Sunday, January 23, 2011

ကူးစက် ခွန်အား

ဆက်လင်း

ငြိမ်းချမ်းတဲ့နေရာ၊ လူသားအားလုံး မျှော်လင့်တဲ့ နေရာကို သွားမယ့်လမ်းက ဆူးခလုတ်တွေ၊ မီးတောက်တွေနဲ့။ သင်္ကန်းက ပေါက်ပြဲလို့ ဆူးခက်တွေ ငြိနေတယ်။ ကျည်သင့်တဲ့ အပေါက်တွေနဲ့ သွေးတွေကလည်း ရွှဲလို့။

“မြတ်စွာဘုရား”၊ ဒါသံဃာတော်တွေရဲ့ ထွက်ရပ်လမ်းတဲ့လား။

မြင်မြင်ချင်းမှာပဲ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ “သံဃာတော်တွေ၊ သွေးမြေကျရပြီပေါ့” ဆိုတဲ့ သီချင်းကို ချက်ချင်း ကြားယောင်လာမိတယ်။ မျက်လုံးထဲမှာလည်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ သံဃာတွေ ငြိမ်းချမ်းစွာ စီတန်းမေတ္တာပို့တာကို စစ်သားတွေက ရိုက်နှက်နေတဲ့မြင်ကွင်းတွေ၊ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ပြီး ရိုက်နှက်တာကို ပြန်ဆွဲထားတဲ့ ကာတွန်း၊ ဒါတွေ ပြန်မြင်ယောင်လာပြီး မျက်ရည်ဝဲလုလုဖြစ်လာတယ်။ လည်ချောင်းထဲမှာလည်း တစ်ဆို့ဆို့ ခံစားလာရတယ်။

“ဒါကတော့ အဓိပ္ပာယ်နှစ်မျိုး တွေးလို့ရတယ်” ဆိုတဲ့ အသံကြားလိုက်တော့မှ ပစ္စက္ခ အခြေအနေကို သတိပြန်ဝင်လာတယ်။

ဒီပန်းချီကားကို ဖန်တီးထားတဲ့ ဦးမောင်မောင် (သို့) ပြည်သူချစ်တဲ့ အကယ်ဒမီသရုပ်ဆောင် ကျော်သူ (သို့) နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပြလိုက်တဲ့ စကားသံပါ။

“ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ထွက်ရပ်လမ်းကိုရောက်ဖို့ သွားမယ်ဆိုရင် လွယ်လွယ်နဲ့တော့ မရောက်ဘူး။ အခက်အခဲတွေ ရှိမှာပဲဆိုတဲ့ အဓိပ္ပာယ်လည်းပါတယ်” လို့ သူ့ပန်းချီကားအကြောင်းကို ဦးကျော်သူက ရှင်းပြပါတယ်။

ဒါလည်း ဟုတ်နေပါတယ်။ တန်ဖိုးကြီးလေ လွယ်လွယ်မရလေဆိုတာ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေကျ လောကနိယာမပဲလေ။ ဒါပေမယ့် အဖြူရောင် လမင်းကြီးဆီသွားဖို့ သံဃာတော်က ခြေတလှမ်းခြင်း လှမ်းသွားတယ်။ သံဃာနင်းထားတဲ့ ကမ္ဘာမြေပေါ်မှာ စုတ်ချက်တချို့က ၂၀၀၇ စက်တင်ဘာဆိုတာလည်း မပီဝိုးတ၀ါး ပေါ်နေတယ်။ အဲဒီ ပန်းချီကားရဲ့အောက်မှာမှ သံဃာတော်တပါးက ဆူးခက်တွေငြိနေ၊ သွေးစွန်းပေါက်ပြဲ ကျည်သင့်ရာတွေနဲ့ သင်္ကန်းတထည်ကို ချိတ်ထားတယ်။

ဒီပန်းချီကားကတော့ ဦးကျော်သူရဲ့ ဇနီး၊ ရွှေဇီးကွက်လို့ လူသိများတဲ့ ဒေါ်မြင့်မြင့်ခင်ဖေရဲ့ ၁ လေးလုံးနေ့ (၁. ၁. ၂၀၁၁) မှာ ကျရောက်တဲ့ မွေးနေ့အမှတ်တရ ပန်းချီပြပွဲမှာ ပြသထားတဲ့ ပန်းချီကားပေါင်း ၃၀ ကျော်ထဲက နှလုံးသားကို ခပ်ဆတ်ဆတ်လေး ရိုက်နိုင်ခဲ့တဲ့ ပန်းချီတကားပါ။ ကားနာမည်က “ထွက်ရပ်လမ်း”။

ဦးကျော်သူရဲ့ ပါရမီဖြည့်ဘက်၊ နာရေးကူညီမှုအသင်း ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်ရဲ့ နှစ်သစ်ကူးနေ့မှာ ကျရောက်တဲ့ မွေးနေ့အမှတ်တရအဖြစ် ခင်ပွန်းဖြစ်သူ ဦးကျော်သူက သူ့ရဲ့ပန်းချီကားတွေနဲ့ ဓာတ်ပုံတွေကို အမှတ်တရ ပြသခဲ့တာပါ။

ရန်ကုန်မြို့ ၇ မိုင်က သူတို့ဇနီးမောင်နှံရဲ့ ချစ်ခြင်းမေတ္တာတွေ၊ စာနာနားလည်မှုတွေ၊ တဦးနဲ့တဦး ဖေးမမှုတွေနဲ့ ငြိမ်းချမ်းနေတဲ့ ဂေဟာလေးရှေ့မှာ မလိုက်ဖက်စွာ ချိတ်ဆွဲထားတာကတော့ “လူသားစား ခွေးရှိသည်” ဆိုတဲ့ စာတန်းလေးပါ။

“ဘာလုပ်လုပ် လိုက်စောင့်ကြည့်နေတယ်။ ခရီးနည်းနည်းထွက်ရင်တောင် SB (ရဲသတင်းအထူးတပ်ဖွဲ့) နှစ်ယောက်သုံးယောက်က နောက်က လိုက်နေတယ်။ ဒါ့ကြောင့် ဒီလိုရေးထားတာ” လို့ ဦးကျော်သူက သူ့ရဲ့ တည်ကြည်တဲ့မူဟန်နဲ့ အားပါပါ ပြောပြပါတယ်။

လူထုလိုချင်တာရဖို့၊ ပြည်သူတွေငြိမ်းချမ်းဖို့ အားသွန်ခွန်စိုက် လုပ်ချင်ပေမယ့် ငဲ့ကွက်နေရတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နိုင်ငံရေးကို လုပ်ချင်ပါတယ်။ ဒါပေမယ့် အဲဒီလို နိုင်ငံရေးလုပ်လိုက်ရင် အသင်းအလုပ်တွေ ထိခိုက်သွားမယ်။ အသင်းကို မှီခိုနေရတဲ့သူတွေက အများကြီး။ နာရေးဖြစ်လာရင် မှီခိုဖို့လိုသလို ကျန်းမာရေးအတွက်လည်း သုခကုသိုလ်ဖြစ်ဆေးခန်းကို မှီခိုနေရတယ်။ အခုတောင် ထပ်လုပ်ပေးချင်တာတွေ အများကြီး။ ဒါပေမယ့် ခွင့်ပြုချက် မကျတာတို့၊ ကျန်းမာရေးဌာနက လာပြောတာတို့။ ဒီတော့ နိုင်ငံရေးလုပ်ရင် အသင်းအလုပ်တွေ လုပ်လို့မရမှာစိုးလို့ မလုပ်တာလို့” ဦးကျော်သူက ဆိုပါတယ်။

“ဘာနိုင်ငံရေးမှ မလုပ်ဘဲ လူမှုရေး သီးသန့်လုပ်နေတာတောင် ရုပ်ရှင်ရိုက်ခွင့် ပိတ်ထားတယ်။ သားသမီးတွေ မြန်မာပြည် ပြန်လာလို့မရဘူး။ ကိုယ်တိုင်လည်း သွားတွေ့လို့မရဘူး။ သူတို့လုပ်တာ ရက်စက်လွန်းတယ်” လို့ ဦးကျော်သူက လေသံလျော့လျော့နဲ့ ပြောပါတယ်။

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့သား ပြည်သိမ်းကျော်နဲ့ သမီး မြင်းမိုရ်ကျော်သူ တို့ကတော့ ပြည်ပ တနိုင်ငံ အဝေးတနေရာကိုရောက်နေပြီး သမီးကြီး မြင်းမိုရ်ကျော်သူ သားဦးလေးမွေးပြီး ဦးကျော်သူတို့ မြေးဦးရတာတောင် သားသမီး၊ မြေးတွေကို တွေ့ခွင့်မရပါဘူး။

မိသားစု ခွဲခွာနေရတာတွေအကြောင်း ပြောရင်းနဲ့ နောက်ထပ် ထပ်ကြည့်ဖြစ်တဲ့ ပန်းချီကားကတော့ “လုံခြုံမှု” တဲ့။ အမေက ရင်သွေးကို နို့တိုက်နေတယ်။ အမေ့ရဲ့ ရင်ထဲမှာ ရင်သွေးလေးကို လုံလုံခြုံခြုံ ထွေးပိုက်ထားတယ်။ ဒီမြင်ကွင်းကို အရှေ့ဘက်ကရော အနောက်ဘက်ကပါ ဆွဲထားတယ်။

ဒါကတော့ ဝေးကွာနေတဲ့ သူ့ရဲ့ရင်သွေးတွေကို သတိရပြီး လုံခြုံမှုပေးချင်လို့ ဆွဲတာလား။ ဒါမှမဟုတ် မကြာသေးခင်က လွတ်မြောက်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားများရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် ရင်ခွင်မှာ တို့လုံခြုံပြီ၊ တို့သွားချင်တဲ့လမ်းကို အမေပေးတဲ့ လုံခြုံမှုနဲ့၊ အားပေးမှုတွေနဲ့ သွားလို့ရပြီလို့ ဆိုချင်တာလား။ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ဦးကျော်သူကတော့ တုံဏှိဘာဝေ။

“သားသမီး မြေးတွေကို သတိရပေမယ့် ဒီလိုလူမှုရေးလုပ်ရတဲ့အတွက် ရုပ်ရှင်ရိုက်ခွင့်ပိတ်တာကို ကျေးဇူးတင်ပါတယ်။ တကယ်ပါ၊ သုံးနှစ်ကျော်ကာလမှာ ကုသိုလ်တွေ အများကြီးရတယ်” လို့လည်း ဦးကျော်သူက ပြောပါတယ်။

ပန်းချီပြပွဲမှာ လူတော်တော်များများ နှစ်သက်ကြတဲ့ကားကတော့ “Freedom” ဆိုတဲ့ကားပါလို့ ဦးကျော်သူက ဆိုပါတယ်။ ဒီကားကတော့ Performance လုပ်ထားတာပါ။ ဒီအတိုင်းကြည့်ရင် အချုပ်ခန်းထဲ ထည့်ထားတဲ့ ပန်းချီကားပေါ့။ အချုပ်ခန်း သံတိုင်တံခါးကို ဆွဲဖွင့်လိုက်မှ မီးလင်းလာတယ်။ ပန်းချီကားရဲ့ အောက်မှာတော့ သံခြေကျင်းနဲ့ အင်တုံတွေချထားတယ်။ ပန်းချီကားကတော့ အင်းစိန်ထောင်ကို ဂြိုဟ်တုပုံတွေက မြင်ရတဲ့မြင်ကွင်းနဲ့ ပုံဖော်ထားတယ်။

ပန်းချီကားအပေါ်ဘက်မှာ ငြိမ်းချမ်းရေးငှက် ၇ ကောင်က သံလွင်ခက်ကလေးတွေချီလို့ ပျံသန်းနေတဲ့ ပုံပါ။

“ပထမတော့ အမေစုကို ကိုယ်စားပြုပြီး ငှက်တစ်ကောင်ကိုပဲ သံလွင်ခက် ချီထားပေမယ့် နောက်မှ ငှက်အားလုံးမှာ ထည့်လိုက်တာ” လို့ ဦးကျော်သူက ရှင်းပြပါတယ်။

ဒီပန်းချီကားကိုကြည့်ပြီးတော့ အခုလို ရာသီဥတုအေးလွန်းတဲ့အချိန်မှာ ချမ်းအေးလွန်းတဲ့ ဒေသတွေမှာရှိတဲ့ အကျဉ်းထောင်တွေထဲက တမံသလင်းတွေပေါ်မှာ နေထိုင်အိပ်စက်နေရတဲ့ အကျဉ်းသားတွေကို ချက်ချင်း ပြေးမြင်ယောင်မိပါတယ်။

“ဒီကားက အထဲမှာနေရတဲ့သူတွေရဲ့ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုကို အပြင်ကလူတွေသိအောင်ပြထားတာ” လို့ အကျဉ်းထောင်တွေထဲ ရောက်နေသူတွေကို အပြင်မှာရှိနေသူတွေ စာနာနားလည်နိုင်အောင်ရည်ရွယ် ဖန်တီးထားပုံကိုပြောပြပါတယ်။

သံတိုင်တံခါးကို အဖွင့်အပိတ် လုပ်လိုက်ရင်လည်း အသံမြည်အောင် တမင်ဖန်တီးထားတာမို့ နားထောင်ရရုံနဲ့ တုန်လှုပ်မိပါတယ်။

ငါးတန်း ခြောက်တန်း ကျောင်းသား ဘဝလောက်တုန်းက ပန်းချီဆရာကြီး ဦးသောင်းဟန်ဆီမှာ နွေရာသီ ပန်းချီသင်တန်း တက်ခဲ့ဖူးပြီး ပန်းချီကားတွေကို စိတ်ထွက်ပေါက်တခုအနေနဲ့ ဆွဲနေတာလို့ ဦးကျော်သူက ပြောပါတယ်။

နောက်ထပ်လူကြိုက်များတဲ့ ပန်းချီကားတကားကတော့ “သစ္စာဖောက် (88-1)” ဆိုတဲ့ ပန်းချီကားပါလို့ ဦးကျော်သူက ဆိုပါတယ်။

လျှပ်စစ်ကြိုးတန်းပေါ်မှာ ငှက် ၈၈ ကောင် နားနေကြတယ်။ တကောင်ထပျံသွားတယ်။ ၈၈ မျိုးဆက်ရဲ့ သစ္စာဖောက်ပေါ့။

“ပန်းချီပြပွဲကို လာကြည့်ခဲ့တဲ့ အမေစုကတောင် ၈၈ ကောင် ပြည့်ရဲ့လားလို့ မေးသွားသေးတယ်” လို့ ဒီပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်သွားတဲ့အကြောင်း ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့အမှတ်တရ ရေးဆွဲထားတဲ့ “အဖြူထည်မိခင်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကလည်း အသက်ဝင်ပါတယ်။ မျက်စိအစုံက ပန်းချီကားကြည့်နေတဲ့သူကို ကြင်နာသနားနေသလို အားကိုးချင်စရာ ကောင်းအောင်လည်း မာန်ပါနေတယ်။

ဦးကျော်သူရဲ့ အကြည်ဓာတ်ရှိတဲ့ မျက်ဝန်းတစုံနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပုံကိုဆွဲတော့လည်း မျက်ဝန်းတစုံကို တကယ်ကို ဒေါ်အောင်ဆန်းစုကြည်ကို မြင်နေရသလို၊ ကြည်နေတယ်လို့ ခံစားရသလိုဖြစ်အောင် ရေးဆွဲဖမ်းစားထားပါတယ်။

ပန်းချီကားနောက်ခံ ထွန်းထားတဲ့မီးနီကလည်း ရဲဝံ့မှုကို ပြသရာရောက်အောင်၊ ပန်းချီအလှကို ပိုပေါ်လွင်အောင် ဖန်တီးပေးသလိုပါပဲ။

ရုပ်ရှင်သမားတဦးဖြစ်တဲ့အတွက် ယနေ့မြန်မာ့ရုပ်ရှင်လောက အခြေအနေကိုလည်း မမေ့မလျော့ ပုံဖော်ထားပါသေးတယ်။

“တရံရောအခါက” ဆိုတဲ့ အခန်းထဲမှာ ဦးကျော်သူအဖေလက်ထက်က ရေဒီယိုတယ်လီဖုန်း၊ သေနတ်တွေနဲ့ ယခုအချိန်အထိ သုံးနေရသေးတဲ့ ဦးကျော်သူ မမွေးခင်က ပေါ်ခဲ့တဲ့ ရုပ်ရှင်ကင်မရာကြီး၊ ကင်မရာကို ဒရစ် ချိတ်သွင်းပေးထားတဲ့ပုံ သရုပ်ဖော်ထားတယ်။

ကင်မရာကို ထောက်ထားတဲ့ သုံးချောင်းထောက် Tripod မှာ တချောင်းကို ချိုင်းထောက်တပ်၊ တချောင်းကို ကျောက်ပတ်တီး စည်းပေးထားတယ်။ ကင်မရာကြီးကိုလည်း အောက်ဆီဂျင်ပိုက် တပ်ထားပေးတယ်။ ကင်မရာကြီးမှာ ချိတ်ဆွဲထားတာကတော့ “မြန်မာ့ရုပ်ရှင် ကမ္ဘာကိုလွှမ်းစေရမည်” တဲ့။

မြန်မာရုပ်ရှင်လောက အခြေအနေကို ကွက်ကွက်ကွင်းကွင်းကို တန်းမြင်မိတာပဲ။

ကင်မရနောက်မှာ ဒါရိုက်တာတွေ ထိုင်လေ့ထိုင်ထရှိတဲ့ ထိုင်ခုံနဲ့ ဇတ်ညွှန်းစာအုပ် ချထားပေးတယ်။ နောက်ပြီးတော့ အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ပြည်သူချစ် အနုပညာရှင် ဇာဂနာ ခေါ် ဦးသူရရဲ့ အမှတ်တရ ဓာတ်ပုံတွေ။ နောက် ဦးကျော်သူရဲ့ အကယ်ဒမီ ရွှေစင်ရုပ်နှစ်ဆု။

ရွှေစင်ရုပ်အနားမှာတော့ “ပစ္စည်းလည်းအို၊ လူလဲပြိုပြီ၊ စိတ်ဓာတ်တို့က နုပျိုဆဲ” လို့ရေးထားတယ်။

“အခုတော့ ရုပ်ရှင်ရိုက်ခွင့် ပြန်ပေးလည်း မရိုက်တော့ဘူး။ ခေတ်ပြောင်းသွားမှပဲ ပြန်ရိုက်တော့မယ်။ ပြန်ရိုက်ဖြစ်ရင်လည်း အလိမ်အညာ ဟာသတွေ မရိုက်ဘူး။ မိဘမေတ္တာ၊ သမိုင်း အတ္ထုပ္ပတ္တိ၊ တကယ့်အဖြစ်တွေ ပဲ ရိုက်တော့မယ်” လို့ ရုပ်ရှင်ရော၊ ဗီဒီယိုမှာပါ အောင်မြင်ခဲ့တဲ့ ဦးကျော်သူက ပြောပါတယ်။

ကျန်တဲ့ပန်းချီကားတွေကတော့ ငြိမ်းချမ်းရေးရဖို့ကို အဓိကဖော်ညွှန်းတယ်။ သွေးစွန်းခဲ့ဖူးတဲ့ပုဂံမြေကို ရည်ရွယ်တဲ့ လှည်းဝင်ရိုးသံ တညံညံဆိုတဲ့ကား၊ ဘာသာကြီးလေးခုရဲ့ အလံတွေနဲ့ စစ်သားတွေ ရောယှက်နေတဲ့ ကား၊ တိုက်ပွဲတွေကြားက စစ်နဲ့ငြိမ်းချမ်းရေးကား၊ မြန်မာ့ရိုးရာအက၊ အမေရိကန် သမ္မတ အိုဘားမား တက်စဉ်ကဆွဲတဲ့ အိုဘားမား ဆိုတဲ့ ဗမာ့အိုးတွေဆွဲထားတဲ့ကား၊ ဂန္ဓီလမ်းဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကိုသွားရင် ဆူးရှိတယ်ဆိုတာ ပြတဲ့ကား၊ အကယ်ဒမီရခဲ့တဲ့ အမေ့နို့ဖိုး ရုပ်ရှင်ကားရိုက်ခဲ့တဲ့ အင်းလေးမြင်ကွင်းဖြစ်တဲ့ မှတ်တိုင် ၂ ဆိုတဲ့ ပန်းချီကား၊ မာန်အပြည့်နဲ့ ရှေ့ဆုံးက ကာကွယ်နေတဲ့ ဆင်အဖေ၊ နောက်ဆင်အမေနဲ့ ဆင်ပေါက်ကလေးပါတဲ့ ဆင်မိသားစုရဲ့ မာန်ဆိုတဲ့ကားတွေဟာလည်း အဓိပ္ပာယ်ကိုယ်စီနဲ့ ရင်ကိုထိရှစေတာကို တွေ့ရပါတယ်။

မျက်စိပိတ်ထားတဲ့ဇီးကွက်၊ နားပိတ်ထားတဲ့ဇီးကွက်၊ ပါးစပ်ပိတ်ထားတဲ့ဇီးကွက်၊ အသိဉာဏ်ရှိတဲ့ ဇီးကွက်ရဲ့ ကြည့်လဲမကြည့်ချင်၊ ကြားလဲမကြားချင်၊ ပြောလဲမပြောချင်ဆိုတာဖော်ညွှန်းတဲ့ ကျွန်ုပ်ရဲ့ ကျင့်စဉ်ဆိုတဲ့ကားကလည်း မြန်မာပြည်သူ ပြည်သားတွေရဲ့ နေ့စဉ်ဘ၀နဲ့ တထပ်တည်းပါပဲ။

သံလွင်ခက် ချီလာတဲ့ငြိမ်းချမ်းရေး ငှက်တွေပုံထိုးထားတဲ့ ချည်ပုဆိုးအမည်းနဲ့ ရှမ်းင်္ကျီအဖြူရောင်ကို ၀တ်ထားပြီးတော့ ငွေရောင် ရောယှက်နေတဲ့ဆံပင်ကို စုစည်းထားတဲ့ ဦးကျော်သူက လူမှုရေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုကို ငဲ့ကွက်နေရလို့ “အမေစုနဲ့ ဖ၀ါးချင်းထပ်လိုက်လို့မရ” ဖြစ်နေတယ်လို့ ဆိုပါတယ်။

နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်တွေရှိနေပေမယ့် မလျှော့သောဇွဲနဲ့ဆက်လုပ်ဖို့ အားပေးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပန်းချီပြပွဲကိုလာပြီးတော့ ဆီဆေးနဲ့ ပန်းချီကားတကား စရေးပေးခဲ့တယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

“သားဆက်ဆွဲလို့ အမေက ပြောခဲ့တယ်။ ဦးကျော်သူ မဆွဲရက်ဘူး။ အမေ့လက်ရာ မဖျက်ဝံ့ဘူး။ အမေ့ထက် သားတလ မကြီးဝံ့ဘူး။ ဒါနဲ့ဒီပန်းချီကားကို ဒီအတိုင်းသိမ်းထားတယ်” လို့ ဦးကျော်သူက ဆိုတယ်။

“ပြပွဲကပန်းချီတွေကတော့ Aacrylic နဲ့ရေးတာ။ ဆီဆေးကတော့ ပြပွဲနေ့မှ စဖောက်တာ။ ဒီဘူးအသစ်နဲ့ပဲ အမေကဆွဲပေးခဲ့တာ” လို့ ဦးကျော်သူက ဆက်ပြောတယ်။

ဦးကျော်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ ခွန်အားတွေနဲ့ ပြည်သူတွေ သက်သာရာရောက်အောင်၊ လူမှုအခက်အခဲတွေ လျော့ပါးအောင် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ပြည်သူပြည်သားတွေလည်း ဒီခွန်အားတွေ မျှဝေယူပြီး အတူတူလွတ်မြောက်ဖို့ ကြိုးစားရလိမ့်မယ်။ အမေစု အစရှိတဲ့ ဘ၀တွေ၊ မိသားစုတွေ၊ အနာဂတ်တွေစတေးပြီး ပြည်သူတရပ်လုံးလွတ်မြောက်ဖို့ အလုပ်လုပ်နေတဲ့လူတွေကို အားလုံးက ၀န်းရံရလိမ့်မယ်” လို့ ဦးကျော်သူက သူ့ရဲ့ခွန်အားတွေ ပြည်သူလူထုကို ကူးစက်စေဖို့ ပြောပြသွားပါတယ်။

No comments:

Post a Comment