Friday, February 25, 2011

နယူးဒေလီ၊ နွမ်းရိ ဟင်းရွက်များနဲ့ ရှင်သန် မျှော်လင့်ချက်

ဇာနည်မာန်


“ဒီမှာနေရတာ တအားခက်ခဲတယ်။ လိုတာတွေ တအားများတယ်လေ။ မြန်မြန်အဆင်ပြေချင်တယ်” လို့ အေးစက်စက် သမံတလင်းပေါ်မှာ ခင်းထားတဲ့ စောင်အနွမ်းလေးကို နေရာတကျဖြစ်အောင် ပြုပြင်ရင်းပြောလိုက်တဲ့ ကိုအောန်ခန်းပေါင်။

နယ်မြေခံစစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ရန်ကို ရှောင်ဖို့ ချင်းပြည်နယ် တီးတိန်မြို့နယ် ကက်သယ်ရွာကနေ တနာရီလောက် လမ်းလျှောက်သွားရတဲ့ အိမ်ခြေ ၂၀ ကျော် ကက်သယ်ရွာသစ်ဆိုတဲ့ သူ့ရဲ့ရွာလေးကနေ သူတို့မိသားစု နယူးဒေလီကို ရောက်လာတာ ၂၀၁၀ ပြည့်နှစ် မတ်လ က ဖြစ်ပါတယ်။

“ကျနော့်ကို သေနတ်တွေ ထမ်းဖို့ခေါ်သွားတော့ သူတို့ သေနတ်ပစ္စည်းပျောက်တယ်ဆိုပြီး သေနတ်တွေနဲ့ရိုက်တယ်။ မျက်နှာကိုလည်း ထိုးတယ်။ ပြန်သွားရှာ မတွေ့ရင် ပြန်မလာနဲ့ပြောတော့ ကျနော် အိမ်ပြန်ပြေးလာတယ်။ ကျနော့်ကို လိုက်ရှာတာ မတွေ့တော့ ကျနော့်မိန်းမကို သူတို့ ရိုက်တယ်လေ။ ကျနော်တို့ တအိမ်လုံး ရွာကထွက်ပြေးလာတော့ ဒေလီရောက်နေတဲ့ သူငယ်ချင်းက လာဖို့ပြောလို့ ရောက်လာတာ”လို့ သူက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကနေ နယူးဒေလီ အထိ ခရီးနှင်လာတဲ့ အောန်ခန်းပေါင်တို့ မိသားစု နယူးဒေလီကို ရောက်ချိန်မှာတော့ စားဝတ်နေရေး ပြဿနာမျိုးစုံ ရင်ဆိုင်ရပါတော့တယ်။

နေ့စဉ် မနက် ၈ နာရီကနေ ည ၈ နာရီအထိ သိုးမွေးဆွယ်တာ ထိုးတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့ သူ့ရဲ့ဇနီး တွယ်လ် ငိုက်နမ် ရတဲ့လစာဝင်ငွေနဲ့ မလောက်ငတာကြောင့် မိသားစုစားဖို့ ဟင်းအတွက် ဈေးမှာပစ်ထားတာတွေကို ညဥ့်နက်ချိန်မှာ သွားကောက်ပြီး ၀မ်းရေးအတွက် ဖြေရှင်းရတယ်လို့ ဆိုပါတယ်။

“အလုပ်ရတာလည်း မကြာသေးဘူး။ သူက တလမှ ၃၅၀၀ ရူပီးရတာ။ အိမ်လခက တလ ရူပီး ၂၀၀၀ ပေးရတယ်။ ကျန်တာနဲ့က ဆန်နဲ့ဆီနည်းနည်း ၀ယ်ရတယ်။ ဂက်စ်ဝယ်ရတယ်။ ဘယ်လောက်မလဲ။ ဒါကြောင့် သူများတွေ မလိုချင်လို့ ပစ်ထားတာ ည ၁၂ နာရီ ၁ နာရီမှ သွားကောက်နေရတာ။ အသားငါးဆိုတာတော့ မစားရတာကြာပါပြီ” လို့ ဟင်းရွက်ပုံကိုပြရင်း သူကပြောပါတယ်။

မီးရောင်မှိန်မှိန် အခန်းကျဉ်းလေးထဲက ဂက်စ်မီးဖိုးနံဘေး သမံတလင်းကြမ်းခင်းပေါ်မှာ ပုံချထားတဲ့ ပန်းမုန်လာ အရွက်တပုံ၊ နွမ်းရိနေတဲ့ ပဲသီးတထုပ်နဲ့ အာလူးထုပ် တထုပ်၊ တဖက်မှာတော့ ပလတ်စတစ်ဖျာ အဟောင်းတခုပေါ်မှာ စောင်ခပ်နွမ်းနွမ်းကို ခြုံရင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူ့ရဲ့သားငယ် ၃ ယောက်။

အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်လာကြပြီး အိန္ဒိယနိုင်ငံ နယူးဒေလီကို ရောက်လာကြတဲ့ မြန်မာပြည်သူပြည်သားတွေ အများစုနေကြတဲ့ ဗီဂက်စ်ပူရီ၊ ဂျနက်ပူရီ၊ စီတားပူရီ၊ ဟတ်စတား ဆိုတဲ့ မြို့ဆင်ခြေဖုံးအရပ်တွေမှာ တပတ်တခါ ညနေမှာခင်းတဲ့ ဟင်းသီးဟင်းရွက်ဈေးတွေ ရှိပါတယ်။ မြို့ထဲက ဈေးကြီးတွေကို မသွားနိုင်တဲ့ မြန်မာနိုင်ငံသားတွေအဖို့ ဒီဈေးလေးတွေကို အားကိုးရပါတယ်။

ကုန်ဈေးနှုန်းတွေ တက်လာသလို အိမ်လခတွေကိုပါ တိုးပေးနေရတဲ့ အချိန်မှာတော့ အလုပ်မရှိတဲ့သူ၊ အလုပ်ရှိပေမယ့် လစာနည်းတဲ့ အောန်ခန်းပေါင် တို့လို သူတွေအဖို့ ဈေးသိမ်းတဲ့ ညဥ့်နက်ချိန်တွေမှာ ဈေးသည်တွေ ပစ်ထားခဲ့တဲ့ ဟင်းသီး ဟင်းရွက် အနွမ်းတွေထဲက ကောင်းနိုးရာရာကို ရွေးချယ်ကောက်ယူကြပြီး ၀မ်းစာအတွက် ဖြေရှင်းကြရပါတော့တယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာက ကျနော်တို့ ယူအန်ကတ် (ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ အသိအမှတ်ပြုကတ်) ရတော့YMCA (ခရစ်ယာန် ကလျာဏယုဝအသင်း) က ထောက်ပံ့ကြေး တချို့ရပါတယ်။ မိသားစု တခုလုံးအတွက် ရူပီး ၂ သောင်းရပါတယ်။ အဲဒါက အလုပ်မရခင်တုန်းက စားတာနဲ့၊ ကျနော့် မိန်းမနဲ့ သားအငယ်ဆုံး နေမကောင်းဖြစ်တော့ ဆေးကုတာနဲ့ကုန်သွားပြီ။ အခုထိတော့ ဘယ်အသင်းအဖွဲ့မှ လာကြည့်တာ မရှိပါဘူး။ ထောက်ပံ့တာလည်း မရှိပါဘူး” လို့ သူက ပြောပါတယ်။

နယူးဒေလီမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ်ကို ရရှိချိန်မှာ နယူးဒေလီရှိ YMCA ကနေ လူမှုရေး ထောက်ပံ့စရိတ် အနည်းငယ် ထုတ်ပေးလေ့ရှိပါတယ်။ ဒီထောက်ပံ့ စရိတ်ဟာလည်း အိမ်ထောင်စု လူဦးရေပေါ်မူတည်ပြီး အိမ်ထောင်ဦးစီးတယောက်ကို ရူပီး ၂၀၀၀၊ မှီခိုသူ တယောက် အတွက်ကတော့ ရူပီး ၁၀၀၀ ၀န်းကျင်နဲ့ ၃ လစာအထိပဲ အများဆုံး ပေးနိုင်တာပါ။

သူ့အနေနဲ့ အလုပ်ရှာလုပ်ချင်ပေမယ့် ဇနီးဖြစ်သူ အလုပ်သွားချိန်မှာ ကလေးတွေကို ထိန်းကျောင်းဖို့ လူမရှိတာကြောင့် အလုပ်မလုပ်နိုင်သလို ကလေးတွေကိုလည်း ကျောင်းမထားရ၊ နေမကောင်းဖြစ်မှာလည်း စိုးရိမ်နေရတယ်လို့ ပြောပြပါတယ်။

အလုပ်ဆိုတာက တကယ်တော့ စက်ရုံအလုပ်ရုံတချို့မှာ အထမ်းသမားလုပ်ရတာ၊ သန့်ရှင်းရေးလုပ်ရတာ၊ ချုပ်ထည်တွေက ပိုထွက်နေတဲ့ အစတွေကို ညှပ်ရတာ စတဲ့ လစာနည်း အောက်ခြေသိမ်းအလုပ်တွေများပါတယ်။ ဟင်ဒီဘာသာစကား တတ်တဲ့သူ၊ အင်္ဂလိပ်စာ တတ်တဲ့သူ၊ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတချို့ကျပြန်တော့လည်း တလကို ရူပီး ၇၀၀၀ ကနေ ၈၀၀၀ အထိရတဲ့ သက်သောင့်သက်သာ အလုပ်မျိုးရနိုင်ပေမယ့် လစာမှာတော့ အနှိမ်ခံရတာမို့ သူတို့ရဲ့ဝင်ငွေဟာ တလ ရူပီး ၅၀၀၀ ထက် မပိုကြပါဘူး။

စားဝတ်နေရေး မပြေလည်မှုတွေအပြင် ဒေသခံ အိန္ဒိယတိုင်းသားတွေနဲ့ ယဉ်ကျေးမှု၊ ဘာသာစကား မတူ ကွဲပြားမှု၊ အိန္ဒိယ နိုင်ငံမှာ ရှင်သန်နေဆဲဖြစ်တဲ့ လူမျိုးရေး အဆင့်အတန်း ခွဲခြားမှု စတာတွေကြောင့် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကလည်း ဒု နဲ့ဒေးပါပဲ။

အိမ်လခ တိုးတောင်းတာ မပေးနိုင်လို့ နှင်ချခံရတဲ့သူတွေ ရှိသလို၊ အိမ်ရှင်နဲ့ အဆင်ပြေပေမယ့် အခန်းချင်းကပ်လျက် အခန်းနီးချင်း အိန္ဒိယတိုင်းသားတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရတဲ့ ဒုက္ခတွေလည်း ရှိပါတယ်။ အောန်ခန်းပေါင်တို့ မိသားစု အဖို့ကတော့ အခန်းချင်းကပ်လျက်က အိန္ဒိယတိုင်းသားတွေရဲ့အနိုင်ကျင့်ဗိုလ်ကျနေမှုကို နေ့စဉ် ခံနေရတာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ဘူးလို့ ပြောပြပါတယ်။

“သူတို့အားလုံး ၆ ယောက်လားရှိတယ်။ အစောင့်အလုပ်လုပ်ကြတာ။ ပြန်လာပြီဆို အမြဲ မူးနေတော့တာပဲ။ မူးပြီဆို အော်ကြ၊ ဆူညံတယ်။ တံခါးတွေကို ခြေထောက်နဲ့ကန်တယ်။ မနက်ဆိုလည်း အစောကြီး ထအော်နေတော့ မအိပ်ရဘူး။ ဒီမှာက ရေချိုးခန်း အိမ်သာကတခုတည်းရှိတာကို အတူသုံးရတာဆိုတော့ ကျနော်အိမ်သာတက်နေရင် သူတို့က တက်ချင်ရင် အတင်း လာဆွဲထုတ်တော့တာပဲ၊ သိပ်ခက်တယ်” လို့ သူက ပြောပါတယ်။

၂၀၁၀ ခုနှစ်အတွင်း သူတို့လိုပဲ စစ်အစိုးရ စစ်တပ်တွေရဲ့ ပေါ်တာအဖြစ် ခေါ်ယူစေခိုင်းခံရလို့ ထွက်ပြေးလာပြီး အိန္ဒိယကို ရောက်လာတဲ့ ချင်းတိုင်းရင်းသားမိသားစုတွေ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လအတွင်းက ထန်တလန် မြို့နယ်ထဲက အိမ်ခြေ ၄၀ ကျော်သာရှိတဲ့ မုန်းထန်းဆိုတဲ့ ရွာလေးကနေ နယူးဒေလီ ကိုရောက်လာတဲ့ တောဝ်ခ်သီယမ် တို့ ဇနီးမောင်နှံဟာလည်း စားဝတ်နေရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“မြန်မာပြည်မှာ ခက်ခဲတာရှိရင် ဒေလီမှာ ရက်ဖျူဂျီရှိတယ်၊ အဲဒီကိုသွားလိုက်လို့ပြောလို့ လာခဲ့တာ။ ကျမယောက်ျားက ဂျင်းဘောင်းဘီ ချုပ်တဲ့စက်ရုံမှာ အလုပ်လုပ်တယ်။ လခ ၃၀၀၀ ရတယ်။ အိမ်လခ ၂၀၀၀ ပေးလိုက်တော့ ကျန်တာနဲ့မလောက်လို့ ဟင်းအတွက်က ဈေးမှာပစ်ထားတာတွေ သွားကောက်တယ်” လို့ ဇန်ညက်တိုင်းရင်းသူ တောဝ်ခ်သီယမ် က ပြောပါတယ်။

ရောက်ခါစ တလကျော် နေမကောင်းဖြစ်တာကြောင့် အလုပ်မလုပ်နိုင်တုန်းကတော့ ဇန်ညက် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းကနေ တလစာ ဆန်တကီလို၊ ရူပီး ၁၅၀၀ ထောက်ပံ့တာ ရတယ်လို့ ပြောပြပါတယ်။ ဒီလိုအထောက်အပံ့ကတော့ နေမကောင်းလို့ အလုပ်မလုပ်နိုင်ဘဲ ဒုက္ခရောက်နေတဲ့သူတွေကိုပဲ ပေးနိုင်တာလို့ သူက ပြောပြပါတယ်။

နယူးဒေလီကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေမှာ ဗမာ၊ ကချင် နဲ့ ချင်းတိုင်းရင်းသားတွေ ပါဝင်ကြပြီး အများစုကတော့ ချင်း တိုင်းရင်းသားတွေပါ။ ဒုက္ခသည်အချင်းချင်း ကူညီစောင့်ရှောက်ဖို့အတွက် တိုင်းရင်းသား လူမျိုးစုအလိုက် ဖွဲ့စည်းထားတဲ့ လူမှုရေးအသင်းအဖွဲ့လေးတွေ ရှိပေမယ့်လည်း ဒုက္ခသည်အားလုံးကို ကူညီစောင့်ရှောက်နိုင်တဲ့ အင်အားမရှိသေးဘူးလို့ အသင်းအဖွဲ့တွေက ပြောပြကြပါတယ်။

“ဒီမှာက ချင်းတိုင်းရင်းသားက ၉၀၀၀ ကျော်ရှိနေပါတယ်။ ၂၀၁၀ အတွင်းမှာ ကျနော်တို့ ဆန်နဲ့ ထောက်ပံ့ငွေနည်းနည်း ကူညီပေးနိုင်တာ မိသားစု ၁၇၀ ပဲ ရှိပါတယ်။ ပြဿနာတွေ၊ အခက်အခဲတွေ၊ အကူအညီလာတောင်းသူတွေကတော့ အများကြီးပါပဲ။

အလှူရှင်တွေဆီက ရသလောက်နဲ့ လုပ်ရတာဆိုတော့ ကူညီနိုင်တဲ့အတိုင်းအတာ တအားကို နည်းနေပါတယ်” လို့ ချင်းဒုက္ခသည်များကော်မတီ (CRC) က အတွင်းရေးမှူး ကိုဒေးဗစ်က ပြောပြပါတယ်။

အမေရိကန် အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့နဲ့ ဂျွန် ဟော့ပ်ကင်း ဘလွန်းဘာ့ဂ် ပြည်သူ့ ကျန်းမာရေး ကျောင်းက ပြည်သူ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး ဌာနတို့ ပူးတွဲပြုစုပြီး ၂၀၁၁ နှစ်ဆန်းပိုင်းက ထုတ်လိုက်တဲ့ အစီရင်ခံစာ တခုမှာ ချင်းပြည်နယ်ထဲက လူထု ၉၂ ရာခိုင်နှုန်းနီးပါးဟာ စစ်အစိုးရရဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးတွေ အနိုင် ကျင့်ခံရတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ်ခံစားနေရတယ်လို့ ထုတ်ဖော်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရောက်လာတဲ့သူတွေ တစ တစ တိုးလာတာမှာ ၂၀၀၇ ခုနှစ်တုန်းက ချင်း တိုင်းရင်းသားဦးရေ ၃၀၀၀ ကနေ ၄၀၀၀ အထိရှိရာက၂၀၁၀ နှစ်ကုန်ပိုင်းမှာတော့ ၉၀၀၀ ကျော် ဖြစ်လာတာမို့ ၃ နှစ်အတွင်းမှာ နှစ်ဆကျော် တိုးလာတယ်လို့ ကိုဒေးဗစ်က ပြောပြပါတယ်။

အောန်ခမ်းပေါင်၊ တောဝ်ခ်သီယမ်တို့ မိသားစုတွေလို နယူးဒေလီ ဆင်ခြေဖုံးရပ်ကွက်တွေရဲ့ ၁၀ ပေပတ်လည် အခန်းကျဉ်း လေးတွေမှာ နေထိုင်ကြရင်း အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်နေကြတဲ့သူတွေရှိသလို တိုးတက်ဖွံ့ဖြိုးတဲ့ တတိယနိုင်ငံတွေမှာ အခြေချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒုတိယနိုင်ငံဖြစ်တဲ့ အိန္ဒိယကို ရောက်လာတဲ့သူတွေလည်း ရှိပါတယ်။

သူတို့တွေကတော့ ကိုယ်တိုင် ဖိနှိပ်မှုတွေခံရလို့တော့ မဟုတ်ပေမယ့် တိုင်းပြည်ထဲမှာ စီးပွားရေးကျပ်တည်းမှုနဲ့ ဘ၀အာမခံချက် မရှိတာတွေကြောင့် မိမိတို့ ဘ၀ရှေ့ရေးအတွက် တတိယနိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို့ ဒုက္ခသည်အဖြစ်ခံယူကြပါတယ်။

“စီးပွားရေးလုပ်ရတာ အဆင်မပြေဘူး။ ဘာမှလည်း မလုပ်တတ်ဘူးလေ။ ကလေးတွေအတွက်လည်း ရှိသေးတယ်လေ။ မြန်မာပြည်မှာကတော့ ဒီအတိုင်းနေရင် ကြာရင် ငတ်တော့မှာ။ အဲ့ဒါကြောင့် ရှိတာလေးတွေ ရောင်းချပြီး ဒီလာခဲ့တာ။ မိတ်ဆွေတွေလည်း ဟိုမှာရှိနေကြတော့ အမေရိကားဖြစ်ဖြစ် သြစတြေးလျဖြစ်ဖြစ်တော့ ရောက်ချင်တယ်။ ဟိုရောက်ရင်တော့ အားလုံး အဆင်ပြေသွားမယ်လို့ ထင်တယ်” လို့ အမည်မဖော်လိုတဲ့ ချင်းအမျိုးသမီးတယောက်က ပြောပြပါတယ်။

သူ့လို မျှော်လင့်ချက်နဲ့ လာတဲ့သူတွေထဲမှာ တတိယနိုင်ငံတွေဆီ ရောက်နှင့်ပြီးဖြစ်တဲ့ ဆွေမျိုး၊ မိတ်ဆွေတွေ ရှိကြလို့ သူတို့နောက်ကို လိုက်သွားဖို့ ဒုတိယနိုင်ငံမှာ ဒုက္ခသည်အဖြစ် လာနေကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေထဲမှာ တတိယနိုင်ငံတွေက ဆွေမျိုး၊ မိတ်ဆွေတွေက ပေးပို့တဲ့ လစဉ်ထောက်ပံ့တဲ့ငွေနဲ့ ရပ်တည်နေကြသူတွေလည်း ရှိသလို အဲ့ဒီလို ထောက်ပံ့ ငွေနဲ့ မလောက်ငနိုင်လို့ ရရာအလုပ်လုပ်ရင်း ရုန်းကန်နေကြရတဲ့သူတွေလည်း ရှိပါတယ်။

“တလကို ဒေါ်လာ ၁၀၀ မျိုး၊ ၂၀၀ မျိုး ပို့ပေးပေမယ့် ပုံမှန်တော့ မဟုတ်ဘူးလေ။ သူတို့လည်း ဟိုမှာရုန်းကန်ရတော့ တခါတလေကျတော့လည်း မပို့နိုင်ဘူးပေါ့။ သူတို့ မပို့နိုင်တဲ့အခါကျရင်တော့ အလုပ်လုပ်ရတာပေါ့။ တတိယနိုင်ငံရောက်ရင်တော့ အဆင်ပြေသွားမှာပါ” လို့ သားချင်းတယောက်ဆီက အထောက်အပံ့တချို့ရတဲ့ ချင်းအမျိုးသားတယောက်က ပြောပြပါတယ်။

ဇန်ညက်တိုင်းရင်းသူ တောဝ်ခ်သီယမ်ကလည်း “ရွာတော့ သတိရပေမယ့် ဆင်းရဲလို့ မပြန်ချင်ဘူး။ နိုင်ငံခြားပဲ သွားချင်တယ်။ ဟိုရောက်ရင်တော့ ဒုက္ခမရှိတော့ဘူးပေါ့” လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို ဖြတ်ပြီး ဒေလီကို ခရီးနှင်လာကြတဲ့ သူတို့တွေ ပြောလေ့ရှိတာကတော့ မြန်မာပြည်မှာ ဆင်းရဲလို့ မပြန်ချင်ဘူး၊ သူတို့ရဲ့ ရှေ့ရေး၊ စားဝတ်နေရေးအတွက် ဖွံ့ဖြိုးတိုးတက်တဲ့ တတိယနိုင်ငံတခုခုဆီမှာ ခိုလှုံနေ ထိုင်ခွင့် အမြန်ဆုံး ရချင်ကြတယ်၊ တတိယနိုင်ငံတွေဆီ ရောက်သွားရင် စားဝတ်နေရေးတွေ အဆင်ပြေမယ်လို့ မျှော်လင့်ကြတယ် ဆိုတာပါပဲ။

မြောင်းပုပ်ရေတွေ လျှံထွက်နေတဲ့ လမ်းကျဉ်းလေးရဲ့နံဘေး၊ ညစ်ပေနေတဲ့ မသပ်မရပ် တိုက်အိုတလုံးရဲ့မှောင်ကုပ်ကုပ် အခန်းကျဉ်းလေးထဲက ကိုအောန်ခန်းပေါင်ကတော့ ဇာတိရွာလေးမှာ တောင်ယာလုပ်ကိုင်နေရတာက နယူးဒေလီမှာ ဒုက္ခခံ နေရတာတွေထက်စာရင် စိတ်ချမ်းသာတာမို့ ဇာတိရွာလေးကို သတိရမိတယ်လို့ ပြောပြပါတယ်။

သူက “ပြန်တော့ပြန်ချင်တယ်။ ဒါပေမယ့် စစ်တပ်ရှိနေတော့ ကျနော့်ကို ဖမ်းလိမ့်မယ်။ မပြန်ရဲဘူး၊ မပြန်ချင်ဘူး။ စစ်တပ် မအုပ်ချုပ်တော့ဘူး ဆိုရင်တော့ ပြန်ချင်တာပေါ့။ နိုင်ငံခြားသွားလည်း အဆင်ပြေရင်တော့ ကောင်းတာပေါ့။ အခုကတော့ ခက်ခဲတာတွေ မြန်မြန်အဆင်ပြေပါစေလို့ ကျနော် အမြဲ ဘုရားဆုတောင်းတယ်” လို့ ပြောရင်း စုပုံထားတဲ့ ဟင်းရွက်ပုံကို ငေးစိုက်ကြည့်နေပါတော့တယ်။

No comments:

Post a Comment