ်ရှာလိုသော ၀ံပုလွေက “မနှစ်က မင်းငါ့ကို ဆဲဆိုတယ်”
သိုးငယ်က “ကျနော် ဒီနှစ်မှ မွေးတာပါ”
ဝံပုလွေက “မင်းမဟုတ်ရင် မင်းအဖေဘဲ။ ဒီတော့မင်းမှာအပြစ်ရှိတယ်” ဆိုပြီးနာက်ဆုံး သိုးငယ်ကို ကိုက်စား လိုက်တယ်)

No comments:

Post a Comment