Sunday, November 21, 2010

လက်လွန်သွားလို့

ရန်ကုန်သားတာတေ

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေရာ NLD ရုံးချုပ်ရှေ့တွင် လူစုလူဝေးကြီး အုံခဲနေသည်။ ထိုနေရာ အနောက်နားတွင် ချိုကုပ်ဒူးကြီးက မျက်နှာဖုံးစွပ်နှင့် ရုပ်ဖျက်ပြီး ရောက်နေသည်၊ ဦးရုက္ခစိုးလည်း ကိုယ်ဖျောက်ပြီး ရောက်နေသည်။ ဦးရုက္ခစိုးက ချိုကုပ်ဒူးကြီးကို သွားနှုတ်ဆက်လိုက်သည် ...။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီး ဒီနားမှာ ကုပ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ။

ချိုကုပ်။ ။ အောင်မငေး … လန့်လိုက်တာဗျာ။ ဦးရုက္ခစိုးပါလား။ တော်ပါသေးရဲ့။ ဦးရုက္ခစိုးက ကျုပ် ရုပ်ဖျက်ထားတာတောင် မှတ်မိလား။

ရုက္ခစိုး။ ။ သေချာ မှတ်မိလို့တော့ မဟုတ်ပါဘူး။ ချိုကုပ်ဒူးကြီးက မျက်နှာဖုံးစွပ်နဲ့ ခါးတောင်းကလည်း ကျိုက်ထား သေးတော့ သူခိုးနဲ့ တော်တော်တူတာပဲ။ အဲဒါကြောင့် ချိုကုပ်ဒူးကြီးပဲ ဖြစ်မယ်ဆိုပြီး လာနှုတ်ဆက်တာ။

ချိုကုပ်။ ။ ကျုပ်က သူခိုးရုပ် ပေါက်နေလို့လား။

ထိုစဉ် သူတို့နားသို့ လူတဦး ရုတ်တရက် ရောက်လာပြီး ချိုကုပ်ဒူးကြီးကို လက်ညှိုးငေါက်ငေါက် ထိုးကာ “သူခိုးရုပ် ပေါက်တာမဟုတ်ဘူး … ခင်ဗျားက သူခိုးကြီး၊ မဲသူခိုးကြီး။ ပြန်ပေး၊ ကျုပ်တို့ မဲတွေ ခု ပြန်ပေး” ဟု ပြောလိုက်လေသည်။

ချိုကုပ်။ ။ ဟာ … ဟဲလ်မက် ပါတီ ဥက္ကဋ္ဌ။

ဟဲလ်မက်။ ။ ဟုတ်တယ်။ ပြန်ပေး ကျုပ်တို့မဲတွေ။ မပေးလို့ကတော့ တိုင်လို့ရတဲ့ဆီ အကုန် တိုင်မယ်။ ကန့်ကွက်တယ်၊ ရှုတ်ချတယ်။

ချိုကုပ်။ ။ ဟာ … ဘယ်တုန်းက ခိုးလို့လဲဗျာ။ ခင်ဗျားတို့က ရှုံးတာနဲ့ ရှုံးမဲ မဲနေကြတာ။ မပေးနိုင်ဘူး။

“မပေးနိုင်ရင် တရားစွဲမယ်။ ခုံရုံးတင်မယ် … ဥပဒေကြောင်းအရ လုပ်လို့ရတာ အကုန်လုပ်မယ်”

ချိုကုပ်။ ။ အယ် … ဒေါင်းမြီးကျွတ် ပါတီ ဥက္ကဋ္ဌ ပါလား။

ဒေါင်းမြီးကျွတ်။ ။ ဟုတ်တယ်။ ကျုပ်ပဲ။ မဲတွေပြန်မပေးရင် … တရားစွဲမယ်။

ချိုကုပ်။ ။ တရားစွဲချင် စွဲလိုက်လေ။ ၅ သိန်းကုန်ထားတာ မမှတ်သေးဘူးလား။ ခင်ဗျားတို့ တရားစွဲရင် ၁၀ သိန်း ထပ်ပေးရမှာ။ တရားသူကြီးကလည်း ခင်ဗျားတို့ကို ရှုံးတယ်ပဲ ပြောမှာပဲ။ အဲဒီအခါကျ အသရေဖျက်မှုနဲ့ ၃ သိန်း ထပ်ပေးရမယ်။ ရွေးဂေါက်ပွဲတုန်းက အပေါင်ဆုံး ပစ္စည်းတွေတောင် ပြန်ရွေးနိုင်သေးလို့လား။

ချိုကုပ်ဒူးကြီး၏ အပြောကြောင့် ဒေါင်းမြီးကျွတ် ပါတီဥက္ကဋ္ဌနှင့် ဟဲလ်မက် ပါတီဥက္ကဋ္ဌတို့မှာ အနည်းငယ် တွေဝေသွားပြီး လက်ချိုးရေတွက်ကာ ခေါင်းစားနေကြသည်။

ချိုကုပ်။ ။ သူတို့ ခေါင်းစားတုန်း လစ်မှဖြစ်မယ် ဦးရုက္ခစိုးရေ။ ခဏနေရင် ပြန်ကွိုင်ရှာနေလိမ့်မယ်။

လူအုပ်ကြားမှ မျက်ခြည်ဖြတ်ကာ ထွက်ပြေးသွားသော ချိုကုပ်ဒူးကြီးနောက်မှ ဦးရုက္ခစိုးလည်း နတ်တို့၏ အလျင်ဖြင့် ထက်ကြပ်မကွာ လိုက်ပါသွားသည်။ ချိုကုပ်ဒူးကြီးက ယုဇန စင်တာ အပေါ်ဆုံးထပ်သို့ တက်ပြေးသွားခြင်း ဖြစ်သည်။

ရုက္ခစိုး။ ။ ဘာလို့ ဒီလောက် အလန့်တကြား ထွက်ပြေးရတာလဲ ချိုကုပ်ဒူးကြီးရယ်။ သူတို့ တောင်းတာလေးတွေ ပြန်ပေးလိုက်ရင် ပြီးပြီ မဟုတ်လား။

ချိုကုပ်။ ။ ပြန်ပေးလို့မဖြစ်တော့ဘူး ဦးရုက္ခစိုးရဲ့။ ကျုပ်လုပ်တာ အကုန်လုံး လက်လွန် ခြေလွန်တွေ ဖြစ်ကုန်ပြီ။ ကျုပ်ရဲ့ လမ်းပျောက်မြေပုံကြီးကိုလည်း ပြီးအောင် လုပ်ရဦးမယ်။ မလုပ်နိုင်ရင် ကျုပ်ကို ထောင်ကဲကြီးက ဟားမှာပေါ့ဗျ။

ရုက္ခစိုး။ ။ ဒါပေမယ့် ဟိုပါတီကတိုင်၊ ဒီပါတီက မကျေနပ်နဲ့ ...။

ထိုစဉ် လူတဦး အပြေးအလွှားရောက်လာကာ “ချိုကုပ်ဒူးကြီး … သတင်းစာထဲမှာ မဲထွက်ပေးတဲ့လူထု ရာခိုင်နှုန်း ဘယ်လောက် ထည့်ရမှန်းမသိဘူး ဖြစ်နေတယ် … လုပ်ပါဦး” ဟု မေးလိုက်သည်။ ချိုကုပ်ဒူးကြီးက “၁၃၅၀ ရာခိုင်နှုန်းလို့ ထည့်လိုက်” ဟု ပြောလိုက်ရာ ထိုသူ ပြန်လည် ပြေးထွက်သွားသည်။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီး သတိထားဦးလေ … ၁၃၅၀ ရာခိုင်နှုန်းဆိုတာ ရှိပါ့မလား။

ချိုကုပ်။ ။ အဲ … ဟုတ်သားပဲ။ လက်လွန်သွားပြန်ပြီ။ ရပါတယ်။ ဒါမျိုး လုပ်နေကျပဲဟာ။ မနက်ဖြန် သတင်းစာကျမှ ပြန်ပြင်လိုက်မယ်။

“ချိုကုပ်ဒူးကြီး … ချိုကုပ်ဒူးကြီး ပို့ထားတဲ့ မဲတွေက မလောက်ဘူးတဲ့။ ကြိုတင်မဲတွေ၊ ဂျိုကာမဲတွေ၊ မဲပိုတွေ၊ အင်တာနေရှင်နယ် မဲတွေ အကုန် ထပ်ထည့်တာတောင် တိုင်းရင်းသားတွေက နိုင်နေတုန်းပဲ” ဟု လူတယောက် အပြေးအလွှား လာပြောပြန်ရာ ချိုကုပ်ဒူးကြီးက “ဒါဆို အဲဒီ နိုင်တဲ့ တိုင်းရင်းသားတွေကို မဲခိုးမှုနဲ့ တရားစွဲလိုက်” ဟု ပြန်ပြောလိုက်သည်။ ထိုသူလည်း ပြန်လည် ပြေးထွက်သွားသည်။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးရဲ့ ဖြေရှင်းပုံရှင်းနည်းက တော်တော် ခက်မှာပဲနော်။

ဦးရုက္ခစိုးက ရွဲ့ပြောသည်ကို ချိုကုပ်ဒူးကြီးက အဟုတ်ထင်နေသည်။

ချိုကုပ်။ ။ မလွယ်ဘူး ဦးရုက္ခစိုးရေ။ ကြံ့ဖွံ့ပါတီဘေးမှာ အမှန်ခြစ် ခြစ်ဖို့ ကျုပ်နဲ့ ကွိုင်ကွိုင် ၂ ပတ်လောက် အိပ်ရေး ပျက်သွားတာ။ ကျုပ်တို့ ဘယ်လောက် ကြိုးစားလဲဆိုရင် တချို့နေရာတွေမှာ မဲတွေ လက်လွန်ကုန်လို့ ပြန်တောင် လျှော့ယူရသေးတယ်။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးကတော့ လက်လွန်ကုန်တာ ချည်းပဲနော်။

ချိုကုပ်။ ။ အဲဒီလောက် လက်လွန်ထားကာမှ တော်ကာကျမှာလေ ဦးရုက္ခစိုးရဲ့။ လက်မလွန်ရင် သေချာပေါက် ရှုံးတော့မှာကိုး။

ရုက္ခစိုး။ ။ ဒါပေမယ့် … လူတွေက ချိုကုပ်ဒူးကြီး လက်လွန်ခြေလွန် မဲခိုးတာကို တော်တော်လေး မကျေမနပ်ဖြစ်နေတာ မဟုတ်လား။

ချိုကုပ်။ ။ အဲဒီလို မကျေမနပ်သံတွေ၊ ပွစိပွစိ သံတွေကြောင့် ကျုပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး လိုက်တာလေ … ဦးရုက္ခစိုးရဲ့။ လူတွေများ အာရုံပြောင်းမလားလို့။

ပြောရင်း ယုဇနစင်တာ အပေါ်ထပ်မှ ငုံ့ကြည့်လိုက်ရာ လူအုပ်ကြီးက တိုးဝှေ့ အော်ဟစ်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးနေသည်ကို တွေ့လိုက်ကြရသည်။

ချိုကုပ်။ ။ ကြည့်စမ်းပါဦး ဦးရုက္ခစိုးရယ် ...။ လူတွေကလည်း ဒီ ကောင်မလေးကို ဘာလို့ ဒီလောက် သည်းသည်းလှုပ် ဖြစ်နေရတာလဲ မသိဘူး။ တသက်လုံး အပင်ပန်းခံ အုပ်ချုပ်လာတဲ့ ကျုပ်ကိုကျတော့ တခါမှ သည်းသည်း မလှုပ်ဘူး။

“သည်းသည်းတော့ မလှုပ်ဘူး … သည်းသည်းမည်းမည်း နားရင်း အုပ်မှာ” ဟု ဦးရုက္ခစိုးက စိတ်ထဲက ပြန်ပြောလိုက်သည်။

ထိုစဉ် ပြူတင်းပေါက်မှ အောက်သို့ ငုံ့ကြည့်နေသည့် ချိုကုပ်ဒူးကြီးကို ထောင်ကဲကြီး တဦးက ပုခုံး လာတို့သည်။

ချိုကုပ်။ ။ ဟာ … အစ်ကိုတော် ထောင်ကဲပါလား။ ကျန်းခန့်သာလို့ မာရဲ့လား။ ဘယ်လိုလဲ …၊ ညီလေးရဲ့ လုပ်ရပ်ကို ဝေဖန်ပါဦး။

ထောင်ကဲ။ ။ ဝီဖန်ရရင်တော့ မင်း တော်တော် မိုက်မဲတယ်လို့ ပြောရမှာပဲ ချိုကုပ်ရယ်။ မင်းက ဒီကောင်မလေးကို လွှတ်လိုက်တော့ ဝ ကို အင်တာ နီရှီနယ်က ဟိုတယောက်ကိုပါ လွှတ်ပေးဖို့ အော်မှာပေါ့။

ချိုကုပ်။ ။ ဒါဆိုလည်း ညီလေးနဲ့ အတူတူ ဖြစ်သွားအောင် အစ်ကိုတော်လည်း ဟိုတယောက်ကို လွှတ်လိုက်ပါလား။

ထောင်ကဲ။ ။ လွှတ်လိုက်ရင် ဝ ခေါင်းကို တက်နင်းမှာပေါ့။ ဒီ ကောင်မလေးကို ပြန်ဖမ်းလို့ မီရဘူးလားကွာ။

ချိုကုပ်။ ။ မီရဘူး … အဲ မရဘူး အစ်ကိုကြီးရဲ့။ လက်လွန်သွားပြီ။ အခုမှ ပြန်ဖမ်းရင် သားသားကို လူတွေက အစိမ်းလိုက် ဝါးစားမှာပေါ့။ ကြောက်စရာကြီး။

ထောင်ကဲ။ ။ ဒါဆို မင်း ဘာဆက်လုပ်မှာလဲ။

ချိုကုပ်။ ။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ။ လောလောဆယ်တော့ စကားလွန်ထားပြီးသား လမ်းပျောက် မြေပုံ ၇ ရပ်ထဲက နောက်ဆုံးအချက်ကို ဆက်လုပ်မယ်လေ။

ရုက္ခစိုး။ ။ လမ်းပျောက်မြေပုံ ၇ ရပ်ကို နောက်မှလုပ်။ အခုလောလောဆယ် လမ်းပျောက်နေတဲ့ကိစ္စ ဘယ်လိုလုပ်မလဲ။ ကျုပ်ကတော့ လစ်ပြီဗျို့။

ဦးရုက္ခစိုး ကိုယ်ယောင်ဖျောက်ပြီး ထွက်သွားသည်နှင့် ဒေါ်အောင်ဆန်းစုကြည်နားတွင် ဝိုင်းနေသည့် လူအုပ်ကြီးမှာ ဘယ်က ဘယ်လို သတင်းရသွားသည်မသိ ချိုကုပ်ဒူးကြီး ရှိရာ ယုဇန စင်တာ အပေါ်ဆုံးထပ်သို့ အော်ဟစ်ရင်း တက်လာကြသည်။

“ချိုကုပ်ဒူးကြီးကို ဘယ့်နှယ်ဝိုင်းမယ် … ဒီ့နှယ် ဝိုင်းမယ်”
“ချိုကုပ်ကို အပြုတ်နှံ … တလုပ်စာတောင် မချန်ကြနဲ့” ဟု လူအုပ်ကြီးက အော်ဟစ်လာသည်။

ထောင်ကဲကြီးလည်း မကယ်နိုင်တော့။ ထို့ကြောင့် လမ်း တကယ်ပျောက်သွားသော ချိုကုပ်ဒူးကြီးမှာ လက်လွန်ခြေလွန် ကိစ္စတခုကို မလွှဲမရှောင်သာ လုပ်လိုက်ရလေတော့၏။

တခြားတော့ မဟုတ် … ဆံပင်တု စွပ်၍ မိန်းမကဲ့သို့ ဝတ်ကာ အရေးပေါ် လှေခါးမှ ခွေးပြေး ဝက်ပြေး ထွက်ပြေးသွားရခြင်း ဖြစ်ပေတော့သည်။

No comments:

Post a Comment