ရန်ကုန်သားတာတေ
ဖိုးရှုပ်နှင့် ကြွက်စုတ် ပင့်ပေးသောကြောင့် ဦးရုက္ခစိုး နေပြည်တော် ရောက်နေသည်။ လွှတ်တော်တွင်းလည်း ကိုယ်ရောင် ဖျောက်ကာ ဝင်ခဲ့ရပြီးပြီ။ လွှတ်တော် ပရဝဏ်အနားသို့ ဖိုးရှုပ်ကဲ့သို့သော သတင်းထောက် မပြောနှင့် ကြောင်တကောင် ခွေးတမြီးပင် ကပ်၍မရ။ ယနေ့ လွှတ်တော် တရက်နားသောကြောင့် ကိုယ်စားလှယ် တော်ကြီးများထံ သွားရောက် မေးမြန်း သတင်းယူပေးရန် ဖိုးရှုပ်က အပူကပ်ထားပြန်သည်။ ပထမဦးစွာ ကြံ့ဖွံ့ကိုယ်စားလှယ် ကမ္ဘောဇလွယ်အိတ်ထံ ဦးရုက္ခစိုး ရောက်သွားသည်။
ရုက္ခစိုး။ ။ လွှတ်တော်ကို ဘယ်လိုမြင်ပါသလဲ။
လွယ်အိတ်။ ။ တော်တော်ကောင်းပါတယ်၊ အရမ်းကောင်းပါတယ်။ ကျနော်ဆို ဗိုက်ကို ကားနေတာပဲဗျာ။ နေ့လယ် အစည်းအဝေးပြန်စတော့ အိပ်ငိုက်လို့ အချဉ်ပေါင်းလေး ပါးစပ်ထဲ မြုံ့ထားရသေးတယ် ဟဲဟဲ။
ရုက္ခစိုး။ ။ ဟိုဒင်း ...။ ကျနော်မေးတာက လွှတ်တော်ကို မေးတာပါ။
လွယ်အိတ်။ ။ ဟုတ်ပါတယ်။ ကျနော်လည်း လွှတ်တော်ကိုပဲ ပြောတာပါ။ လက်ဖက်ရည်က စိတ်တိုင်းကျကလား မောနင်းစတားကလား တခုခုပဲ။ ဆိတ်သားဟင်း ဆိုတာကဗျာ … မဆလာ နိုင်မှ ကောင်းတာမဟုတ်လား။ ချက်တဲ့သူ တော်တယ် ပြောရမယ်ဗျ။
ရုက္ခစိုး။ ။ (လွဲကုန်ပြီထင်တယ်ဟု တွေးရင်း) ဒါနဲ့ သမ္မတ ဘယ်သူဖြစ်မယ် ထင်သလဲဗျ။
လွယ်အိတ်။ ။ သမ္မတ ဆိုတာ သင်္ကန်းတိုက်ကို ပြောတာလားဟင်။
ကမ္ဘောဇ ဦးလွယ်အိတ်၏ အရည်အချင်းကို ကောင်းကောင်းသဘောပေါက်သွားသည့် ဦးရုက္ခစိုးမှာ နောက်ထပ် ကိုယ်စားလှယ် တော်ကြီး တဦးနားသို့ ချဉ်းကပ်လိုက်သည်။ DEF ကိုယ်စားလှယ် ဦးစိတ်တို ဖြစ်သည်။
ဦးစိတ်တို။ ။ ရေမချိုးရတာလည်း ကြာပြီ။ လူလည်း ညစ်ပတ်နံစော်နေပြီ။
ဟစ်ပ်ဟော့ပ် ဆိုသလို တတွတ်တွတ်ရွတ်နေသည့် ဦးစိတ်တို အနားသို့ ဦးရုက္ခစိုး ရောက်သွားသည်။
ရုက္ခစိုး။ ။ လွှတ်တော်ထဲမှာ အဆင်ပြေရဲ့လားဗျ။
ဦးစိတ်တို။ ။ ပြေတယ်ပဲ ပြောရမှာပေါ့။ မပြေဘူးပြောရင် ခင်ဗျားတို့ ပြည်ပမီဒီယာတွေက တောရေးတောင်ရေး ရေးကြဦးမယ်လေ။ ဒီတော့ ပြေတယ်။ ပြေဆို … ဘာမှ မပြောရ၊ မလုပ်ရဘဲ ငုတ်တုတ် ထိုင်နေရတာကိုး။
ရုက္ခစိုး။ ။ မနေ့က လွှတ်တော်ကို ကာကွယ်ရေးဦးစီးချုပ် တက်တယ်ဆိုပြီး သတင်းတွေမှာပါတယ်။ နာမည်တော့ မပါဘူး။ အဲဒါ ဘယ်သူလဲဗျ။
ဦးစိတ်တို။ ။ ကာကွယ်ရေး ဦးစီးချုပ်ဆိုမှ ကာကွယ်ရေး ဦးစီးချုပ်ပေါ့ဗျာ။ လျှာကရှည်ပြန်ပြီ။ သိတော့ကော ဘာလုပ်မှာလဲ။ ကျနော်တို့လည်း မြင်ရတာမဟုတ်ဘူး။
ဦးစိတ်တိုက နာမည်နှင့်လိုက်အောင် စိတ်တိုနေပုံရသည်။ ဦးရုက္ခစိုးလည်း နည်းနည်းတော့ လန့်နေသည်။
ရုက္ခစိုး။ ။ ဒါ … ဒါနဲ့ … သမ္မတ ဘယ်သူဖြစ်မယ် ထင်လဲ။ အစကတော့ ချိုကုပ်ဒူးကြီး လုပ်မယ်ဆိုပြီး အခုကျတော့ ဦးသိန်းဂိန်လို့ ပြောနေကြပြန်ပြီ။
ဦးစိတ်တို။ ။ ဘယ်သူဖြစ်ဖြစ် ခင်ဗျားအပူပါသလားဗျာ။ သေချာတာကတော့ ချိုကုပ်နဲ့ ချိုပြုတ် တယောက်ယောက် ဖြစ်မယ်။ ကဲ ကဲ ခင်ဗျား သွားပါတော့ဗျာ။
ရုက္ခစိုး။ ။ ဟိုဒင်း … နောက်ဆုံး တခုတော့ မေးပါရစေဗျာ။ ခင်ဗျားတို့ ဒီမိုကရက်တစ်တွေ၊ တိုင်းရင်းသားပါတီတွေက အစကတော့ လွှတ်တော်ထဲကနေ အပြောင်းအလဲဖြစ်အောင် တိုက်ယူမယ်ဆို … အခု ဘယ်လို ...။
ဦးစိတ်တို။ ။ အခု တိုက်မယ်ဆိုရင်တော့ လွှတ်တော် ကြမ်းပြင်ကို ဒီထက်ပိုပြောင်အောင် တိုက်ဖို့ပဲ ရှိတော့တယ်။ ကဲ ကဲ ခင်ဗျား သွားမလား မသွားဘူးလား။ လူက ရေမချိုးရလို့ ချဉ်စော်နံနေရာကနေ အချဉ်ပေါက်လာပြီနော်။ ချဉ်ပတ် ဖြစ်သွားချင် သလား။
ချဉ်ပတ်ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဦးစိတ်တိုအနားမှ ခွာကာ အထက် လွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်ကြောင်ရစ်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ကိုယ်ရ ဦးရွှေပန်းတို့ စကားပြောနေသည့်နားသို့ ဦးရုက္ခစိုး ချဉ်းကပ်လိုက်သည်။
ခင်ကြောင်ရစ်။ ။ ကိုယ်စားလှယ်တွေ ပြောထားတဲ့ကြားက ငြိမ်ငြိမ်မနေဘဲ ထ ငြင်းမယ်ဆိုရင်တော့ ကျုပ်က တွေ့တာနဲ့ ကောက်ထုမှာပဲ။
ရွှေပန်း။ ။ ခင်ဗျားက ယဉ်ကျေးမှုဝန်ကြီး လုပ်ခဲ့လို့လားမသိဘူး တော်တော် ယဉ်ကျေးတာပဲနော်။ ကျုပ်ကတော့ တွေ့ရာနဲ့ ကောက် မထုဘူး သေနတ်ထုတ်ပြီး ပစ်မှာ။
ခင်ကြောင်ရစ်။ ။ အေးဗျာ။ လွှတ်တော် ဥက္ကဋ္ဌ လုပ်ရတာလည်း တော်တော် တာဝန်ကြီးသားဗျ။ ရေးထားတဲ့စာတွေ တသဝေ မတိမ်း မှန်အောင် ဖတ်ပြရတာ မလွယ်ဘူးနော်။
ရွှေပန်း။ ။ ဒါပေါ့ဗျာ။ အနည်းဆုံးတော့ အ သုံးလုံး ကျေတဲ့သူမှဖြစ်မှာ။ ကျုပ်တို့လိုပေါ့။
ဥက္ကဋ္ဌကြီး နှစ်ဦး စကားကောင်းနေသည့်နားတွင် ဦးရုက္ခစိုး ကိုယ်ထင်ပြလိုက်သည်။
ခင်ကြောင်ရစ်။ ။ ဟင် ခင်ဗျားက ဘယ်သူလဲ။ အရောင်ကလည်း မွဲခြောက်ခြောက်နဲ့။ ကျုပ်တို့ ကြံ့ဖွံ့ကိုယ်စားလှယ်တွေ လောက်တောင် အရောင်မထွက်ပါလား။
ရုက္ခစိုး။ ။ ဒါကတော့ ကျုပ်က ကိုဟန်လေး ဆွဲပေးသလောက်ပဲ တောက်မှာပေါ့ဗျာ။ ခင်ဗျားတို့လို ကြိုးကြီးချိတ်တွေမှ မဝတ်နိုင်ဘဲ။ ကျုပ်က ရုက္ခစိုး … ချင်းမိုင်ရုက္ခစိုးဗျ။
ရွှေပန်း။ ။ သိပြီ သိပြီ။ ချိုကုပ်ဒူးကြီးနဲ့ အဖွဲ့ကျကျနေတဲ့ နတ်မဟုတ်လား။ အခု ဘာလာလုပ်တာလဲ။
ရုက္ခစိုး။ ။ နည်းနည်းလောက် ဗျူးချင်လို့ပါ။ ခင်ဗျားတို့ အစိုးရအဖွဲ့သစ်က အစောကြီးကတည်းက စာရင်း ရှိထားပြီးသားကို ဘာလို့ အချိန်ကုန် ငွေကုန်ခံပြီး လွှတ်တော်ကြီး ကျင်းပနေတာလဲ ဆိုတာလေး ရှင်းစမ်းပါဦး။ ဒီတိုင်း ကြေညာလိုက်ရင် ပြီးရော မဟုတ်လား။
ခင်ကြောင်ရစ်။ ။ နတ်ဖြစ်ပြီး တော်တော်ညံ့တာပဲ။ တရားမျှတမှု ဆိုတာ ခင်ဗျား မကြားဖူးဘူးလား။
ရုက္ခစိုး။ ။ အဲ … လုပ်စမ်းပါဦး။ နားကြားများ လွဲသွားလားမသိဘူး။ ဟိုဒင်း ပါးစပ်က နတ်စကား ထွက် ဆိုသလိုပဲနော်။
ရွှေပန်း။ ။ တကယ်ပါဗျာ ...။ ရွေးဂေါက်ပွဲတုန်းက မလွှဲမရှောင်သာ ကြိုတင်မဲတွေနဲ့ အနိုင်ယူလိုက်ရတော့ ချိုကုပ်ဒူးကြီးက အရမ်း အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လေ။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ဒါမျိုး မဖြစ်စေနဲ့ ဆိုပြီး မှာထားတာ။
ခင်ကြောင်ရစ်။ ။ တရားမျှတတဲ့ လွှတ်တော်ပါဗျာ။ မဲစနစ်နဲ့ အကုန်လုံးကို ရွေးမှာပါ။ မဲလိမ် မဲခိုးမှုလည်း လုံးဝ … လုံးဝ မရှိပါဘူး။
ရုက္ခစိုး။ ။ ဘယ်ရှိမလဲ။ လိုမှ မလိုဘဲဟာ။ စစ်တပ်က တမတ်သား၊ ကြံ့ဖွံ့က ၇၀ သား၊ ကျန်တာတွေက ၅ ကျပ်သားပဲ ရှိတော့ မဲခွဲရင် အပြတ်အသတ်ပဲပေါ့။
ခင်ကြောင်ရစ်။ ။ ဘာပဲဖြစ်ဖြစ်လေ ...။ မဲလိမ်တာတို့၊ မဲခိုးတာတို့၊ ကြိုတင်မဲတို့ထက် စာရင် တော်သေးတာပေါ့ … ဟုတ်ဘူးလား ဦးရွှေပန်းရယ်။
ရွှေပန်း။ ။ ဟုတ်လိုက်လေ … ဦးခင်ကြောင်ရစ်ရယ်။
နှစ်ဦးသား ဇာတ်လူရွှင်တော်များကဲ့သို့ အတိုင်အဖောက်ညီနေသည်။ ထိုစဉ် သူတို့ရှိရာသို့ ချိုကုပ်ဒူးကြီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဦးရွှေပန်းနှင့် ဦးခင်ကြောင်ရစ်တို့နှစ်ဦးသားမှာ သူတို့ အသံကွဲကြီးဖြင့် သီချင်းတပုဒ်ကို ကီးတယောက် တမျိုးစီ ထဆိုလိုက်သည်။
ရွှေပန်း။ ။ ဟက်ပီဘက်သ်ဒေး တူးယူ ...၊ ဟက်ပီဘက်သ်ဒေး တူးယူ၊ ဟက်ပီဘက်သ်ဒေး … ဒီးယားချိုကုပ်ဒူးကြီး … ဟက်ပီးဘက်သ်ဒေး တူးယူ။ လောင်းလစ်ဗ် ချိုကုပ်ဒူးကြီး။
ရုက္ခစိုး။ ။ ဟာချိုကုပ်ဒူးကြီး မွေးနေ့လား။ အသက် ဘယ်လောက်လဲဗျ။
“၆၈ နှစ်” “၈၃ နှစ်” “၇၈ နှစ်” ဟု ၃ ဦးသား တပြိုင်တည်း ဖြေလိုက်သည်။
ချိုကုပ်။ ။ ဒီလိုပါ။ ငယ်ငယ်က မှတ်ပုံတင်မှာက သက္ကရာဇ်ဖြိုထားတော့ ၆၈ နှစ်၊ စစ်ထဲဝင်တုန်းက မွေးနေ့မေ့နေလို့ ပါးစပ်ထဲ တွေ့တဲ့ ခုနှစ်နဲ့ ပြောလိုက်တာနဲ့ တွက်ရင် ၈၃ နှစ်၊ မှန်တယ် ထင်ရတဲ့ အသက်က ၇၈ နှစ်။
ရုက္ခစိုး။ ။ ခေါင်းတောင် တော်တော်မူးသွားပြီ။ ထားပါတော့ဗျာ။ အားလုံးက ချိုကုပ်ဒူးကြီးကို ဘာလုပ်မှာလဲ ဆိုတာ အရမ်း စိတ်ဝင်စားနေတယ်။ သမ္မတလည်း မဖြစ်နိုင်တော့ဘူး ပြောနေကြတော့။
ချိုကုပ်။ ။ မဖြစ်နိုင်ဘူး ဘယ်သူပြောလဲ။ အခုထိ ဂဏန်းမှ မငြိမ်သေးတာ။ ကျုပ် သမ္မတ လုပ်ချင်လည်း လုပ်မှာပေါ့။
ရုက္ခစိုး။ ။ မဟုတ်ဘူးလေ … ဒု သမ္မတထဲကနေ သမ္မတကို ရွေးမှာ မဟုတ်ဘူးလား။
ချိုကုပ်။ ။ ဟုတ်ချင်လည်း ဟုတ်မယ်လေ။ သူတို့ကို ကြည့်ဦးမယ်။ သမ္မတရာထူးနဲ့ သင့်တော်၏ မသင့်တော်၏ သေချာ စဉ်းစားပြီးမှ သမ္မတ ပေးလုပ်မှာပေါ့။
ရုက္ခစိုး။ ။ သမ္မတ ရာထူးနဲ့ သင့်တော်တယ် ဆိုတာ ဘာကိုပြောတာလဲ။
ချိုကုပ်။ ။ သမ္မတက ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိပါဘူး။ ပါတီလေးဘာလေးတက်၊ ကျုပ်ပြောခိုင်းတာပြော၊ ကျုပ်ထားသလို နေ … ဒါလောက်ဆို ရပြီလေ။ ကလန်ကဆန် လုပ်မယ့်သူ ဆိုရင် လစာ သိန်း ၅၀ နဲ့ ကား ၆ စင်း ဘယ်ပေးလို့ဖြစ်ပါ့မလဲ။
ရုက္ခစိုး။ ။ ဘယ်သူ ဖြစ်နိုင်မလဲ။ ချိုကုပ်ဒူးကြီး စဉ်းစားထားတာကို ပြောတာပါ။
ချိုကုပ်။ ။ ငါးဆယ်၊ ငါးဆယ်ပဲဗျ။ ဦးနှောက်မသုံးဘဲ ကျုပ်ပြောသမျှ လိုက်လုပ်တာကတော့ အတူတူပါပဲ။ ၈ လုံးလို့ခေါ်တဲ့ တင်ကြောင်မြင့်ပြူးက တိုက်ပွဲ အတွေ့အကြုံပိုများတယ်။ စာတော့သိပ်မတတ်ဘူး။ သိန်းဂိန်ကျတော့ တိုက်ပွဲ အတွေ့အကြုံ သိပ်မများပေမယ့် နိုင်ငံခြား ခဏခဏ သွားဖူးတယ်။ အာဆီယံအတွေ့အကြုံ ပိုများတယ်ပေါ့ဗျာ။
ရုက္ခစိုး။ ။ အာဆီယံသာ သွားတာပါ။ မေးတဲ့ မေးခွန်းတွေ အားလုံး ရှောင်နေတာချည်းပဲ။
ချိုကုပ်။ ။ အဲဒါ … အဲဒါ။ အဲဒီအချက်ကို သဘောကျတာ။ ကျုပ်က မဖြေနဲ့လို့ မှာထားရင် လုံးဝကို ပါးစပ်ပိတ်နေရောပဲ။
ရုက္ခစိုး။ ။ ဒါဆို ဦးသိန်းဂိန်က ဖြစ်နိုင်ခြေပိုများတာပေါ့ ဟုတ်လား။
ချိုကုပ်။ ။ ဒါကတော့ စင်ပေါ်ရောက်မှ ကြည့်ဗျာ။ သေချာတာကတော့ သမ္မတကနေ စပြီး နေရာကောင်းတွေအားလုံး လူစိမ်းတွေချည်းပဲ ရမှာပါ။
ရုက္ခစိုး။ ။ ဘယ်လို ဘယ်လို။ ချိုကုပ်ဒူးကြီး ပြောပုံအရဆိုရင် အရင် ဝန်ကြီးဟောင်းတွေ ပြန်မရဘူးပေါ့ ဟုတ်လား။ လူစိမ်းတွေ၊ မျက်နှာသစ်တွေကို ပွဲထုတ်မယ်ဆိုတော့ သာဓုဗျာ … သာ ...။
ချိုကုပ်ဒူးကြီး၏ နောက်ဆုံးစကားကြောင့် ဦးရုက္ခစိုးကြီးမှာ ဒုတိယ “သာ” တွင် မ “ဓု” နိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။
“ကျုပ်ပြောတဲ့ လူစိမ်းဆိုတာက စစ်သားတွေနဲ့ ကြံ့ဖွံ့တွေကိုပြောတာပါ။ ဒီထက် စိမ်းတာ ရှိသေးလို့လား။ သူတို့မှပဲ ကျုပ် ကြိုးဆွဲသလို တသဝေမတိမ်း အစိမ်းယိမ်း ကမှာကိုးဗျ” ဟူ၏။ ။
No comments:
Post a Comment