အစိုးရ အပြောင်း အလဲကာလ ရွှေဈေးနှုန်းများ အလွန်အမင်း ထိုးတက်မှု မဖြစ်စေရန် ရွှေကုန်သည်များကို သက်ဆိုင်ရာ အာဏာပိုင်များက ဖိအားပေး နေကြောင်း သတင်းရရှိသည်။ဝန်ထမ်း လစာများ တိုးမြှင့်မည်ဆိုသော သတင်းနှင့် ကျပ် ၁ သောင်းတန် ငွေစက္ကူ ထွက်မည်ဆိုသော သတင်းကြောင့် ရွှေဝယ်စုကြသူများ အလွန်များပြားလာရာ ရွှေဈေးနှုန်း ထိုးမတက်စေရန် သက်ဆိုင်ရာ အာဏာပိုင်များက ဖိအား ပေးခြင်း ဖြစ်သည်။
ထိုသို့ ရွှေဝယ်ယူအား မြင့်မားလာသည့်အတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက အထူးအစည်းအဝေး တရပ်ခေါ်ယူပြီး ရွှေ ဈေးကွက်တွင် ကြိုရောင်းကြိုဝယ် (လေပတ်ကား) မပြုလုပ်ရန် အထူးသတိပေးချက် တရပ် ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်း တာဝန်ရှိသူတဦးက ပြောသည်။
ရွှေလုပ်ငန်းရှင်များ အသင်းသည် ရွှေဈေး ထိန်းသိမ်းရန် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) နှင့် အာဏာပိုင်များ ပူးပေါင်း လမ်းညွှန်မှုကို ခံယူကာ ဖွဲ့စည်းထားသည့် အသင်း ဖြစ်သည်။
လေပတ်ကား ဆိုသည်မှာ ရွှေဈေးကွက်တွင် တက်နိုင်မည့် ရွှေဈေးနှုန်းကို ခန့်မှန်းပြီး ကုန်သည် အချင်းချင်း အလောင်းအစား လုပ် ရောင်းဝယ်ကြခြင်း ဖြစ်သည်။
“ရွှေဈေးတက်တာက ကုန်သည် ဈေးကစားတာထက် ရွှေဝယ်ချင်တဲ့သူ များလွန်းလို့ တက်နေတာ။ လစာ တိုးမယ်ဆိုတဲ့ သတင်းက သေချာပြီလို့ ကြားနေရတယ်။ လူတွေကလည်း ငွေဖောင်းပွမှု ဖြစ်မှာကို ကြောက်တော့ ရွှေပဲ ၀ယ်စုကြတယ်” ဟု မန္တလေးမြို့မှ ရွှေဆိုင်နှင့် ရွှေသန့်စင်ရေးဆိုင် ပိုင်ရှင် တဦးက ပြောသည်။
လေပတ်ကား မပြုလုပ်ရန် တားမြစ်ထားသည့်ကြားမှ ရွှေဈေးအလွန်အမင်း ထိုးတက်မှု ဖြစ်လာလျှင် ရွှေအသင်းနှင့် အာဏာပိုင်များ ပူးပေါင်းပြီး ဈေးကွက်ပေါက်ဈေးထက် နိမ့်သော ဈေးဖြင့် ထုတ်ရောင်းရန် စီစဉ် ထားကြောင်းလည်း ရွှေအသင်းမှ သိရသည်။
“လူတွေက ရွှေကို သဲသဲမဲမဲ လိုက်ဝယ်နေရင် ရွှေဈေးက ထိန်းဖို့ခက်မယ်။ တတ်နိုင်သမျှ ထိန်းဖို့တော့ အစီအစဉ်တွေ လုပ်ထားတယ်။ ဥပမာ- ဈေးကွက်ဈေးနှုန်းထက်နိမ့်တဲ့ ဈေးနဲ့ ရွှေတွေထုတ်ရောင်းတာမျိုး လုပ်မယ်” ဟု ရွှေအသင်း ဥက္ကဋ္ဌ ဦးသူတော်နှင့် နီးစပ်သော ရွှေကုန်သည် ကပြောသည်။
စစ်ဗိုလ်ချုပ်များ၏ အာဏာလွန်ဆွဲပွဲ သတင်းများနှင့် လစာတိုးမြှင့်မည်ဆိုသည့် သတင်းများကြောင့် ဖေဖော်ဝါရီလဆန်း ပိုင်းအထိ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ၆၃၀၀၀၀ ကျပ်ရှိနေရာမှ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ၆၈၂၀၀၀ ကျပ်အထိ ဈေး ထိုးတက်ခဲ့သည်။
သို့ရာတွင် အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ဈေးအနည်းငယ် ပြန်လည် ကျဆင်းခဲ့သည်။ ယခုလက်ရှိ အကယ်ဒမီ အခေါက်ရွှေတကျပ်သား ၆၇၀၀၀၀ ကျပ် ဝန်းကျင်တွင် ရှိနေသည်။
ရွှေဈေးအပြင် ဒေါ်လာဈေးလည်း မြင့်တက်လာသည်။ ယခုလအစောပိုင်းက အမေရိကန် ၁ ဒေါ်လာလျှင် ၈၆၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း ၁၆ ရက်နေ့က ၉၃၀ ကျပ်အထိ မြင့်တက်သွားသည်။ ယနေ့ ၉၀၅ ကျပ် ဖြစ်နေသည်။
စက်သုံးဆီ အရောင်းဆိုင်များက ရောင်းချနေသော ဒီဇယ်နှင့် အော့တိန်းဆီများလည်း ဈေးထိုးတက် နေကြောင်း သိရှိရသည်။
“ဒီဇယ်က အရင်က တဂါလန် ကျပ် ၃၀၀၀၊ အခု ၃၅၀၀။ အော့တိန်းက အရင်က တဂါလန် ကျပ် ၂၉၀၀ အခု
၃၄၀၀ ။ ဓာတ်ဆီက အစိုးရသတ်မှတ်ဈေး ကျပ် ၂၅၀၀ နဲ့ပဲ ရောင်းပေးတယ်။ ဒါပေမယ့် ကားတစီးကို ဓာတ်ဆီ ၂ ဂါလန် ခွဲတမ်း တန်းစီစနစ်နဲ့ ရောင်းတယ်” ဟု ရွှေတောင်ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် မန်နေဂျာက ပြောသည်။
အခြေခံ စားကုန်ဖြစ်သည့် ဆန်နှင့်ဆီဈေးမှာလည်း မြင့်တက်လျက်ရှိပြီး ဆန်တအိတ်လျှင် အနည်းဆုံး ကျပ် ၂၀၀၀ ကျော်တက်သွားကြောင်း သိရှိရသည်။
“ဒီဇယ်ဈေး တက်တဲ့အပြင် ဂိတ်တွေမှာ တန်ပိုမသယ်ခိုင်းတော့ ပို့ဆောင်ရေးစရိတ် ပိုတက်တယ်။ အဲဒီတော့ ဈေးလည်း လိုက်တက်တယ်။ ဆန်အိတ် ၂၀၀ သယ်လို့ရတဲ့ ကုန်ကားက ဆန်အိတ် ၁၀၀ ပဲ သယ်ခွင့်ပေးတော့ နှစ်ခေါက်ခွဲ သယ်ရတယ်။ အဲဒီတော့ ကုန်ပစ္စည်းဈေးက တက်မှာပဲ။ ရှေ့လျှောက် ဒီထက်ပိုတက်မှာပါ” ဟု ဘုရင့်နောင် အခြေစိုက် ဆန်ကုန်သည် ကြီးတဦးက ပြောသည်။
စားအုန်းဆီ ဈေးနှုန်းမှာ ဇန်န၀ါရီ လဆန်းပိုင်းက တပိဿာ ကျပ် ၂၀၀၀ မှ ယခု ၂၇၅၀၊ မြေပဲဆီမှာ တပိသာ ကျပ် ၃၄၀၀ မှ ယခု ၄၃၀၀ ကျပ်အထိ ဈေးထိုးတက်လျက် ရှိသည်။
အစိုးရက ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီများ ဖွဲ့စည်းပြီး ဈေးနှုန်းများ ကျဆင်းစေရန် ဖိအားပေး ဆောင်ရွက်လေ့ ရှိသော်လည်း ယခုအစိုးရ အပြောင်းအလဲကာလတွင် အဆိုပါ ဈေးနှုန်း ထိန်းသိမ်းရေး လုပ်ငန်းများ ရပ်ဆိုင်းလျက် ရှိကြောင်း ကုန်သည် အသိုင်းအ၀န်းမှ သိရသည်။
No comments:
Post a Comment