Monday, February 28, 2011

အမှန်တရားအတွက် ဆိတ်ဆိတ် မနေနိုင်

အောင်ဇော်

ကိုယ့်တိုင်းပြည် တဖြည်းဖြည်း ဇီဝိန်ချုပ်နေတာကို ကြည့်နေရတာ ကြေကွဲစရာ ကောင်းပါတယ်။ မြန်မာပြည်မှာ ဒီကနေ့ ဖြစ်နေတာတွေကို ကြည့်ရတာ မြန်မာနိုင်ငံသား သန်းပေါင်း များစွာသော တခြားလူတွေအတိုင်း ကျနော့်မှာ စိတ်ပျက်အားလျော့လိုက်၊ အော့နှလုံး နာလိုက်၊ ဒေါသထွက်လိုက်ပေါ့။ အခြေအနေတွေကတော့ ၁၉၈၈ စစ်တပ် အာဏာသိမ်းတုန်း ကတည်းက ကျခဲ့တဲ့သွေးတွေ မတိတ်သေးဘူးလို့ပဲ ဆိုရမယ်။

မြန်မာပြည်မှာ အနှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ မနှစ်ကရွေးကောက်ပွဲဆိုတာကလည်း ဒီ သွေးထွက်သံယိုမှု တွေကို လိမ်လည်မှုဆိုတဲ့ ပိတ်စိမ်းပါးနဲ့ပတ်ပြီး ရပ်တန့်အောင်ကြိုးပမ်းတဲ့ အားထုတ်မှုတခုပဲ ဖြစ်ပါတယ်။“ရွှေဝါရောင်တော်လှန်ရေး” လို့ အမည်တွင်တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့ပြီး မကြာခင်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာရ ဗိုလ်ချုပ်ကြီးတွေက ကြေညာခဲ့တာဟာ တိုက်ဆိုင်မှု လုံးဝ မဟုတ်ပါဘူး။ သွေးချင်းနီနေတဲ့ ခန္ဓာကိုယ်တွေရဲ့ မှတ်တမ်း ပုံရိပ်တွေကို ချေဖျက်ပစ်ဖို့ သူတို့ တခုခု လုပ်မှကို ရမှာလေ။

နိုင်ငံရပ်ခြားက လက်တဆုပ်စာ “မြန်မာ့အရေး ကျွမ်းကျင်သူတွေ” စစ်အစိုးရကို မျက်နှာလို မျက်နှာရ လုပ်နေသူတွေနဲ့ အခြေ အနေကို ဂဃနဏ မသိတဲ့ တလွဲ ဆံပင်ကောင်း လူသားချင်းဆိုင်ရာ အကူအညီပေးသူတွေက တမျိုးပြောနေပေမယ့် မြန်မာပြည် ဟာ အခုထိ အနှစ် ၂၀ ကျော် ဒဏ်ရာဒဏ်ချက်တွေက ပြန် နာလန် မထနိုင်သေးဘူး။ ဘက်လိုက်မှုမရှိတဲ့ ဘယ် မြန်မာပြည်သား မဆို နိုင်ငံဟာ လူမှုရေး၊ စီးပွားရေး ဆုတ်ယုတ်မှုတွေကြားမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲလို့ ပြောမှာပါ။ စစ်အစိုးရရဲ့“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ခေတ်သစ်မှာ နောက်ထပ် နိုင်ငံရေး အကျပ်အတည်း ဒါမှမဟုတ်လည်း တိုင်းရင်းသား ပဋိပက္ခ အခြေခံ ပြည်တွင်းစစ် ကိုပဲ မျှော်လင့်လို့ ရမှာကိုး။

နာကျင်စရာတွေ ပြည့်နှက်နေတဲ့၊ သွေးထွက်လွန်နေတဲ့ မြန်မာပြည်ကို မျက်နှာလွှဲခဲပစ် ဥပေက္ခာပြုလိုက်ဖို့ ကျနော်တို့ နှလုံးသားနဲ့ ဦးနှောက်က ခွင့်မပြုခဲ့ဘူး။ ဖိစီးနှိပ်စက်မှု ဒါမှမဟုတ်လည်း ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်အောင် အိမ်နီးချင်း ထိုင်းနိုင်ငံဆီ တိမ်းရှောင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသား၂ သန်းလောက်ရဲ့မျက်ဝန်းတွေကလည်း ကျနော်တို့ကိုတုန်လှုပ်အောင် လှုပ်နှိုးနေခဲ့တယ်။

ကံကောင်းတာကတော့ ပြည်တွင်းနဲ့ ကမ္ဘာတဝန်းက မြန်မာပြည်သူ သန်းပေါင်းများစွာဟာ အခြေအနေဆိုးက ရုန်းထွက်နိုင်အောင် တွန်းလှန်နေကြတာပါပဲ။ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်မကြီးနာမည်ကို ယူထားတဲ့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ အနေနဲ့ ကျနော်လည်း ကျနော့်နည်း ကျနော့်ဟန် တွန်းလှန်နေခဲ့ပါတယ်။ ပြည်ပရောက် အခြား စာနယ်ဇင်းသမားတွေ နဲ့ ပူးပေါင်းပြီး စစ်အစိုးရရဲ့ မုသာဝါဒ လှိုင်းတွေကို တားဆီး တွန်းလှန်ရင်း အမှန်တရား သတင်းမြစ်ကြီးကို စီးဆင်းစေခဲ့တယ်။

စာနယ်ဇင်းသမားတွေအနေနဲ့ အမှန်တရားကို ပြောရမယ်ဆိုတာကို ယုံကြည်တဲ့အတွက်နဲ့ သတင်းရင်းမြစ် အသီးသီးက ရလာတဲ့ အချက်အလက် ပုံစံအမျိုးမျိုးကို တင်ပြရတဲ့အတွက် ဘယ်လိုမှ နောင်တမရခဲ့ဘူး။ နိုင်ငံရေးအရလည်း ဘယ်သူ့ဘက်ကိုမှ ကျနော် တို့ ဘက်လိုက်ပြီး မရပ်တည်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားနည်းချက်တွေကို ကျနော်တို့ ရှာဖွေ ထောက်ပြခဲ့သလို စစ်အစိုးရနဲ့ အခြား အရေးပါတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမှားအယွင်းတွေကိုလည်း ကျနော်တို့ ရှာဖွေဖော်ပြခဲ့တယ်။ ဒါပေမယ့် အမှန်တရားကို ရိုးရိုးသားသား ပြောဆိုရဲသူ သတ္တိရှင် သူရဲကောင်းတွေဘက်က ကျနော်တို့ အမြဲတမ်း ရပ်တည်ပြီး တင်ပြခဲ့တာဖြစ်ပါတယ်။

ဒါဟာ အမြဲတမ်း လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ ၁၉၉၃ ခုနှစ် ဧရာဝတီ စတင် တည်ထောင်စဉ်ကတည်းက ပုံမှန်ထွက်ရှိခဲ့တဲ့ ပုံနှိပ်မဂ္ဂဇင်းကို အဆုံးသတ်ဖို့ မကြာသေးခင်ကပဲ ကျနော်တို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ အကန့်အသတ်ရှိတဲ့ လူအင်အားနဲ့ ငွေကြေး အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးပြုပြီး ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်အောင် ကြိုးစားမယ် ဆိုတဲ့စိတ်ကတော့ မြင့်မြင့်မားမား ရှိနေဆဲပါ။ လောလောဆယ်မှာလည်း မြန်မာ၊ အင်္ဂလိပ် ဝက်ဘ်ဆိုဒ်တွေနဲ့ ဘလော့အပြင် နော်ဝေးနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံအတွက် ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ ဝါရှင်တန် အခြေစိုက် လွတ်လပ် သော အာရှ အသံအတွက် ရေဒီယို အစီအစဉ်တခုကိုလည်း ကျနော်တို့ စီစဉ်ထုတ်လုပ်နေပါတယ်။

အဲဒီ ကြိုးပမ်းအားထုတ်မှုတွေအားလုံးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ အထောက်အပံ့ကို အမှီသဟဲ ပြုရပါတယ်။ ဒါ့ကြောင့် လည်း ဘဏ္ဍာရေးအခြေအနေဟာ အမြဲတမ်း အနိမ့်အမြင့်နဲ့ ကြုံတွေ့နေခဲ့ရတယ်။ ဒါပေမယ့် အခက်အခဲတွေကြားကပဲ ကျနော်တို့ ရှင်သန် ကြီးထွားနိုင်ခဲ့တယ်။ ဧရာဝတီဟာ ၁၉၉၃ စတင်တည် ထောင်ချိန်မှာ သတင်းထောက် ၂ ယောက်၊ ၃ ယောက်နဲ့ ငွေကြေး အထောက်အပံ့ အမေရိကန်ဒေါ်လာ ၂၀၀၀ လောက်ပဲ ရှိခဲ့ရာကနေ မနှစ်ကဆိုရင် ပြည်တွင်းပြည်ပ သတင်းထောက်တွေအပါအဝင် ဝန်ထမ်း ၆၀ နီးပါးနဲ့ လုပ်ငန်းလည်ပတ်ခဲ့တဲ့အပြင် ဘတ်ဂျက်ကလည်း ဒေါ်လာ တသန်း နီးပါး ရှိခဲ့ပါတယ်။ ဘဏ္ဍာရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အဝေးကြီးလိုနေသေးတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေမှာ ဘယ်သူမှ ဝင်မစွက်နိုင်အောင် အမြဲတမ်း ထိန်းသိမ်းကာကွယ်ခဲ့ပါတယ်။ ဒီအပေါ်မှာလည်း အလှူရှင်အများစုက လေးစား အသိအမှတ်ပြုကြတယ်။

မကြာသေးခင်ကတော့ အလှူရှင်အသိုင်းအဝိုင်းမှာ ကျနော်တို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မြင်တွေ့ခဲ့ရတယ်။ စစ်အစိုးရက ဝေဖန် အတိုက်အခံပြုသူတွေကို ချိနဲ့သွားအောင် စစ်ဆင်ရေးလုပ်နေချိန်မှာ အလှူရှင်တချို့က ကျနော်တို့ကို စွန့်ခွာဖို့ လုပ်လာခဲ့ကြတယ်။ အလှူရှင်အဖွဲ့တခုက ကျနော်တို့မသိဘဲ အခြားအလှူရှင်တွေဆီကို မနှစ်တုန်းက အီးမေးလ် တစောင် ပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ သူတို့ရဲ့ အထောက်အပံ့နဲ့ ဆက်ပြီး မထိုက်တန်တော့ဘူးလို့ သူတို့အနေနဲ့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စာထဲမှာ ဆိုခဲ့ပါတယ်။ ကျနော်တို့ကို “အလှူရှင် နောက်မြီးဆွဲ” တွေလို့လည်း အီးမေးလ်ထဲမှာ စွပ်စွဲထားသေးတယ်။ ဒီအသုံးအနှုန်း ဟာ စစ်အစိုးရကို သံယောင်လိုက်တဲ့ အသုံးအနှုန်းပါ။ ဒီ “သတင်း” ကို စစ်အစိုးရရဲ့သတင်းဌာနတွေက အလျှင်အမြန် ထုတ်လွှင့်ကြ တဲ့ အပြင် ဧရာဝတီ ဇတ်သိမ်းခန်း ရောက်တော့မယ်လို့တောင် ဆိုကြတယ်။

ငွေတွေကို မြန်မာပြည်ထဲမှာ သုံးတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့ အလှူရှင်တချို့ရဲ့အေးစက်သွားတဲ့ ဆက်ဆံရေးဟာ ကျနော်တို့ချည်း သက်သက်အတွက်တော့ မဟုတ်ပါဘူး။ ရေရှည်ထောက်ပံ့ခဲ့ကြတဲ့ အလှူရှင်အများစုရဲ့ အကူအညီကို ကျနော်တို့ ဆက်လက် ရယူသွားနိုင်သေးပေမယ့် အန္တရာယ်ရှိနေတဲ့ အနေအထားတခုကတော့ အလှူရှင်တချို့အနေနဲ့ စစ်အစိုးရရဲ့လမ်းကြောင်း ဖြစ်တဲ့ ပြည်ပက လူမှုအခြေပြု အဖွဲ့တွေနဲ့ ဒုက္ခသည် အကူအညီ ပေးရေးအဖွဲ့တွေကို ကူညီနေတာဟာ မြန်မာပြည် ပဋိပက္ခကို ကြာရှည်စေယုံ သက်သက်ပဲဖြစ်တယ်ဆိုတဲ့ လမ်းကြောင်းကို ခင်းနေကြတာပဲ ဖြစ်တယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည် ကို အကျပ်အတည်းကြားက လွတ်မြောက်သွားစေမယ့်လမ်းလို့ သူတို့က ဆိုကြတယ်။

သူတို့ တကယ်ပဲ အဲ့ဒီလို ယုံနေကြသလား။

မြန်မာ့ နိုင်ငံရေးကို ချိန်ချိန်ဆဆနဲ့ လေ့လာစောင့်ကြည့်နေသူ ဘယ်သူမဆို ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အပေါစား ဟာသပြဇာတ် သက်သက် ဆိုတာကလွဲလို့ အခြား ဘယ်လိုပုံစံနဲ့မှ အသိအမှတ်ပြု မရ ဖြစ်နေရတယ်။ ဒါပေမယ့် မယုံနိုင်စရာကောင်းတာက စစ်အစိုးရလက်ဝေခံ အဖွဲ့အစည်းတချို့ဟာ သူတို့ကိုယ်သူတို့ နိုင်ငံတကာအလှူရှင်တွေအတွက် အလားအလာရှိတဲ့ “ပါတနာ” တွေလိုမျိုး ပြုမူဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး လှစ်ဟပြဖို့ ကျနော်တို့ရဲ့ အားထုတ်မှုနဲ့ ရွေးကောက်ပွဲ သတင်းပေးပို့ချက်တွေအပေါ် အနုတ် သဘော ဆောင်တယ်လို့ ကျနော်တို့ကို အနောက်နိုင်ငံသား အလှူရှင် တချို့က ဝေဖန် ကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ စာနယ်ဇင်း လောကအတွက် အဆုံးစွန် အံချော်မှုလို့ပဲ ဆိုရပါတော့မယ်။ စာပေစိစစ်ရေး ရဲ့ ပြုသမျှ ခံနေရတဲ့ ပြည်တွင်းက ကျနော့် လုပ်ဖော်ကိုင်ဖက်တွေက စာနာ နားလည်ပေးကြတယ်။ ဧရာဝတီ ကလည်း “လွတ်လပ်”တဲ့ ကမ္ဘာကြီးမှာ နေတဲ့သူ တချို့ မကြားချင်တဲ့ သတင်းဆိုးတွေကိုမှ ဖော်ထုတ် တင်ပြနေတာကိုး။

ပြည်တွင်း စာနယ်ဇင်းသမားတွေက သိပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ “ပုဂ္ဂလိကပိုင်ပြုရေး” ဆိုတာတွေဟာ တိုင်းပြည်ရဲ့ ဓနဥစ္စာကို စစ်အစိုးရရဲ့ အပေါင်းအပါ ဒါမှမဟုတ် ဆွေမျိုးတွေဆီ တရားဝင် လွှဲပြောင်းတာသာဖြစ်ပြီး ဒါဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု လက္ခဏာ မဟုတ်ဘူးဆိုတာ သူတို့ သတင်းရေးမရဘူး။ ငါ့မြင်း ငါဆိုင်း စီးပွားရေးလုပ်ငန်း ရှင်တွေ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားလုပ်တဲ့အခါတိုင်း ရာဂဏန်း ဒါမှမဟုတ် ထောင်ချီတဲ့ ပြည်သူတွေ သူတို့အိမ်ကနေ ကတိုက်ကရိုက် မောင်းထုတ်ခံရတာမျိုး သူတို့ သတင်းရေးမရဘူး။ အလားတူပဲ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေက ရန်ကုန်မှာရှိတဲ့ နိုင်ငံ ပိုင် အချက်အချာ နေရာတွေနဲ့ အဓိက အဆောက်အအုံတွေကို သိမ်းယူတာ ဒါမှမဟုတ် စစ်အစိုးရ အပေါင်းအပါတွေက သန်းချီတဲ့ ဒေါ်လာတွေကို လုံခြုံအောင် စင်ကာပူဘဏ်တွေမှာ အပ်နှံထားတာတွေနဲ့ ဈေးကြီးတဲ့ ကွန်ဒိုတွေ နိုင်ငံခြားမှာ ဝယ်တဲ့ကိစ္စမျိုးတွေကိုလည်း ပြည်တွင်းမီဒီယာတွေက ရေးသား တင်ပြလို့ မရပါဘူး။ ဒီတော့ ဒီလိုကိစ္စမျိုးတွေကို ထုတ်ဖော်တင်ပြဖို့တာဝန်ဟာ ကျနော်တို့ ပုခုံးပေါ် ကျရောက်လာပါတယ်။

ချုပ်ရရင် ကျနော်တို့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘူး၊ မကြာခင် ဆုံးခန်းတိုင်သွားတော့မှာလို့ ဗိုလ်ချုပ်ကြီးတွေနဲ့ အပေါင်းအပါတွေ က ထင်ချင် ထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့အထင် မှားပါလိမ့်မယ်။ ကျနော်တို့အလုပ်ကို ကျနော်တို့ တခုတ်တရ ထိန်းထားနိုင်တာဟာ အနောက်နိုင်ငံတွေကရတဲ့ ငွေကြေးအထောက်အပံ့ကြောင့် မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်တွေကို ကြား သိချင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့်သာ ဖြစ်ပါတယ်။ စစ်အစိုးရက သူတို့ရဲ့သိခွင့်ကို ငြင်းပယ်နေ သမျှ ကျနော်တို့ရဲ့ တိုက်ပွဲဟာလည်း ဆက်လက် တည်ရှိနေမှာပါ။

ဇန်နဝါရီ ၂၅ ရက်နေ့ Wall Street Journal မှာ ပါတဲ့ Speak Truth to Burma by Aung Zaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။

No comments:

Post a Comment