Saturday, February 26, 2011

ကျောက်ဖြူ စီမံကိန်းနှင့် ရခိုင်တို့၏ အရင်းအနှီး

ခင်ဦးသာ

ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၌ တည်ရှိသော (မြဒေးကျွန်း) ခေါ် မဒေးကျွန်းသည် သဘာဝ အလှအပများဖြင့် ဖွဲ့စည်းတည်ရှိပြီး လူသိမများသော ကျွန်းငယ် တခုသာ ဖြစ်သည်။

ကျော်ကြားမှု မရှိခဲ့သည့် ထိုကျွန်းငယ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်မှ စတင်၍ အာရှနိုင်ငံကြီး တချို့၏ စီးပွားရေး လုပ်ငန်းကြီးများ၊ စီမံကိန်းများ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း (Deep Sea Port) စီမံကိန်းကြီး စသည့် လုပ်ငန်းများ ပေါ်ပေါက် လာရာမှ ထင်ရှားစ ပြုလာသည်။

မဒေးကျွန်းသည် တောင်တန်းငယ်များ ၀န်းရံထားသော ကျွန်းတခု ဖြစ်ပြီး ကျေးရွာ ၆ ရွာတွင် လူဦးရေ ၂၄၀၀ ကျော် နေထိုင်လျက် ရှိသည်။

ကျောက်ဖြူမြို့သည် ရမ်းဗြဲကျွန်း၏ မြောက်ဖျားပိုင်းနှင့် ဘင်္ဂလား ပင်လယ်ပြင် ကမ်းခြေအနီး၌ တည်ရှိ၍ ပင်လယ် ထွက်ပေါက် ကျယ်ဝန်းသော အချက်အချာကျ သာယာလှပသည့် ဆိပ်ကမ်းမြို့တခု ဖြစ်သည့်အပြင် ရခိုင်ပြည်သူများ အကြား “ဒုတိယ စင်ကာပူ” ဟု တင်စားခေါ်ဝေါ်သော မြို့ဖြစ်သည်။

သာယာလှပပြီး သဘာဝ သယံဇာတ ပြည့်စုံခြင်းကပင် စစ်အစိုးရနှင့် ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ၏ မျက်စိကျခြင်း ခံရကာ သဘာဝအလှများလည်း ပျက်စီးရတော့မည် ဖြစ်သည်။

ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ကျောက်ဖြူရေနက် ဆိပ်ကမ်းအပြင် ရေနံသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်မည့်နေရာ၊ ဓာတ်ငွေ့သန့်စင် စက်ရုံစီမံကိန်း စသည့် စီမံကိန်းများအား ကိုးရီးယားပိုင် ဒေ၀ူး ကုမ္ပဏီနှင့် တရုတ် ကုမ္ပဏီများက စတင်တည်ဆောက်နေပြီ ဖြစ်သည်။

ရေနက်ဆိပ်ကမ်းနှင့် ရေနံသိုလှောင်မည့်ကန်တို့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှစ၍ မဒေးကျွန်းပေါ်၌ ဆောက်လုပ်နေပြီး မလာကျွန်းပေါ်တွင် ဂက်စ် သိုလှောင်ရုံအတွက် မြေ ၁၃၂ ဧက ပေါ်၌ ဆောက်လုပ်နေပြီဖြစ်ကာ ထိုစီမံကိန်းများကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်မည်ဟု Arakan Oil Watch အဖွဲ့ထံမှ သိရသည်။

“ကျွန်းပေါ်မှာရှိတဲ့ တောင် ၅ လုံးကို ဖြိုပြီးသွားပြီ။ ဥယျာဉ်ခင်းတွေ တော်တော်များများကိုလည်း သိမ်းယူဖျက်ဆီးလိုက်ပြီ။ လယ်တွေကိုတော့ လိုအပ်ရင် လိုအပ်သလို အဓ္ဓမ သိမ်းယူနေဆဲပါ” ဟု မဒေးကျွန်းပေါ်ရှိ ရွာမ ရွာသားတဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးအား စတင် ဆောက်လုပ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဒေသခံက ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းကြီးများအား တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ တခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီက ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလမှ စ၍ အကောင်တည်ဖော် တည်ဆောက်လျက်ရှိသည်။

CNPC ၏ လက်အောက်တွင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ ကုမ္ပဏီ အရေအတွက် ဆယ်ဂဏန်းဝန်းကျင် ရှိပြီး လုပ်ငန်းအမျိုးအစား တခုလျှင် ကုမ္ပဏီတခုစီက တာဝန်ယူ တည်ဆောက်နေကြောင်း သိရသည်။

အများစုသည် တရုတ်ကုမ္ပဏီများ ဖြစ်ပြီး ဂက်စ်ပိုက်လိုင်းအတွက် ပိုက်များသယ်ယူခွင့်ကို စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီက ကန်ထရိုက် ရရှိထား၍ ဆိပ်ကမ်းတည်ဆောက်ရေး၏ အစိတ်အပိုင်းတချို့အား ဦးတေဇပိုင် ထူးကုမ္ပဏီ၊ အေးရှားဝေါလ် ကုမ္ပဏီတို့က ရရှိထား ကြောင်းသိရသည်။

ကျောက်ဖြူမြို့ ကံ့ကော်တော ဘုရားအနီးတွင်လည်း ဂက်စ်သန့်စင် စက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွက် လယ်မြေဧက ၅၀၀ ခန့်ကို သိမ်းယူ၍ ဒေ၀ူးကုမ္ပဏီက တည်ဆောက်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဟု သိရသည်။

ဂက်စ်ပိုက်လိုင်းသည် မဒေးကျွန်းပေါ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထိုမှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်ကြောင်း၊ ကီလိုမီတာ ၂၈၀၀ ၀န်းကျင် ရှည်လျားမည် ဖြစ်ကြောင်း Arakan Oil Watch အဖွဲ့ထံမှ သိရသည်။

ထိုပိုက်လိုင်းနှင့်အပြိုင် ရေနံပိုက်လိုင်းကိုပါ သွယ်တန်းမည်ဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ အဆုံးသတ်မည်ဖြစ်၍ ကီလိုမီတာ ၁၁၀၀ ၀န်းကျင် ရှည်မည်ဟု ထိုအဖွဲ့က ဆိုသည်။ ထိုပိုက်လိုင်းများနှင့်အတူ မီးရထားလမ်း တခုပါဝင်မည် ဖြစ်သည်။

ထိုစီမံကိန်းကြီးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် အဓိက တည်ဆောက်ခြင်းဖြစ်ပြီး၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်သွင်းမည့် ရေနံစိမ်းများကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ကြားခံ ထား၍ ထိုဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ် ဒု သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်သို့ လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းအပြင် ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ အများအပြားကို ၀ယ်ယူရန် ကိစ္စလည်းပါဝင်သည်။

၂၀၁၀ ခုနှစ်၊ ဇွန်လတွင် လာရောက်ခဲ့သော တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည်လည်း ၂ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အတွက်ဟုဆိုကာ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်မည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုပ်ငန်းကို ဖွင့်လှစ်ပေးခဲ့သေးသည်။

တရုတ်နိုင်ငံသည် အာဖရိကဒေသနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ရေနံစိမ်းများကို တင်သွင်းရာတွင် မလက္ကာ ရေလက်ကြားကို အားကိုး အားထားပြု၍ တင်သွင်းနေရပြီး လောင်စာ လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို ထိုရေလက်ကြားမှ တင်သွင်းနေရသည်။ ထိုအတွက် ကုန်ကျမှုစရိတ်ကြီးမြင့်ခြင်း၊ အချိန်ကြာခြင်း၊ မလက္ကာရေ လက်ကြားရှိ ပင်လယ်ဓားပြများ၏ ရန်ကို ကြောက်ရခြင်း စသည့် အခက်အခဲများက တရုတ်နိုင်ငံအတွက် ခေါင်းကိုက်စရာကိစ္စများ ဖြစ်နေသည်။

ယခုဆောက်နေသော ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြီးစီးသွားပါက မလက္ကာရေ လက်ကြားကို ဖြတ်စရာ မလိုတော့သည့် အပြင် အချိန်ကုန်၊ ငွေကုန်ကျမှု များစွာ လျော့ကျသွားမည် ဖြစ်သည်။

ကျောက်ဖြူဆိပ်ကမ်းကို အခြေပြု၍ တရုတ်နိုင်ငံသို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစိမ်းစည် ၄၀၀၀၀၀ တင်ပို့နိုင်မည် ဖြစ်သည်။

ရခိုင်ကမ်းလွန်ဒေသ၌ ရေနံလုပ်ကွက် A-1 နှင့် A-3 လုပ်ကွက်များကို ၂၀၀၃ ခုနှစ်မှ ထုတ်ယူပြီး တရုတ်နိုင်ငံအား ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။ ထိုဓာတ်ငွေ့များကို နှစ်ပေါင်း ၃၀ အထိ ၀ယ်ယူရန် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် တရုတ်အစိုးရတို့ စာချုပ် ချုပ်ဆိုထားကြောင်း Shwe Gas Movement အဖွဲ့၏ ထုတ်ပြန်ချက်များတွင် ရေးသားထားသည်။

ထို သဘာဝ ဓာတ်ငွေ့စီမံကိန်းမှ စစ်အစိုးရသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ် ရရှိမည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူမြို့ပေါ်၌ နိုင်ငံတကာ လေယာဉ်ကြီးများ ၀င်ထွက်နိုင်မည့် လေဆိပ် စီမံကိန်းများ၊ ဟိုတယ်များ၊ ဂေါက်ကွင်းများ၊ ဆေးရုံများ တည်ဆောက်ရေး စီမံကိန်းများလည်းပါဝင်ပြီး ထိုလုပ်ငန်းများအတွက် လယ်မြေတချို့ သိမ်းနေကြောင်း မြို့ခံများက ဆိုသည်။

“ကျနော်တို့တွေက လယ်မြေတွေ အသိမ်းခံရတဲ့အပြင် အဲဒီစီမံကိန်းလုပ်ငန်းတွေမှာလည်း အလုပ် လုပ်ပိုင်ခွင့်မရှိဘူး၊ ဒေသ
တ၀ိုက်မှာလည်း ငါးဖမ်းပိုင်ခွင့်တို့ လွတ်လပ်စွာ သွားလာခွင့်တို့ မရှိတော့ဘူး” ဟု မဒေးကျွန်း ဒေသခံက ပြောသည်။

လယ်မြေတဧကလျှင် အနည်းဆုံး ကျပ် ၂ သိန်းမှ ၇ သိန်းဝန်းကျင်ရရှိသည်ဟု သိရပြီး အမှန်တကယ်တွင် ထိုလယ်မြေများ၏ အနည်းဆုံးတန်ဖိုးသည် ကျပ်သိန်း ဆယ်ဂဏန်း အထက်တွင်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“နိုင်ငံခြားကုမ္ပဏီက လျော်ကြေး တချို့ပေးတာကို အာဏာပိုင်တွေ ဖြတ်ယူပြီး သုံးပုံတပုံ လောက်ကိုပဲ လယ်ပိုင်ရှင်တွေ၊ ခြံပိုင်ရှင်တွေက ရပါတယ်” ဟု ကျွန်းပေါ်ရှိ ကျောက်တန်း ရွာသားတဦးက ဆိုသည်။

မိဘများ၏ စီးပွားရေးလုပ်ငန်းများ မရှိတော့၍ သားသမီးငယ်များ၏ ပညာရေးကို များစွာ ထိခိုက်သွားမည်ကို စိုးရိမ်နေကြသည်ဟုလည်း ပြောဆိုကြသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းအား လုပ်ဆောင်နေကြသော မဒေးကျွန်းပေါ်ရှိ တရုတ်ကုမ္ပဏီ CNPC နှင့်လက်အောက်ခံ ကုမ္ပဏီများသည် ၎င်းတို့၏ စီမံကိန်း လုပ်ငန်းခွင်များတွင် ဒေသခံများအား အလုပ်လုပ်ခွင့်မပေးဘဲ တရုတ်နိုင်ငံမှ ခေါ်ယူလာသော တရုတ်လူမျိုးများကိုသာ အောက်ခြေ ၀န်ထမ်းအဆင့်မှ အပေါ်ဆုံးအထိ ခန့်ထား၍ လုပ်ဆောင်နေသည်ဟု သိရသည်။

ထိုဒေသ၌ တရုတ်နိုင်ငံသား ၂ ထောင်ဝန်းကျင် ရောက်ရှိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတွင် ဒေသခံများကို အလုပ်ခန့်ခြင်း မရှိသော်လည်း ဂက်စ်သန့်စင် စက်ရုံစီမံကိန်း လုပ်ငန်းခွင်၌ အလုပ်ကြမ်းသမား နေရာများကိုမူ လုပ်ကိုင်ခွင့် ပေးသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

“မနေ့ ၆ နာရီကနေ ညနေ ၆ နာရီလောက်အထိ လုပ်တာ တရက်ကို ၁၅၀၀ ကျပ်ပေးပါတယ်” ဟု အလုပ်သမား တဦးကဆိုသည်။

၁၅၀၀ ကျပ်သည် ကုန်ဈေးနှုန်းနှင့်ယှဉ်ပါက အလွန်တရာ နည်းပါးသော်လည်း လုပ်စရာ အလုပ်များ မရှိတော့၍ ပေးသည့်ဈေးနှင့် လုပ်ကိုင်ကြရပြီး အမျိုးသမီး အလုပ်သမားဆိုပါက တရက်လျှင် ၁၀၀၀ ကျပ်သာ ရရှိသည်ဟု သိရသည်။

ထိုစီမံကိန်းများတွင် လုပ်ကိုင်ကြမည့် တရုတ်အပါအ၀င် အရပ်ဒေသအစုံမှ အလုပ်သမားများ ထပ်မံရောက်ရှိလာမည်ဖြစ်၍
ကျောက်ဖြူဒေသ၌ ဖျော်ဖြေရေး လုပ်ငန်းများ၊ ပြည့်တန်ဆာများ၊ စားသောက်ဆိုင်၊ အရက်ဆိုင်များ ပေါ်လာမည် ဖြစ်သည်။

ကျောက်ဖြူဒေသတွင် ယခုအခါ ဖျော်ဖြေရေးလုပ်ငန်းတချို့ကို မြို့ပေါ်၌ ပေါ်ပေါ်တင်တင် မြင်တွေ့နေရပြီ ဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြပြီး မိမိတို့၏ သားသမီးများအတွက် စိုးရိမ်းမကင်း ဖြစ်နေကြရသည်ဟု ဆိုကြသည်။

“ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ပြည့်တန်ဆာ မိန်းမတွေကို ခေါ်ဆောင်နေတာတွေ မြင်နေရပြီ၊ အာဏာပိုင်တွေက ခွင့်ပြုထားတော့ မြို့ခံတွေက ဘာမှ တားဆီးပိုင်ခွင့်မရှိဘူး” ဟု ဒေသခံတဦးက ဆိုသည်။

စီမံကိန်းများ လုပ်ဆောင်နေသော တရုတ် ကုမ္ပဏီများသည် စည်းကမ်းလိုက်နာမှု၊ ဘာသာရေးလေးစားမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျူးလွန်နေကြောင်း၊ ၀န်ထမ်းတချို့သည် ဒေသခံ ဘုန်းကြီးကျောင်းဝင်းထဲ၌ အရက်သေစာ သောက်စားခြင်းတို့ကိုပါ လုပ်ဆောင်သည်ဟု သိရသည်။

မဒေးကျွန်းပေါ်၌ လုံခြုံရေးကို ထူထပ်စွာ ချထားပေးရာတွင် အောက်ခြေအဆင့်ရှိ စစ်သားများ၊ ရဲဝန်ထမ်းရာထူမှ အလုပ်ပြုတ်လာသူများ စသည့် လူများကို ခန့်ထား၍ ဒေသခံများမှာ ထိုသူများ၏ နိုင်ထက်စီးနင်း ပြုမူခြင်းကို ခံနေရသည့်အပြင် မိမိတို့ ကျွန်းပေါ်တွင် သွားလာရာ၌လည်း မှတ်ပုံတင်ပြ၍ သွားလာနေရသည်ဟု ပြောကြသည်။

ဓာတ်ငွေ့ထုတ်ယူရေး လုပ်ငန်းများကို ပထမဆုံးလုပ်ဆောင်ခဲ့သော Totol နှင့် Unocal တို့သည်လည်း လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့၍ တရားစွဲဆိုခြင်း ခံခဲ့ရသေးသည်။ သို့သော် Total ကုမ္ပဏီသည် နောက်ပိုင်းတွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့သည်။ စီးပွားရေးကိုသာ ရှေ့တန်းတင် လုပ်ဆောင်တတ်သော တရုတ်အစိုးရကမှု ထိုသို့လုပ်ဆောင်ပေးမည် မဟုတ်ပေ။

ထိုလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ကြီးမားလာနိုင်ကြောင်း၊ တောတောင်များ ဆုံးရှုံးခြင်း၊ ပင်လယ်ကမ်းစပ် တလျှောက်ရှိ ဒီရေတောများ ဆုံးရှုံးခြင်း၊ ကျောက်ဆောင် ကျောက်တန်းများ ပျက်စီးခြင်းတို့ တွေ့ကြုံရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။

“ပတ်ဝန်းကျင် ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး စာအုပ်ထဲမှာ ရေးထားတာတွေကတော့ အရမ်းကောင်းတယ်ဗျ။ ဒါပေမယ့် လက်တွေ့ မလုပ်တာက ခက်တယ်။ ကျောက်ဖြူ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမယ့် ကိစ္စတွေ ကျနော်တို့နဲ့ပြောဆိုတာ ဘာမှမရှိဘူး”ဟု ဦးအုန်းက ပြောသည်။

ဓာတ်ငွေ့ထုတ်လုပ်မှုများနှင့် ပတ်သက်သော စွန့်ပစ်ပစ္စည်းများ၊ ထိုလုပ်ငန်းများမှ ထွက်သော အဆိပ်ဖြစ်စေသော ဓာတုပစ္စည်း အရည်များကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုအပြင် ရေနေသတ္တ၀ါများအတွက် အန္တရာယ်ကြီးမားသည်ဟု ဦးအုန်းက ဆိုသည်။ ရေထုညစ်ညမ်းမှု ပမာဏ ကြီးမားမည်ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရသည်လည်း သဘာဝပတ် ၀န်းကျင်ထိမ်းသိမ်းရေးနှင့် ပတ်သက်သော ဥပဒေကို စနစ်တကျရေးဆွဲထားခြင်း မရှိဟု သိရပြီး ထိုစီမံကိန်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဟု တွင်တွင်ပြောဆိုလျက်ရှိသည်။

“ဒေသဖွံ့ဖြိုးလာမယ်ဆိုတာ လက်ခံပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးတွေက တအားများတယ်။ နှစ်ပေါင်း ၃၀ လောက် တရုတ်က သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူမယ်။ သူတို့စီမံကိန်းပြီးသွားရင် ဘာမှ မကျန်တော့ဘဲ အဆောက်အအုံ အခွံတွေပဲ ကျန်ခဲ့မယ်” ဟု ကျောက်ဖြူဒေသခံ ဥပဒေ ကျွမ်းကျင်သူ ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ဒေသဖွံ့ဖြိုးမှု အမှန်တကယ် လုပ်လိုပါက ဒေသခံလူငယ်များအတွက် စီမံကိန်းများ၌ လုပ်ကိုင်နိုင်ရန် အတတ်ပညာများ သင်ကြားမည့်နေရာများ တည်ဆောက်ပေး၍ ထိုလုပ်ငန်းများ၌ မိမိနိုင်ငံသားများ ပါဝင်လုပ်ကိုင်နိုင်ရေးတို့ကို လုပ်ဆောင်ပေးသင့် သည်ဟု အဆိုပါရှေ့နေက ဆိုသည်။

ဒေသခံများအား နိုင်ထက်စီးနင်း ပြုမူခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့အား ကာကွယ်တားဆီးနိုင်ရေးကို ဒေသခံ ဥပဒေ
ကျွမ်းကျင်သူများ၊ ဒေသခံ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများက လုပ်ဆောင်သွားကြမည်ဟု ဆိုကြသည်။

“ကျနော်တို့က ဒီကိစ္စတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်ရှိရင် ဆွေးနွေးမယ်၊ မရရင် ပြည်နယ်လွှတ်တော်အဆင့်မှာ ဆွေးနွေးမယ်၊ လွှတ်တော်တွေက လက်မခံရင် ပါတီအနေနဲ့ ပြောဆိုကန့်ကွက်သွားမယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျောက်ဖြူ ဒေသခံ ဦးဘရှင်က ပြောသည်။

“ဒီစီမံကိန်းတွေ ပြီးသွားရင်လည်း ဒေသခံတွေအတွက် ထူးခြားတဲ့ အကျိုးစီးပွားတွေ ဖြစ်လာနိုင်မယ် မထင်ဘူး။ ဒါကြောင့်
ဒေသခံတွေ အကျိုးရှိမယ့် ကိစ္စတွေကို ပြောဆိုဆွေးနွေးသွားမှာပါ” ဟု ဦးဘရှင်က ဆက်ပြောသည်။

ဒေသခံများအား ထိခိုက်စေမည့် လုပ်ငန်းများကို ပြောဆိုကန့်ကွက်သွားမည်ဟု ၎င်းကဆိုသည်။ သို့သော် လက်ရှိတွင် ဒေသခံ အများစုမှာ စစ်အစိုးရနှင့် တရုတ်အစိုးရတို့၏ လူ့အခွင့်ချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်းတို့ပါတီသည် သဘာဝဓာတ်ငွေ့ကိစ္စ၊ ပင်လယ်ပြင် ကိစ္စများကို အဓိကထား၍ လွှတ်တော်၌ ဆွေးနွေးမည်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပါသော အကြီးစားစီမံကိန်းလုပ်ငန်းများ အားလုံးကို ဗဟိုကသာ လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

ရခိုင်ကမ်းလွန်၊ ကုန်းတွင်းဒေသများအတွင်း သဘာဝဓာတ်ငွေ့များ၊ ရေနံများ ပေါကြွယ်ဝနေသော်လည်း ဒေသခံများမှာ လျှပ်စစ်ဓာတ်အား သုံးစွဲပိုင်ခွင့်မရှိဘဲ သစ်တောများအား ခုတ်လှဲ၍ ထင်း၊ မီးသွေးများကိုသာ အသုံးပြုနေကြရသည်။

“မီတာခ တယူနစ်ကို ၆၀၀ ကျပ်ပေးရပါတယ်။ တအိမ်ရဲ့တလ မီတာခက ၂ သောင်းကျော်ရှိပြီး လုပ်ငန်းရှိတဲ့သူဆိုရင် သိန်းကျော်ထိ ပေးရပါတယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၌ စစ်အစိုးရပေးသော လျှပ်စစ်ဓာတ်အားမှာ တရက်လျှင် ၃ နာရီခန့်သာ ရရှိသည်ဟု စစ်တွေဒေသခံများက ပြောကြသည်။

ရခိုင်ပြည်နယ်အတွင်း၌ ယခုအခါ ရေအားလျှပ်စစ်စီမံကိန်းကြီး ၄ ခုကို အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ထိုမှရရှိသော လျှပ်စစ်များကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့်နိုင်ငံများကို ရောင်းချရန် စစ်အစိုးရနှင့် သဘောတူ စာချုပ်များ အသီးသီး ချုပ်ဆိုထားကြပြီး ဖြစ်သည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များ ရရှိရေးကို အာရှ၏ အကြီးဆုံးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် စစ်အစိုးရအား နည်းလမ်းစုံဖြင့် ချဉ်းကပ်နေကြသည်။

ကျောက်ဖြူရေနက် ဆိပ်ကမ်းကဲ့သို့ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများအတွက်လည်း ဒေသခံများ၏ လယ်မြေဧက ထောင်ပေါင်းများစွာကို အသိမ်းခံခဲ့ရသည်။ တနင်္သာရီတိုင်းမှ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းနှင့် မွန်ပြည်နယ်မှ ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ကိုလည်း မကြာမီ တည်ဆောက်သွားမည်ဟု သိရသည်။

“လယ်မြေ၊ ဥယျာဉ်ဆိုတာက တောသူ တောင်သားတွေရဲ့ အဓိက စီးပွားရေးလုပ်ငန်းပါ။ ဒီလုပ်ငန်းတွေမရှိတော့ရင် ဘာမှ လုပ်စားစရာ မရှိတော့ဘူး” ဟု ကျောက်တန်း ရွာသားတဦးက ဆိုသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊ မလာကျွန်းပေါ်မှ ဒေသခံများသည် ၎င်းတို့၏ ဘိုးဘွားပိုင် လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို အသိမ်းခံထားရ၍ အနာဂတ်ကာလ စီးပွားရေးအတွက် သောကရောက်နေရသည့်အပြင် ထိုဒေသ၌ ဆက်လက်နေထိုင်ပါက
မုန်းတိုင်း သဘာဝဘေးအန္တရယ် ထပ်မံကြုံရမည်ကို စိုးရိမ်ထိတ်လန့် နေကြသည်ဟု ဒေသခံများက ဆိုသည်။

၎င်းတို့သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို ခံထားရသူများ ဖြစ်ပြီး ထိုစဉ်က တောင်ကုန်းတောင်တန်းများ အကာအကွယ် ရှိခဲ့၍ သက်သာရာ ရရှိခဲ့သည်ဟု ဆိုကြသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ယခုအခါ ထိုတောင်များအား တလုံးပြီး တလုံးဖြိုဖျက်နေ၍ ဒေသခံများသည် မုန်းတိုင်းအရေးပါ တွေးတောပူပန်နေကြရသော ဘ၀သို့ ရောက်နေကြရသည်။ တောင်များ၏ အရွယ်အစားသည် အလယ်တန်းစားရှိကြောင်း ဒေသခံများက ပြောသည်။

“ဒီတောင်တွေက လေပြင်း မုန်တိုင်းအန္တရာယ်၊ ရေလွှမ်းမိုးနိုင်တဲ့ သဘာဝ ဘေးအန္တရယ်တွေကို ကာကွယ်ပေးထားတာပါ၊ အခုတောင်တွေ မရှိတော့ရင် သဘာဝ ဘေးအန္တရယ်က အချိန်မရွေး ဒုက္ခပေးနိုင်မှာပါ” ဟု ရွာမ ရွာသားက ဆိုသည်။

No comments:

Post a Comment