Monday, January 24, 2011

ယက္ကန်းစက်နောက်ကွယ်မှ ဘဝအမောများ

မိုးယံ

မန္တလေးတိုင်းရှိ “ဂျုပ် … ဂျုပ် … ဂျုပ်” နှင့် ယက္ကန်းခတ်သံမစဲသော အမရပူရမြို့ရှိ ရွာအ၀င်လမ်းမှစပြီး အိမ်တိုင်းနီးပါး ယက္ကန်းယက်သံများနှင့် မြိုင်ဆိုင်နေသည်။

ရထားခုတ်မောင်းသံလိုလို၊ မိုးခြိမ်းသံလိုလို “ ဂျုပ် ဂျုပ် ဂျုပ်”၊ “ ဂျိမ်း ဂျိမ်း ” ဆိုသော အသံများကြားတွင် ယက္ကန်းစင်ပေါ်ရှိ အတိုင် အဖောက်မှန်အောင် တင်ထားသော ချည်လုံးများကို အာရုံစိုက်ရင်း လက်နှစ်ဖက်မှ ချည်စများကို ဆွဲထုတ်နေသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတဦးက “ ၀ါသနာမပါဘူး။ ဒါပေမယ့် ရွာမှာက ဒီအလုပ်ပဲရှိတာ” ဟု ယက္ကန်းစက်ရုံအတွင်း အချိန်ကုန်ကုန်သွားသော သူ၏ တနေ့တာများကို မနှစ်သက်ကြောင်းပြောသည်။

“တနေ့တနေ့ ယက္ကန်းရုံအတွင်း အချိန်ကုန်နေရတော့ ဗဟုတုသနည်းတယ်” ဟု သဲတောမြို့ရှိ ယက္ကန်းစက်ရုံပိုင်ရှင် တဦးက ပြောသည်။

စားဝတ်နေရေးအတွက် ယက္ကန်းစက်ရုံအတွင်း အလုပ်လုပ်ကိုင်နေသူများသည် လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများတွင် ဗဟုသုတနည်းပါးကြကြောင်း ၎င်းကဆိုသည်။

“အလုပ်မရှိလို့သာ လုပ်ကြတာ၊ ခေတ်လူငယ်တွေက စိတ်မ၀င်စားကြတော့ဘူး” ဟု ယက္ကန်းစက်ရုံတွင် နှစ်ပေါင်း ၂၀ ကျော် ယက္ကန်းယက် လုပ်ကိုင်နေသည် တဦးက ပြောသည်။

လေးပေပတ်လည်ခန့်ရှိ အုတ်ကန်ငယ်ထဲသို့ အဖြူရောင်ချည်လိပ်ကို နှစ်လိုက်ပြီး သုံးစက္ကန့်အကြာ ကန်အတွင်းမှ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားသော ချည်လိပ်နှင့် အတူ လိမ္မော်ရောင်ဆိုးဆေးများ စွန်းထေးနေသည့် သူ့လက်နှစ်ဖက် လေပေါ်ပြန်မြောက်တက်လာသည်။

တနေ့လျှင် အဖြူရောင်ချည်လိပ်ပေါင်းများစွာကို ဆိုးဆေးကန်အတွင်း ထည့်သွင်းဆေးဆိုးနေရသော သူ့လက်နှစ်ဖက်သည် ညဘက်အလုပ်ဆင်းချိန်တွင် စိမ်းပုတ်ပုတ်ရောင်တရောင်သာ စွဲကျန်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဟု ၎င်းကပြောသည်။ သူသည် မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ယက္ကန်းစက်ရုံတရုံတွင် ချည်ထည်များကို ဆေးဆိုးပန်းရိုက် လုပ်ကိုင်နေသောအသက် ၅၀ အရွယ် ဦးသန်းဖြစ်သည်။

“အရောင်တွေ ချွတ်လို့မရတာ နှစ်ချီရှိပေါ့” ဟု ပြောရင်း အရောင်ဆိုးပြီးသားချည်လိပ်များကို လက်မောင်းပေါ် တလိပ်ခြင်းတင်နေသည်။

မိရိုးဖလာ ယက္ကန်းလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်း ပြုနေရသော ဦးသန်းတို့ မိသားစုသည် အရောင်ဆိုးဆေးများ၏ ဆိုးကျိုးထက် အဖြူရောင်ချည်လိပ်တွေ အရောင်ပြောင်းလဲနိုင်ရေးကို
ကြိုးပမ်းနေရသည်။

“အရောင်ဆိုးပြီးတဲ့ ချည်လိပ်အရေအတွက်ကို ကြည့်ပြီး လုပ်ခရတာ” ဟု ဦးသန်း၏ တူဖြစ်သူက ပြောသည်။

ပလပ်စတစ်အကြည်ကို ပုဆိုးရှေ့တွင်ကာထားပြီး အနက်ရောင် ရာဘာဖိနပ်ရှည် စီးနင်းထားသည့် အသက် ၂၀ အရွယ် အမျိုးသားတဦးက ဒယ်အိုးအတွင်း ထည့်ထားသော ချည်လိပ်များစွာအား အဖန်ဖန်အရောင်ဆိုးပြီးသား ဆိုးဆေးများကို ခွက်ဖြင့်ခပ်ဘေးဘက်သို့ ခပ်ထုတ်နေရင်း “ဆိုးဆေးအနံ့တွေကြောင့် အသက်ရှုကြပ်သေးတယ်ဗျ” ဟု ဆိုကာ ခပ်မြန်မြန် ခပ်ထုတ်လိုက်သည်။

ယက္ကန်းစက်ရုံတရုံမှ တနေ့လျှင် ပုဆိုးအထည် နှစ်ထောင်အထက် ရရှိရေးအတွက် လုံးပန်းနေရသော ယက္ကန်းခတ် လုပ်သားများသည် အရောင်၊ အနံ့များနှင့် ယဉ်ပါးကာ အသက်ရှင်နေရကြောင်း အမရပူရ ယက္ကန်းစက်ရုံများမှ လုပ်သားများက ဆိုသည်။

“ချောင်းဆိုး၊ ရင်ကျပ်ရောဂါတော့ အဖြစ်များတယ်” ဟု ပြောရင်း အရောင်၊ အနံ့များပေါ် ၁၁ နှစ်ကြာ ယဉ်ပါးနေသော အသက် ၂၅ နှစ်အရွယ် ကိုနိုင်အောင်က ပလပ်စတစ်ထဲက အရောင်ဆိုးဆေးမှုန့်များကို ဒယ်အိုးအတွင်း ခပ်ထည့်နေသည်။

ယင်း ဆေးဆိုးပန်းရိုက် လုပ်ငန်းများတွင် လုပ်ကိုင်နေသူများသည် တနေ့လျှင် ၁၂ နာရီနီးပါး အရောင်ဆိုးဆေးများနှင့် အလုပ်လုပ်ကိုင်နေရသောကြောင့် ရောဂါဖြစ်သည်ကိုပင် သတိပြုမိသူနည်းပါးကြောင်း ဦးသန်းက ဆိုသည်။

အမရပူရမြို့နယ်များရှိ ယက္ကန်းစက်ရုံများသို့ လာရောက်လေ့လာသော တရုတ်ဆိုးဆေးနှင့် ချည်လိပ်ဖြန့်ချိသူ တရုတ်ကုန်သည် တဦးက အဆိုပါ ယက္ကန်းရုံများတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူများသည် ကျန်းမာရေးဗဟုသုတ နည်းပါးမှုကြောင့် ဆိုးဆေးများကို လက်များဖြင့် ကိုင်တွယ်လုပ်ကိုင်ကြကြောင်း ပြောသည်။

“နှစ်ပေါင်းများစွာ ဆိုးဆေးအနံ့တွေရှု၊ လက်နဲ့ကိုင်နေတာ ဘာရောဂါမှ မဖြစ်ဘူးမပြောနိုင်ဘူး၊ ကျန်းမာရေး စစ်ဆေးမှုတွေ မပြုလုပ်လို့သာ မသိတာ။ သူတို့အတွက် မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ၀မ်းတွင်း၊ သဲတော၊ အမရပူရစသော မြို့များတွင် ယက္ကန်းလုပ်ငန်းများ များပြားလာမှုကြောင့် လုပ်သားရှားပါးမှုများ ကြုံတွေ့နေရကြောင်း ယက္ကန်းစက်ရုံပိုင်ရှင်တဦးက ပြောသည်။

“အလုပ်သမားတွေကို ခေါ်ချင်ရင် ငွေအမ်းခေါ်နေရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယက္ကန်းစက်ရုံများတွင် ယက္ကန်းယက်သူများသည် တနေ့လျှင် ကျပ် ၁၂၀၀ မှ ၁၅၀၀ ကြားရရှိပြီး ဆေးဆိုးပန်းရိုက် လုပ်ကိုင်သူများသည် တနေ့လျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ ကြားရရှိကာ တနေ့လျှင် ၁၂ နာရီနီးပါး အလုပ်လုပ်ကိုင်ရကြောင်း သိရသည်။

“စားဖို့လောက်ရုံလေးပါပဲ။ တနေ့တနေ့ ယက္ကန်းရုံထဲမှာ အချိန်ကုန်နေတာ” ဟု ယက္ကန်းသမ တဦးက ပြောသည်။

၂၄ နာရီ ယက္ကန်းခတ်သံ မစဲသော အမရပူရမြို့၌ အရွယ်ရောက်သူတိုင်း ယက္ကန်းစက်ရုံများတွင် ၀ါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရသည်။

“လုံချည်တထည် ယက္ကန်းစင်ပေါ်ကနေ ထွက်လာရင်တော့ ပီတိဖြစ်တာပေါ့။ တန်ဖိုးနည်းတယ်ဆိုပေမယ့် ချည်လိပ်ကလေးကနေ အ၀တ်တထည်ဖြစ်လာအောင် အဆင့်ဆင့်လုပ်ရတယ်” ဟု ယက္ကန်းစင်ပေါ်တွင် ချှော်သွားသော ချည်စများကို ဖြည်ရင်း ယက္ကန်းလုပ်သားတဦးက ပြောသည်။

ယက္ကန်းလုပ်သား၊ ယက္ကန်းသမများသည် ချွေးစက်များကြားတွင် ချည်ချောင်းတချောင်းခြင်းမှ ချည်ချောင်းပေါင်းများစွာနှင့် ယက်လုပ်ထားသော လုံချည်တထည်ရရှိနိုင်ရန် ဘ၀များ၊ အချိန်များ ရင်းပြီး လုပ်ကိုင်ကြရသည်။

လူအများ လွယ်လင့်တကူ ၀ယ်ယူဝတ်ဆင်ကြသော ပုဆိုး၊ ထမီများတွင် ယက္ကန်းလုပ်သား၊ ယက္ကန်းသမလေး များ၏ ချွေးမတိတ်သော ဘ၀များနှင့် ယက်လုပ်ထားသည်။

ခေတ်ရေစီးကြောင်း မည်သို့ပင် ပြောင်းလဲစေကာမူ မြန်မာပြည်အထက်ပိုင်းမှ ယက္ကန်းစင်များ ယက္ကန်းခတ်သံ မြိုင်နေဆဲပင် ဖြစ်ပါသည်။

No comments:

Post a Comment