Sunday, February 20, 2011

ပြည်တွင်းဖြစ် ဆာဖာရီ နေပြည်တော်

ရန်ကုန်သားတာတေ

နေပြည်တော်တွင် တိရစ္ဆာန်ပေါင်းစုံတို့ ခြေရှုပ်နေသည် ...။ လမ်းပေါ်တွင် ကြံ့များ၊ နွားများ၊ မြင်းများ၊ လားများ၊ မြင်းလှည်း၊ နွားလှည်းများ ပြည့်နှက်နေ၏။ ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က နေပြည်တော်ရှိ ဆာဖာရီ တိရစ္ဆာန်ဥယျာဉ်ကို လေ့လာရန် ရောက်နေခြင်းဖြစ်ရာ လမ်းပေါ်မှ တိရစ္ဆာန်များကို မနည်းရှောင်တိမ်းနေရသည်။

“တိရစ္ဆာန်တွေ ခေတ်ကောင်းနေတယ် ဦးရုက္ခစိုး”

အသံလာသည့်ဘက်ကို သုံးဦးသားလှည့်ကြည့်မိရာ မြက်စားနေသည့် နွားတကောင်ကို သာ သူတို့ တွေ့လိုက်ရသည်။

ကြွက်စုတ်။ ။ ဘုရားဘုရား … နွားကြီးက လူလို ပြောတယ်ဟ။

ဖိုးရှုပ်။ ။ သရဲထင်တယ်နော် ဦးရုက္ခစိုး လုပ်ပါဦး။

“မကြောက်ကြပါနဲ့ ကျုပ်ပါ၊ ကြပ်ငပွေးပါဗျ။ နေပြည်တော်မှာ တိရစ္ဆာန်တွေ ခေတ်ကောင်းနေတယ်” ဟူသည့်အသံ နွားကြီးကျောပေါ်မှ ထွက်လာသည်ကို ကြားလိုက်ရပြီး နွားကြီးကို ခွစီးထားသော ကြပ်ငပွေး၏ ပုံမှာ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာလေသည်။

ရုက္ခစိုး။ ။ ဟ ကြပ်ငပွေးပါလား။ ဘယ်လိုဖြစ်လို့ နွားကြီး စီးနေတာလဲ။

ကြပ်ငပွေး။ ။ ဦးတေဂွက အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကို တန်ပြန် စီးပွားရေး ပိတ်ဆို့တယ်လေ။

ဖိုးရှုပ်။ ။ တေဂွ အရူးထတာနဲ့ ကြပ်နဲ့ ဘာဆိုင်လို့လဲကွာ။ ကြီးကြီးကျယ်ကျယ်။

ကြပ်ငပွေး။ ။ ကြပ်ကို ကြီးကျယ်တယ် မပြောပါနဲ့ဗျာ။ ကြပ်လည်း ကြပ်အထွာနဲ့ကြပ်ပဲ။ ကြပ်ပြေးမှာ ဆက်နေချင်တော့ ချိုကုပ်ဒူးကြီးကို လန့်ရတာပဲဗျ။

ကြွက်စုတ်။ ။ ဒါဆိုလည်း နွားစီးရခြင်း အကြောင်းရင်း လင်းစမ်းပါဦး။ ကြပ်တွေ နွားစီးပါလို့ ချိုကုပ်ဒူးကြီးက ဥပဒေသစ် ထုတ်လို့လား။

ကြပ်ငပွေး။ ။ ခက်နေပြန်ပါပြီ။ တေဂွက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို စီးပွားရေးပိတ်ဆို့ပြီး အနောက်နိုင်ငံက စက်ပစ္စည်းတွေ မဝယ်ဘူး၊ မသုံးဘူးဆိုတော့ ကြပ်လည်း ကားမစီးဘဲ နွားပဲ စီးရတော့တာပေါ့ဗျ။ နေပြည်တော်မှာက နွားပဲ ပေါတဲ့ဟာ။

ရုက္ခစိုး။ ။ ဒါများကွာ … စက်မှုဇုန်နဲ့ တရုတ် ဖက်စပ် ကားတွေရှိသားပဲ။

ကြပ်ငပွေး။ ။ ဟာ မလုပ်ပါနဲ့။ နေပြည်တော် လမ်းတွေမှာ ဒီကားတွေသွားစီးရင် ကြပ်ဘဝ ကနေ ထပ်ပြီး စုတေမှဖြင့်။ ကိုယ့်ဘာသာ အေးအေးဆေးဆေး နွားပဲ စီးပါရစေ။

ရုက္ခစိုး။ ။ ဒါနဲ့ နေပြည်တော်မှာ တိရစ္ဆာန်တွေ ခေတ်ကောင်းနေတယ်ဆိုတာ ဘာလဲကွ။ လမ်းပေါ်မှာလည်း တိရစ္ဆာန်တွေ ချည်းပဲ။ အဲဒါကို ပြောတာလား။

ကြပ်ငပွေး။ ။ ဟုတ်တယ်လေ။ ဦးတေဂွက အနောက်နိုင်ငံတွေကို စီးပွားရေးပိတ်ဆို့တယ် ဆိုတော့ ဘယ်သူမှ ကားမစီးရဲ ကြတော့ဘူး။ အားလုံး ရုံးသွား ရုံးပြန်ကအစ နွားတွေ၊ မြင်းတွေပဲ စီးကြတော့တယ်။

ထိုစဉ် သူတို့နားသို့ ချိတ်ထဘီ အဖြူရောင်ဝတ်၍ လားတကောင်ကို စီးကာ ချိုကုပ်ဒူးကြီး ပေါက်ချလာသည်။ ချိုကုပ်ဒူးကြီးကို တွေ့သည်နှင့် ကြပ်ငပွေးက “ကျုပ်လစ်ပြီဗျို့။ ကျုပ်ကိုတွေ့ရင် ထူးဆန်းတဲ့အကောင်ဆိုပြီး ဖမ်းပြီးတော့ ဆာဖာရီကြီးထဲ ထည့်လှောင်ထားမှာ ကြောက်တယ်” ဟု ပြောကာ နွားကြီးဒုန်းစိုင်း၍ ပြေးထွက်သွားလေသည်။

ကြွက်စုတ်။ ။ ဟင် … ချိုကုပ်ဒူးကြီးက လားကြီး စီးလို့ပါလား။

ဖိုးရှုပ်။ ။ ဟုတ်သားပဲ … ချိုကုပ်ဒူးကြီး ကျတော့ ဘာလို့ နွားမစီးတာလဲ။

ချိုကုပ်။ ။ ကွိုင်ကွိုင်က မှာထားတယ်။ ဗေဒင်တွက်ကြည့်တာ စနေနံ အကောင်နဲ့ ကြာသပတေးကောင် မစီးပါနဲ့တဲ့။ အဲဒါကြောင့် ဗုဒ္ဓဟူးနံ လားစီးတာ။ အခု သမ္မတ လုပ်ခိုင်းထားတဲ့ သိန်းဂိန်ကိုကော ကျန်တဲ့ လွှတ်တော်အမတ်တွေ ကိုပါ လားစီးခိုင်းထားတယ်။

ရုက္ခစိုး။ ။ ဘာဖြစ်လို့ စနေနံနဲ့ ကြာသပတေးနံ အကောင်တွေ မစီးတာတဲ့လဲ။

ချိုကုပ်။ ။ ပြဿနာရှိတယ်ဗျ။ စနေနံ တင်ကွေးနဲ့ ကြာသပတေးနံ ကိုယ်ရမြင့်ပြောင်က အခု ကျုပ်ကို ကွိုင်ရှာနေပြီလေ။ အဲဒီနံတွေကို သွားစီးရင် သူတို့ကို မစီးနိုင်တော့ဘူး ဖြစ်သွားမှာစိုးလို့။ ခဏ လွှတ်ပေးထားတာ။

ဖိုးရှုပ်။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ဘယ်က ပြန်လာတာလဲဗျ။

ချိုကုပ်။ ။ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို တိုင်းခန်းလှည့်လည်ပြီး ပြန်လာတာ။ တိရစ္ဆာန်တွေမှာ ဘာလိုအပ်ချက်တွေ ရှိလဲ သွားမေးတာ။ ဝှူး … မောလိုက်တာနော်။

ကြွက်စုတ်။ ။ ချိုကုပ်ဒူးကြီးက တိရစ္ဆာန်စကားလည်း နားလည်တာပဲနော်။ အံ့ရောပါပဲ။

ကြွက်စုတ် ရွဲ့ပြောလိုက်သည့်စကားကို ချိုကုပ်ဒူးကြီး မကြားလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လားတကောင်ကို စီး၍ အော်လံကြီးကို ပါးစပ်တွင်တေ့ကာ “ဥရောပနဲ့ အမေရိကန်ကို တန်ပြန်စီးပွားပိတ်ဆို့ကြပါစို့” ဟု အသံပြဲကြီးနှင့် အော်နေသော တေဂွကို ကြည့်ရင်း သဘောကျနေသည့်အတွက် ဖြစ်သည်။

ချိုကုပ်။ ။ တော်လိုက်တဲ့ တေဂွဗျာ ...။ ကျုပ်မှာသာ သမီးချောချောလေးတွေ ရှိရင် သားမက်တော်ပါတယ်။ တကယ်ပဲ … တကယ်ပဲ။

ဖိုးရှုပ်။ ။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလည်း အခုလောက်ဆို တော်တော်လေး နောင်ကျဉ်နေ လောက်ပါပြီ။

ချိုကုပ်။ ။ ဒါပေါ့ … ဒါပေါ့။ တကယ်တော့ တေဂွ ပြောသလို ပြည်တွင်းဖြစ်ကိုပဲ အားပေးတာ ကောင်းပါတယ်။ ကျုပ်ဆိုရင် အခု ချိတ်ထဘီပဲ ဝတ်တော့တယ်။ တွေ့တယ်မဟုတ်လား။ ကျုပ်မြေးဖိုးလောက်လန်းကိုတောင် ပြည်ပက ဘောအသင်းတွေကို အားမပေးဘဲ ပြည်တွင်းဖြစ် ဘောသမားစစ်စစ်တွေကို အားပေးဖို့ နေပြည်တော် ယူနိုင်တက်ကို ထောင်ပေးလိုက်ပြီ။

ကြွက်စုတ်။ ။ ဒါဆို မြန်မာတိုင်းမ်စ် ဂျာနယ်က အယ်ဒီတာချုပ် မစ္စတာ ရော့စ် ဒန်အိုးဒန်ခွက်ကိုလည်း ချိုကုပ်ဒူးကြီးပဲ ကစ်လိုက်တာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ သေချာတာပေါ့ဗျာ။ နာမည်က မြန်မာတိုင်းမ်စ် ဆိုပြီး နိုင်ငံခြားသားက အုပ်ချုပ်နေတာ ဘယ် ကြည့်ကောင်း ပါ့မလဲ။ ဒါကြောင့် ကတုံးကြီးကို အမှုဆင်ပြီး ကစ်လိုက်တာ။ အခုတော့ ရွေးကောက်ပွဲတုန်းက ဘယ်လိုလုပ်လုပ် မနိုင်နိုင်တဲ့ ပြည်တွင်းဖြစ် တင်ထွန်းပြူးလည်း မြန်မာတိုင်းမ်စ် အယ်ချုပ်ဖြစ်သွားတော့ ရှုံးခဲ့သမျှ ကျေနပ်သွားတာပေါ့ဗျာ။

ထိုစဉ် ဦးတေဂွမှာ လားစီးလျက်သား သူတို့နား ရောက်လာသည်။

တေဂွ။ ။ ချိုကုပ်ဒူးကြီး။ ကျနော်မျိုးကြီး တောင်းထားတဲ့ လုပ်ကွက် ချပေးဦးလေ။

ချိုကုပ်။ ။ စိတ်ချပါ တေဂွရယ်။ ဟောဒီက မိတ်ဆွေကြီး ဦးရုက္ခစိုးနဲ့ တိုင်ပင်ပြီးရင် ချပေးပါ့မယ်။

ချိုကုပ်ဒူးကြီးက ကျောသပ်၊ ရင်သပ် လုပ်လိုက်သည်နှင့် တေဂွ ကျေနပ်ပြီး “ဥရောပနဲ့ အမေရိကန်ကို တန်ပြန် စီးပွား ပိတ်ဆို့ကြပါစို့” ဟု အော်ရင်း လားစီး၍ ထွက်သွားပြန်သည်။

ရုက္ခစိုး။ ။ ဘာ လုပ်ကွက်များလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ ဒီလိုဗျာ … အခုဆိုရင် ကျုပ်ရဲ့ နေပြည်တော်ကြီးဟာ … တိရစ္ဆာန်တွေ စည်စည်ကားကားနဲ့ တကယ့် ထူးဆန်းတဲ့ မြို့တော်ကြီး ဖြစ်နေပြီ မဟုတ်လား။ ရန်ကုန်မှာ ရှိသမျှ အားလုံး နေပြည်တော်ကြီးမှာ မရှိဘူးဆိုတာ မဖြစ်စေရဘူးလေ။

ဖိုးရှုပ်။ ။ အဲဒီတော့ ဦးတေဂွက ဘာ ထပ်ရွှေ့ချင်သေးလို့လဲ။

ချိုကုပ်။ ။ တကယ့် ဇီးကွက် စီးပွားရေးစနစ်ကို ကျွမ်းကျင်တဲ့ တေဂွပါပဲ။

ကြွက်စုတ်။ ။ ဈေးကွက် စီးပွားရေး လုပ်ပါဗျာ။

ချိုကုပ်။ ။ တေဂွက ညမအိပ်ဘဲ အလုပ်လုပ်တာဆိုတော့ ဇီးကွက်စီးပွားရေးလို့ ပြောမှ မှန်မယ်ဗျ။ အခုသူက နေပြည်တော်မှာ မရှိသေးတာတခုကို ရွှေ့ချင်နေတယ်။ အဲဒါကတော့ ရန်ကုန်က ရွာသာကြီး စိတ္တဇ ဆေးရုံတဲ့ဗျ။ နိုင်ငံတကာ အဆင့်မီ နေပြည်တော် စိတ္တဇဆေးရုံ ဆိုပြီး လုပ်ချင်တာ။

ကြွက်စုတ်က “ဟာ … အရမ်းကောင်းတဲ့ အကြံပဲ။ နောက်ပိုင်း နေပြည်တော်သားတွေအတွက် ကောင်းတာပေါ့” ဟု ပင့်ပေးလိုက်သည်။

ချိုကုပ်။ ။ ကျုပ်ကလည်း ကောင်းတယ်ဆိုတာ သိပြီးသားပါ … ဟဲဟဲ ...။ သိပ်လွယ်တယ် ဖြစ်မှာစိုးလို့ ခဏ ဆိုင်းထားတာ။ အခုတော့ ဒီလုပ်ကွက် တေဂွကို ချပေးလိုက်တော့မယ်။ ပြည်တွင်းဖြစ် နေပြည်တော် စိတ္တဆေးရုံကြီးကို … ကမ္ဘာက မြင်ရတော့မယ်ဗျ။ အဲဒီမှာ ပြည်တွင်းဖြစ် အရူးတွေပဲ ထားမယ်။

ရုက္ခစိုး။ ။ နေပြည်တော်က အရူးတွေဆိုရင် ပိုပြီး ပြည်တွင်းဖြစ် စစ်စစ် ဖြစ်မယ်ဗျ။

ဖိုးရှုပ်။ ။ စိတ္တဇဆေးရုံကတော့ ပြည်တွင်းဖြစ် ဟုတ်ပါပြီ။ ဒါပေမယ့် … နေပြည်တော် တိရစ္ဆာန်ဥယျာဉ်က ထူးဆန်းတဲ့ တိရစ္ဆာန် တွေကိုတော့ နိုင်ငံခြားက ဈေးကောင်းပေး ဝယ်ခဲ့ပြီးတာဆို။

ဖိုးရှုပ်စကားကြောင့် ချိုကုပ်ဒူးကြီး အနည်းငယ် ငိုင်သွားသည်။

ချိုကုပ်။ ။ ဟုတ်တယ်နော် ...။ ဒီတခုတော့ ပြည်တွင်းမဖြစ်နိုင်ဘူး ဖြစ်သွားတယ်။ ဘယ်လိုလုပ်ရပါ့။

ရုက္ခစိုး။ ။ လွယ်ပါတယ် ...။ ကမ္ဘာ့အထူးဆန်းဆုံး သတ္တဝါတွေ ချိုကုပ်ဒူးကြီးဆီမှာ ရှိသားပဲ။ ပြစားလိုက်ရုံပဲ။ ပိုက်ဆံတောင် ပိုရဦးမယ်။

ချိုကုပ်။ ။ ဟုတ်လား။ ဘာကောင်တွေလဲဗျ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီး မိသားစုနဲ့ ချိုကုပ်အပေါင်းအပါတွေလေ။ အဲဒါတွေအားလုံးကို ချိတ်ထမီတွေ ဝတ်ပေးပြီး ရုံသွင်းပြစား။ ရလိုက်မယ့် ပိုက်ဆံ … ဝက်ဝက်ကို ကွဲနေမှာ။

ဦးရုက္ခစိုးစကားအဆုံးတွင် တခုခု မှားတော့မည်ကို ကြိုသိနေသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ လုပ်နေကြအတိုင်း ခြေလှမ်းကို အသင့်အနေအထား ပြင်ထားလိုက်ကြသည်။

ချိုကုပ်ဒူးကြီး၏ မျက်နှာမှာ မည်းနေရာမှ ပိုမှောင်သွားပြီးနောက် … “ဟုတ်တယ်။ ကျုပ် နေပြည်တော် ဆာဖာရီက တိရစ္ဆာန်တွေကို အားလုံးလွှတ်ပေး လိုက်တော့မယ်။ ပြီးတော့ ကမ္ဘာမှာ ဘယ်သူမှ ပြစားလို့မရတဲ့ အထူးဆန်းဆုံး ပုဂ္ဂိုလ်ကို ပြစားမယ်။ အဲဒါကတော့ ဦးရုက္ခစိုးပဲ …။ ပြေးနိုင်မှ လွတ်မယ်ဗျို့” ဟု အော်ကာ လား ဇက်ကြိုးကို ဆွဲ၍ ဒုန်းစိုင်း လိုက် သောကြောင့် နတ်ပေါင်းမှားလေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ဦးရုက္ခစိုးကြီးနှင့် တသားတည်းကျအောင် ပြေးကြရ လေတော့သတည်း။ ။

No comments:

Post a Comment