Wednesday, February 16, 2011

ကရင်နီလူငယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

အောလို

ကရင်နီပြည်တွင်းရှိ ကရင်နီလူငယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) လူငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ချင်၍ ပြီးခဲ့သည့် ၁၀ ရက်နေ့က အဲန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ပါဝင်သော ကရင်နီလူငယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့စဉ် ကရင်နီလူငယ်များမှ အဖွဲ့ ဖွဲ့ထားကြောင်း၊ အဲန်အယ်ဒီ လူငယ်များနှင့် အချိတ်အဆက် ဆောင်ရွက်ချင်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ကရင်နီလူငယ်အဖွဲ့အား မိမိတို့ တိုင်းရင်းသား ယဉ်ကျေးမှုများ မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းရန်၊ ရိုးရာဓလေ့ဆိုင်ရာ အက၊ တေးသီချင်း၊ ၀တ်စားဆင်ယင်ပုံများကို သက်ကြီးရွယ်အို လူကြီးများနှင့် တွေ့ဆုံပြီး လုပ်ဆောင်ရန် ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ကရင်နီပြည်တွင်းတွင် ရိုးရာယဉ်ကျေးမှုများကို လူငယ်များ၏ ထိန်းသိမ်းမှု မရှိခြင်းနှင့် ဘာသာရေးကြောင့် တဖြည်းဖြည်း မေးမှိန်ပပျောက်လာသည်ကို တွေ့ရှိရသည်ဟု ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာမှ အသက် ၂၀ ကျော် အရွယ်ရှိ ကရင်နီအမျိုးသမီးလူငယ် တဦးက ပြောသည်။

“ကျမတို့ ရိုးရာယဉ်ကျေးမှုတွေက ပပျောက်ချင်နေပြီ။ တချို့က ဘာသာရေးကြောင့် ပပျောက်သွားတာပေါ့နော။ ဥပမာပေါ့ ကျမတို့ ရွာဆို လုံးဝမရှိတော့ဘူး။ ဟိုးကျမ ငယ်ငယ်တုန်းကတည်းက သိကို မသိခဲ့တာ” ဟု သူမက ပြောသည်။

လူကြီးမိဘများသည် လူငယ်များအား ကရင်နီရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားရန် တိုက်တွန်းအားပေးမှု သိပ်မရှိကြောင်း၊ လူငယ်များမှာလည်း မိမိတို့ ရိုးရာယဉ်ကျေးမှုများကို အလေ့မထားကြကြောင်း ဒီးမော့ဆိုမြို့မှ အသက် ၂၀ ကျော်ရှိ ကရင်နီအမျိုးသမီးလူငယ် တဦးကလည်း ပြောသည်။

သူမက “လူငယ်တိုင်းက ကိုယ့်ရိုးရာ အစဉ်အလာတွေ ကိုယ်က ကိုယ်နဲ့ မဆိုင်ဘူးပဲလို့ မှတ်ထားကြတယ်လေ။ အဲဒါတွေ သိလဲ ကိုယ်ပညာအတွက် ဘာတိုးတက်မလဲ ဆိုတာ ရှိတာပေါ့။ ခရစ်ယန်ဘာသာ ကိုးကွယ်တဲ့ နှစ်ခြင်းတွေက လူငယ်တွေဆိုရင် သူတို့နဲ့ လုံးဝကို မဆိုင်ဘူးပဲ ပြောကြတယ်” ဟု ပြောသည်။

သို့သော် ယခု တက်လာသော ကရင်နီလူငယ်များသည် ပညာတတ်သူ များပြားလာ၍ မိမိတို့ ရိုးရာဓလေ့များ၊ ယဉ်ကျေးများကို ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရှိနားလည်ကာ ရိုးရာယဉ်ကျေးမှုများနှင့် ပတ်သက်၍ ပြန်လည်လုပ်ဆောင်ကြသည်မှာ အချို့ရှိနေကြောင်း အမျိုးသမီးလူငယ်များက ဆိုသည်။

ထိုအပြင် ဒေါ်အောင်ဆန်းစုကြည်မှ ကရင်နီလူငယ်အဖွဲ့အား အဖွဲ့ ညီညွတ်မှု ပိုမိုရရှိလာသည့် အချိန်တွင် အခြားတိုင်းရင်းသား လူငယ်များနှင့် ထိစပ်ချိတ်ဆက် ဆောင်ရွက်ရန်၊ ကရင်နီလူငယ်များ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်ရေး၊ လူမှုအကျိုးပြု လုပ်ငန်းများနှင့် ပြည်ထောင်စု စိတ်ဓါတ်ရှိရေး လုပ်ငန်းများကို လုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကရင်နီလူငယ်အဖွဲ့မှလည်း ဒေါ်အောင်ဆန်းစုကြည်အား သူတို့ ဆောင်ရွက်မည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြသလို့ ကရင်နီရိုးရာယဉ်ကျေးမှု လက်ဆောင် ပေးအပ်ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment