Friday, December 24, 2010

အလွမ်းပြေစေ

သီတာဝင်း

ကျွန်မရဲ့ မှတ်သိမှုသညာက အဖြစ်အပျက်တွေနဲ့ ယှဉ်တွဲမှတ်တတ်တယ်။ ဂဏန်း၊ နေ့စွဲနဲ့မှတ်ရတာ ကျွန်မအတွက် သိပ်မကျွမ်းလှဘူး။ အညာဒေသ တောသူတောင်သားတွေက သူတို့သားသမီးရဲ့ မွေးသက္ကရာဇ်ကို မှတ်သားတတ်သလိုမျိုး တောင်ဘက်ယာခင်းထဲက နှမ်းအထွက်ကောင်းတဲ့နှစ်ပေါ့။ အနောက်ကန်ကြီး ရေလျှံတဲ့အခါတုန်းကပေါ့ ဆိုတာမျိုး မှတ်သားထားတတ်တယ်။

မြို့မှာနေ၊ မြို့မှာကြီးပြင်းတဲ့ ကျွန်မတယောက် ဘယ်လိုကဘယ်လို ဖြစ်တယ်မသိပါဘူး။ အဲဒီလို အဖြစ်အပျက်လေးတွေနဲ့တွဲပြီး မှတ်သားတတ်တဲ့အကျင့် ပါနေပါတယ်။ သမီးငယ်လေးမွေးတဲ့နှစ်ကိုမေးရင် ခေါင်းထဲအရင်ဆုံး ဝင်လာတာက ဟိုအရေးအခင်းမဖြစ်ခင် တနှစ်ကလေ ဆိုတာမျိုးပေါ့။ ကိုယ့်နည်းကိုယ့်ဟန်၊ သူ့နည်း သူ့ဟန် အမျိုးမျိုးကွဲကြတာပေါ့လေ။ ဒီဇင်ဘာလ ရောက်တယ်ဆိုရင် ကျွန်မသညာထဲမှာ မှတ်မိနေတာက နေ့စွဲ၊ ရက်စွဲ အတိအကျ မမှတ်မိပေမယ့် သမီးကြီးရော၊ သားပါ (တနှစ်ထဲမဟုတ်ပေမယ့်) နှစ်ယောက်စလုံး အဲဒီလထဲမှာပဲ အဝေးကို ခွဲခွာထွက်သွားကြတာကိုပါပဲ။ ဒီဇင်ဘာ အချိန်အခါဆိုရင် ရင်ထဲမှာ ခံစားရတဲ့ ခံစားချက်က တခုခုလိုနေသလိုပါပဲ။ ကျန်တဲ့အချိန်တွေထက် ဒီဇင်ဘာလမှာပိုပြီး သတိရစေတဲ့ အကြောင်းကလဲ ရှိပြန်တယ်။ အနောက်ဆန်ဆန်တွေးရင် ဒီဇင်ဘာလထဲ ခရစ္စမတ်ပွဲတော်အချိန်အခါဆိုတာ မိသားစုဝင်တွေပြန်လည်တွေ့ဆုံကြတဲ့ပွဲလို့ အများကသိထားကြတယ်။ Family reunion လို့ခေါ်တဲ့ မိသားစုဝင်တွေ တနှစ်တခါ ပြန်လည်ဆုံတွေ့ဖို့ အချိန်အခါကောင်းလို့ ဆိုနိုင်ပြန်တယ်။ ပျော်စရာတွေအပြည့်နဲ့ နွေးနွေးထွေးထွေး ပြန်တွေ့ဆုံကြတဲ့ ကာလပေါ့။

ကျွန်မရဲ့ ကလေးတွေ ငယ်ငယ်တုန်းက Bilingual ကျောင်းမှာလဲ တွဲထားခဲ့ဖူးတော့ သူတို့နေတဲ့ကျောင်းကနေ ခရစ္စမတ် အလေ့အထလေးတွေကို အိမ်ကို ယူဆောင်လာခဲ့ကြပါတယ်။ ဒီဇင်ဘာလဆန်းပြီးဆိုတာနဲ့ သူတို့မောင်နှမသုံးယောက် တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်ကြပါပြီ။ အိမ်နဲ့နီးတဲ့ မြိုင်ဟေဝန်စင်တာကို အခေါက်ခေါက်အခါခါကို ပို့ရတယ်။ ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ ပစ္စည်းလေးတွေ သွားရှာကြ ဝယ်ကြတာပါ။ ပြီးရင် သူတို့နှစ်သက်ရာစိတ်ကူးလေးတွေနဲ့ သူတို့သစ်ပင်ငယ်လေးကို အလှဆင်ကြတဲ့ အလေ့အထရှိခဲ့ကြပါတယ်။ သစ်ပင်ငယ်လေးလို့ ဆိုရတာက တကယ့်ကို နှစ်ပေလောက်သာမြင့်တဲ့ ပလတ်စတစ် ထင်ရှူးပင်လေး ဖြစ်လို့ပါ။ ဒါပေမဲ့ ဒီအပင်ငယ်လေးကိုပဲ သူတို့စိတ်တိုင်းကျ သူတို့လုပ်လို့ရလို့ သူတို့အဖို့ သိပ်ကျေနပ်ကြပါတယ်။ (မိဘတွေရဲ့ စွက်ဖက်မှုကင်းလို့ပါ) Christmas eve ညနေခင်းရောက်မှ ဝယ်ထားတဲ့ မီးလုံးပွင့်တန်းသွယ်လေးကို ခလုပ်နှိပ်ပြီးဖွင့်ပေးလိုက်ရင် သိပ်ပျော်ကြတာကိုး။ အဲဒီလိုအချိန်အခါတွေကို လွမ်းမိပါတယ်။ ကျွန်မစိတ်က သိပ်နူးညံ့လှတာ မဟုတ်ပါဘူး။ နည်းနည်းမာတယ်လို့ ပြောရင်တောင် ရမယ်ထင်ပါတယ်။ အဲဒီလိုလူမျိုးဖြစ်တဲ့ ကျွန်မ ဒီဇင်ဘာလကာလမှာတော့ နေရထိုင်ရတာ တော်တော်ခက်လှပါတယ်။

သမီးကြီးနဲ့သားတို့ရဲ့ အခန်းနှစ်ခန်းကို တနှစ်တခါ လုပ်နေကျအတိုင်း သေသေချာချာ ဝင်ရှင်းပါတယ်။ သမီးကြီးရဲ့ အဝတ်ဗီရိုထဲမှာ သူရေးတဲ့ စာတိုပေစလေးတွေ၊ သူဆွဲတဲ့ရေဆေးပန်းချီပုံ စာရွက်လေးတခုရယ်ကို ဗီရိုအတွင်းတံခါးမှာကပ်ထားတာ မခွာရက်ပါဘူး။ ဒီအတိုင်းပဲထားလိုက်တယ်။ အဝတ်အစားအချို့ကလဲ ဒီအတိုင်းပါပဲ။ သားရဲ့အခန်းထဲမှာတော့ သူရဲ့ဂစ်တာက ထောင်လျက်ပဲ။ သူ့လက်ရာ ကာတွန်းဆွဲပုံလေးတွေ တော်တော်များများကလည်း နံရံမှာရော၊ သူ့ကြည့်မှန်မှာရော နေရာအနှံမှာရှိနေဆဲပါ။ CD ဘူးခံတွေကလဲ အံဆွဲထဲမှာအထပ်လိုက်။ စစ်သားရုပ်ပုံ နှိုးစက်နာရီလေးကတော့ ဦးထုပ်ပြုတ်နေပေမယ့် အိပ်ရာနံဘေးက စားပွဲပေါ်မှာ ရပ်လျက်ပဲ။ သမီးကြီးရဲ့ မှန်တင်ခံနဲ့ သားရဲ့ကွန်ပျူတာတွေကိုတော့ သမီးငယ်က အမွေယူသွားလို့ သူ့အခန်းထဲ ရောက်နေကြပါပြီ။ ကျန်တဲ့ ခုတင်၊ ဗီရို၊ စာကြည့်စားပွဲ အကုန်လုံး သူတို့အခန်းထဲမှာ သူ့နေရာနဲ့သူ ရှိနေဆဲပါပဲ။ သုံးသူမရှိတာတခုပဲ ကွာခြားပါတယ်။ ထမင်းစားဖို့ ထမင်းစားပွဲ ထိုင်လိုက်ပြီဆို စားပွဲရှည်ရဲ့ တဖက်ထိပ်ပိုင်းမှာပဲ မိသားစု ၃ ယောက် ထိုင်ကြတော့ ကျန်တဲ့စားပွဲထိပ်ပိုင်းမှာ ခုံအပြည့်အစုံရှိပေမယ့် ထိုင်သူမရှိဘဲ လစ်လပ်နေပြန်ပါတယ်။ ဒီလိုပဲ တီဗွီကြည့်တဲ့နေရာမှာလဲ သူတို့ရဲ့ အရိပ်အယောင်တောင်မကျန်တော့ ခုံအလွတ်တွေနဲ့ပေါ့။ ကျွန်မမှာတော့ အသုံးပြုသူမရှိတဲ့ အခန်းနှစ်ခန်းကို တပတ်တခါ သန့်ရှင်းရေးလုပ်တဲ့ အလုပ်လုပ်ရင်း ထိန်းသိမ်းထားရတယ်။ လွတ်နေတဲ့အခန်းတွေ၊ လစ်ဟာနေတဲ့ နေရာတွေကိုကြည့်ရင်း စိတ်ထဲမှာ သတိရပုံကတော့ မရေးပြတတ်ပါဘူး။ ညီမသဖွယ်ချစ်တဲ့ ဘဝတူ မဖြူ (ဦးနှောက်အာရုံကြောအထူးကု ဒေါက်တာဝင်းမင်းသစ်) ကတော့ ပြောတယ်။ သူ့ကလေးတွေရဲ့ ငယ်ငယ်ကဓာတ်ပုံလေးတွေကို Album ထဲမှာလှန်ကြည့်ရင် မျက်ရည်ကျတယ်တဲ့။ ကျွန်မက မျက်ရည်မကျပေမယ့် ရင်ထဲခံစားရတာကတော့ ဒီဇင်ဘာအချိန်အခါမှာ အခါတိုင်းထက် ပိုပြင်းထန်ပါတယ်။

တနေရာက တနေရာကို ပြောင်းရွှေ့နေထိုင်ကြတယ်ဆိုတာ ကမ္ဘာ့ဦးခေတ်ကနေ အခုခေတ်အချိန်ထိ မဆန်းလှတဲ့ ဖြစ်ရပ်ပါ။ ကျွန်မရဲ့ မိသားစုဝင်တွေကိုယ်တိုင်လည်း ဒီလိုပဲပြောင်းရွှေ့ ခွဲခွာသွားကြပါပြီ။ ယာယီဆိုပေမယ့် ခွဲရတာတော့ ခွဲနေရတာပါပဲ။

ကျွန်မအတွက် ပြဿနာက အိမ်ထဲမှာအခန်းတွေ၊ Space တွေရဲ့ လစ်ဟာမှု၊ အသုံးမဝင်ဖြစ်နေမှုတွေကို ကြည့်ပြီး ဘယ်လိုလုပ် ရင်ထဲက ခံစားချက် သက်သာမလဲဆိုတာပါပဲ။ ဒီလစ်ဟာမှုထဲကနေ ထွက်ပြေးမလား။ ဒီထက်ငယ်တဲ့အိမ်ကို ပြောင်းပြီးနေရရင်ကောင်းမလား တွေးမိတယ်။ ဒီနေရာ ဒီအိမ်မှာနေလာခဲ့တာ နှစ်သုံးဆယ် ကျော်ပါပြီ။ ဒီအိမ်ကနေ ဘယ်ကိုမှလဲ ပြောင်းရွှေ့မနေဖူးပါ။ အခြေချနေဖို့ မပြောနဲ့၊ ၅ လပြည့်အောင်တောင် မခွာခဲ့ဖူးပါ။ (ခရီးရှည်တခုထွက်တာ လေးလကျော် ကြာခဲ့ဖူးပါတယ်။)ပတ်ဝန်းကျင်နဲ့ကလဲ သဟဇာတ ဖြစ်တဲ့နေရာပါ။ အဲဒီတော့ ဒီအိမ်ကပြောင်းရွှေ့ဖို့ဆိုတာ ကျွန်မအတွက် ဖြစ်နိုင်ခြေအလွန်နည်းတဲ့ ရွေးချယ်မှုတခု ဖြစ်ပါတယ်။ ကဲ - ဒီလိုဆိုဘယ်လိုလုပ်ရမလဲ။

ကျွန်မ ဆက်ပြီးစဉ်းစားပါတယ်။ သားနဲ့ သမီးရဲ့ လစ်ဟာမှုကို ပယ်ဖျောက်နိုင်ဖို့ အခြားနည်းကြိုးစားကြည့်ရမှာပဲ။ သူတို့နေခဲ့တဲ့ အခန်း၊ သူတို့နေရာယူခဲ့တဲ့ Space တွေကို ဒီအိမ်ကနေ ဖယ်ထုတ်ရင်ကော။ ဒီထက်ပိုပြီး ကျစ်လျစ် (Compact ဖြစ်)တဲ့ အိမ်အသွင် ပြောင်းမယ်ပေါ့။ ကျွန်မတို့ ကျောင်းတုန်းက Modular Scale နဲ့ အဆောက်အအုံတွေကို တည်ဆောက်တဲ့ System အကြောင်း သင်ခဲ့ရဖူးတယ်။ Modular Scale နဲ့ လုပ်ထားတဲ့ Furniture တွေလဲ တွေ့ဖူးတယ်။ လိုအပ်သလို အပြောင်းအလဲတွေ လုပ်နိုင်တဲ့ လိုရင်တွဲ၊ မလိုရင်ဖြုတ် လုပ်နိုင်တဲ့ Design တွေပါပဲ။ ကျွန်မအိမ်ကို ဒီလိုလုပ်လို့ ရရင်ကောင်းမှာပဲလို့ တွေးမိတယ်။ တကယ်လွယ်ပါ့မလား။ လွယ်လွယ် မလွယ်လွယ် လိုတိုးပိုလျှော့ လုပ်လို့ရတဲ့အိမ်မျိုး Design ထုတ်ဖို့ လိုအပ်နေပြီလို့ ပြောရတော့မယ်ထင်ပါတယ်။

ကဲ - ဒါမှမဟုတ်ရင်လဲ ပိုနေတဲ့ Space တွေ၊ အခန်းတွေကို တစုံတရာ အကျိုးရှိရှိအသုံးချလို့ရအောင် ဝင်ငွေလဲရအောင် အိမ်လေးတွေအကြောင်း အရေးကောင်းတဲ့ ဆရာနေဝင်းမြင့်နဲ့ အမြန်ဆုံး တွေ့ဆုံတိုင်ပင်မှ ထင်ပါရဲ့။ ။

No comments:

Post a Comment