Friday, March 25, 2011

စီရင်မထားသည့် ပြစ်ဒဏ် အပေးခံရသူများ

ရန်ပိုင်

ထိုင်းနိုင်ငံ မဲဆောက် မြို့အစွန်ရှိ ကျောင်းသားဆေးခန်းလို့ နာမည်ကြီးတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း ပရ၀ုဏ်မှာ မြန်မာနိုင်ငံသားတွေဟာ ပူပြင်းတဲ့နေရောင်ကို ရှောင်တိမ်ရင်း ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ ဟိုတစု ဒီတစု အရိပ်အောက် မှာနားခိုနေကြပါတယ်။

အလားတူ အမိုးနိမ့်နိမ့် အဆောက်အဦးရဲ့ အတွင်းလူနာခန်းထဲမှာတော့ စားဝတ်နေရေးအတွက် တောတက်ရင်း မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ ကရင်တိုင်းရင်းသားတွေ၊ စစ်အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေရဲ့ နှစ်ဘက် တိုက်ပွဲတွေအကြား လက်နက်ထိမှန်လို့ ဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ ကုတင်ပေါ်မှာ ပိုးလိုပက်လက် တမျိုး၊ စောင်း၍ တဖုံရှိပါတယ်။

ဒဏ်ရာတွေကြောင့် ဒီဆေးခန်းလေးကို ရောက်လာသူတွေထဲမှာတော့ မြန်မာပြည် အလယ်ပိုင်း မိတ္ထီလာထောင်ကနေ အထမ်းသမား ပေါ်တာအဖြစ် စစ်မြေပြင်ကို အဓမ္မခေါ်ယူခံရပြီးနောက် ထွက်ပြေးရာက စစ်တပ်ရဲ့ သေနတ်နဲ့ လိုက်လံပစ်ခတ်ခြင်းကို ခံရတဲ့ ကိုထွန်းမင်း (အမည်ရင်း မဟုတ်) တယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

မလှိုင်မြို့ဇာတိ အသားညိုညို အရပ်ပုပု ခပ်ညှက်ညှက် အသက် ၂၆ နှစ်ရှိ ကိုထွန်းမင်းဟာ မီးသွေးဖုတ်လုပ်ငန်းနဲ့ အသက်မွေးသူဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ၆ လခန့်အကြာမှာ ဒေါသအလျောက် စိတ်မထိန်းနိုင်ရာက လူ ၃ ယောက်ကို ရိုက်နှက်ခဲ့လို့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသူပါ၊

ဒီနောက် ထောင်ကျသက် ၇ လအကြာမှာ ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်တွေအပေါ် ပြုလုပ်နေတဲ့ ထိုးစစ်တွေမှာ လိုအပ်တဲ့ လက်နက်၊ ရိက္ခာတွေကို ထမ်းပိုးဖို့ လွန်ခဲ့တဲ့ ၂ လကစပြီး မိထ္တီလာထောင်ကနေ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံခဲ့ရတယ်လို့ ကိုထွန်းမင်းက ပြော ပါတယ်။

“ရှေ့တန်းမှာ ကျည်ဆန်တွေ ထမ်းရတာထက်စာရင် ထောင်ကျနေတာကတော့ သာတာပေါ့။ ရှေ့တန်းက သေဖို့နီးတယ်” လို့ စစ်မြေပြင်က သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ကို ပြောပါတယ်။

မိတ္ထီလာ ထောင်ပိုင် ဦးမြင့်ဆွေနဲ့ ထောင်အာဏာပိုင်တွေက ကိုထွန်းမင်းနဲ့ အတူ ဘ၀တူအကျဉ်းသား အယောက် ၃၀ ကို မိမိသဘောဆန္ဒ မပါဘဲ အကျဉ်းသားပေါ်တာအဖြစ်သုံးဖို့ ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရတယ်။ ဘားအံထောင် မှာလည်း မြန်မာနိုင်ငံအနှံ့ ထောင်ပေါင်းစုံကနေ ခေါ်ယူထားတဲ့ အကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ သူကရှင်းပြပါတယ်။

ဘားအံထောင်မှတဆင့် ကိုထွန်းမင်း အပါအ၀င် အကျဉ်းသားတွေကို ကားတွေနဲ့ စစ်ဆင်ရေး နယ်မြေအနှံ့ကို ပို့ပေးရာမှာ ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ တပ်တွေအတွက် ရိက္ခာနဲ့ လက်နက်ထောက်ပံ့ ပေးနေတဲ့ အခြေစိုက်ဗျူဟာ (၁) ကို ကိုထွန်းမင်း အပါအ၀င် အကျဉ်းသား ၃၀ ရောက်သွားခဲ့ပါတယ်။

မိတ္ထီလာထောင်က အကျဉ်းသားဘ၀မှာ အလုပ်ကြမ်းအဖြစ် ငရုတ်သီးခြွေစတဲ့ အလုပ်တွေကိုသာ လုပ်ကိုင်ခဲ့ရပေမယ့် စစ်မြေပြင်က ဗျူဟာ ၁ မှာတော့ ၁၂၀ မမ အဝေးပစ်မော်တာ လက်နက်ကြီး ကျည်တွေ၊ ၈၁ မမ ကျည် သေတ္တာတွေကို ထမ်းပိုးပြီး တောင်တန်းအမြင့်ကြီးတွေကို ဖြတ်ကျော် သယ်ဆောင်ကာ ရှေ့တန်းက တပ်တွေဆီကို ပို့ပေးရတယ်။ ထမ်းပိုးရာမှာလည်း ၀န်နဲ့အား မမျှတဲ့အတွက် မထမ်းနိုင်ရင် စစ်သားတွေရဲ့ လူမဆန်စွာ ရိုက်နှက် ကန်ကျောက်ခြင်းခံရတယ်လို့ ကိုထွန်းမင်းက ဆိုပါတယ်။

“အလေးကြီးတွေ ထမ်းခိုင်းပြီး သဘောင်္သီးချက်နဲ့ ထမင်းကို တနေ့မှ တနပ်ပဲကျွေးတယ်၊ ရေလည်းပေးမတိုက်ဘူး။ တောင်းရင် အော်လိုက် ငေါက်လိုက်နဲ့ မထမ်းနိုင်ရင် သေနတ်ဒင်ထု၊ ရိုက်၊ စစ်ဘိနပ်နဲ့ ကန်တယ်” လို့ သူက ပြောပါတယ်။

မကြာခဏ အရှိုးရာ အထပ်ထပ်ကြမ်းအောင် ရိုက်နှက်ခံရတဲ့အတွက် သက်ကြီးရွယ်အို ပေါ်တာတွေ သေဆုံးကြရသလို တချို့လည်း မိုင်းနင်းမိပြီး ခြေပြတ် လက်ပြတ်ဖြစ်သူ ဖြစ်ပေမယ့် လူသားဆန်စွာ ဆက်ဆံခြင်းမခံခဲ့ရဘူးလို့ သိရပါတယ်။ သေဆုံးရင်လည်း မြေမြုပ်သင်္ဂြိုဟ်ခြင်းမပြုဘဲ လမ်းမှာပဲ ဒီတိုင်းပစ်ထားခဲ့တယ်လို့ မျက်မြင်တွေရှိခဲ့ရသူ ကိုထွန်းမင်းက ဆက်လက် ရှင်းပြပါတယ်။

ရှေ့တန်းမှာ ပေါ်တာအဖြစ် ရက်ပေါင်း ၂၀ ခန့် ထမ်းပိုးခဲ့ရပြီး မ၀ရေစာ စားသောက်ရ၊ ရိုက်နှက်နိုပ်စက်ခံရတဲ့ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး ညအချိန် ကိုထွန်းမင်း အပါအ၀င် ပေါ်တာ ၁၅ ဦး ထွက်ပြေးခဲ့ရာမှာ စစ်တပ်က သေနတ်နဲ့ လိုက်လံ ပစ်ခတ်တယ်လို့ ဆိုပါတယ်။ နောက်ကလိုက်ပါလာသူကို လှည့်ပြီး ကြည့်လိုက်မိတဲ့ အချိန်မှာတော့ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်က သူပုခုံးကို ထိမှန်ခဲ့တာလို့ ကိုထွန်းမင်း ပြောပါတယ်။

“ထိပြီဆိုတာနဲ့ ရေထဲကို ကျသွားတယ်။ သုံးချက်လောက် ထပ်ပစ်တယ်။ ရင်စို့လောက်နက်တဲ့ ရေထဲမှာ ပြားနေအောင်ဝပ်နေ ရတယ်” လို့ သူကဆိုတယ်။

သေနတ်ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ ကိုထွန်းမင်းတယောက် တညလုံးပြေးနေရတဲ့အတွက် ဒဏ်ရာကြောင့် လမ်းမလျှောက် နိုင်တော့ချိန် ဘ၀တူ အကျဉ်းသားတဦးက နယ်စပ်မှာ တွေ့ရှိတဲ့ ထိုင်းကျေးရွာသားတဦးကို အကူအညီ တောင်းခဲ့ပါတယ်။ ရွာသားက ထိုင်းနယ်ခြားစောင့်တပ်ကို အကြောင်းကြားပေးခဲ့လို့ ဒီကမှတဆင့် ဆေးရုံကို ရောက်ခဲ့ပြီး အသက်ရှင်ခဲ့တာလို့ ကိုထွန်းမင်းက ပြောပါတယ်။

မယ်တော်ဆေးခန်းမှာ တလကျော် ဆေးဝန်ထမ်းတွေရဲ့ ကုသပေးမှုကြောင့် ကိုထွန်းမင်းတယောက် အနာကျက်သွားလို့ သွားနိုင်လာနိုင်ရှိနေပါပြီ။ ဒါပေမယ့် ပုခုံးပြင်မှာ ထိခိုက်တဲ့ဒဏ်ကတော့ အနည်းငယ်ရှိနေတုန်းပါပဲ။ ကုသမှုခံယူဖို့ မလိုတော့ဘဲ လုံးဝပျောက် ကင်းသွားပြီဆိုရင်တော့ ပြန်လည်ဖမ်းဆီးခံရမယ့်ဘေးကို ကြောက်မနေနိုင်တော့ဘဲ ဇနီးသည်နဲ့ သမီးကို တွေ့ရအောင် မွေးရပ်ဇာတိကို ပြန်မယ်လို့ ပြောပါတယ်။

“သမီးက ၄လရှိပြီ။ ကျနော်ထောင်ထဲရောက်မှ မွေးတော့ တခါမှမတွေ့ဘူးသေးဘူး။ အရပ်မှာ ကောင်းကောင်း မွန်မွန်နေရင် ပြန်အဖမ်း မခံရနိုင်ပါဘူး” လို့ သူက မျှော်လင့်တကြီး ဆိုပါတယ်။

အခုလို ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပေါ်တာအထမ်းသမားအဖြစ် ကျည်ဆန်၊ အထုပ်အပိုးတွေတင် မကပါဘူး၊ အစိုးရတပ်က အရာရှိ ၅ ယောက်လည်း မိုင်းနင်းမိတဲ့အတွက် ထမ်းပိုးပေးခဲ့ရတယ်လို့ ကိုထွန်းမင်းက ပြောပါတယ်။

အကျဉ်းသားတွေကို စစ်တပ်အတွက် ပေါ်တာအဖြစ် အမြောက်အများ ခေါ်သုံးတာဟာ တကယ်တော့ ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ ၁၉၉၄ ခုနှစ် ၀န်းကျင်က ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ မာနယ်ပလော ဌာနချုပ်ကို ထိုးစစ်ဆင်တဲ့ အချိန်ကလည်း အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေကို အခုလို ထုတ်ယူသုံးစွဲဖူးပါတယ်။

တကယ်တော့ ရာဇ၀တ်အကျဉ်းသားတွေ ဆိုတာလည်း လူသားတွေပါပဲ။ သူတို့ ဆိုးခဲ့ မိုက်ခဲ့တဲ့ ပြစ်ဒဏ်ကို ထောင်တန်းအကျခံပြီး ပေးဆပ်နေသူတွေပါ။ ဒါပေမယ့် ကိုထွန်းမင်းလို ရိုက်နှက်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေကို စစ်မြေပြင်ရှေ့တန်းက မိုင်းကွင်းတွေ၊ ကျည်ဆန်တွေ၊ တိုက်ပွဲတွေ အကြားပို့ပြီး သေဒဏ် စီရင်သလို လုပ်နေတာကတော့ လူမဆန်တဲ့ လုပ်ရပ်၊ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှအောင် မတရားစီရင်ခြင်းသာ ဖြစ်ပါတယ်။

No comments:

Post a Comment