Thursday, March 31, 2011

မြန်မာပြည်မှာ လစ်ဗျားလို ဖြစ်လာနိုင်ပါ့မလား

ဧရာဝတီ

လစ်ဗျားနိုင်ငံ ဝေဟင်တွင် ပျံသန်းနေကြသော မဟာမိတ်တပ်ဖွဲ့များ၏ ဂျက်တိုက်လေယာဉ်များနှင့် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ၏ ပြိုးပြိုးပြက်ပြက် အလင်းရောင် များသည် မြန်မာပြည်တွင် တမုဟုတ်ချင်း ရေပန်းစားလာသော ပုံရိပ်များ ဖြစ်လာကြသည်။

စစ်အစိုးရက လစ်ဗျားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားနေသော လူထုအုံကြွမှုများနှင့် ပတ်သက်သည့် သတင်းများကို တင်းကျပ်စွာ ပိတ်ပင်ထားလင့်ကစား မြန်မာပြည်သူ အများအပြားသည် ဂြိုလ်တုစလောင်း ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ တဆင့် ထိုအခြေအနေများကို သိအောင် ကြိုးစားကြသည်။ တချို့ကလည်း အင်တာနက်မှတဆင့် အာဏာရှင် ဗိုလ်မှူးကြီး မွမ်မာ အယ်လ် ကဒါဖီ (Col. Muammar el-Gaddafi) ၏ နောက်ဆုံးအခြေအနေ သို့မဟုတ် ကျဆုံးခန်းကို လေ့လာစောင့်ကြည့်နေကြသည်။

လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားနေသော အလွန်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို တားဆီးနိုင်ရေးအတွက် နိုင်ငံတကာက ကြားဝင်ဖြေရှင်းရန် လိုအပ်သည်ဟု မြန်မာပြည်သူများက ယုံကြည်ကြသည်။ လစ်ဗျားအစိုးရအပေါ် ချမှတ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ ကို ထောက်ခံကြိုဆိုကြသည်။ “လစ်ဗျားပဲလား၊ မြန်မာပြည်အတွက်ရော ဘာဆုံးဖြတ်ချက်မှ မချဘူးလား” ဟု မြန်မာပြည်သူတွေက မေးခွန်းထုတ်ကြသည်။

ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာ မိသားစုအနေနှင့် အစ္စလာမ်နိုင်ငံများအပေါ် စစ်ပွဲ ဆင်နွှဲရန်နှင့် ယင်းနိုင်ငံများရှိ အာဏာရှင်များကို သူတို့စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် အခွင့်အရေးကို ကိုင်စွဲထားကြသည်။ သို့ရာတွင် ပကတိ နိုင်ငံရေးအခြေအနေအရ ၄င်းတို့အနေနှင့် မြန်မာ့အရေးတွင် မည်သည့်အခါမျှ အင်တိုက်အားတိုက် ကြားဝင် ဖြေရှင်းကြလိမ့်မည် မဟုတ်။

၂၀၀၈ နှစ် မေလတွင်း၌ ပြင်သစ်နှင့် အမေရိကန်တို့က လူသားချင်းဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်ထားသော စစ်သင်္ဘောများကို မြန်မာ့ရေပိုင်နက်အနီးသို့ စေလွှတ်ခဲ့ကြသည်။ လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးပြီး ၂ သန်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မကြာခင် ယင်းသင်္ဘောများကို စေလွှတ်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များနှင့် အသက်မသေဘဲ ကျန်ရစ်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ပေးလိုကြသည်။ သို့ရာတွင် မြန်မာစစ်အစိုးရက ယင်းအကူအညီကို လက်မခံခဲ့။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နိုင်သည့် ထိုအနေအထားတွင် ကြားဝင်ဖြေရှင်းခြင်း သို့မဟုတ် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်လာလိမ့်မည်ဟု နိုင်ငံတွင်းရှိ မြန်မာပြည်သူများက မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် မည်သည့်အရာမျှဖြစ်မလာဘဲ အနောက်နိုင်ငံများက မျက်ရိပ်မျက်ကဲပြသဖြင့် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

ထိုအချိန်က နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အစိုးရ၏ဆုံးဖြတ်ချက်ကို ပယ်ချ၍ မြန်မာ့မြေပေါ် ခြေချနိုင်သည့် အခွင့်အလမ်းနှင့် ကြုံတွေ့ခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအတော်များများကလည်း မုန်းတိုင်းဒုက္ခသည်များအရေးနှင့် ပတ်သက်၍ နိုင်ငံတကာ မိသားစု၏ ကာကွယ်ရမည့်တာဝန် (Responsibility to Protect - R2P) ဘောင်အတွင်းမှတဆင့် တရားဝင် ကြားဝင် ဖြေရှင်းနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။ စစ်အစိုးရက ဒုက္ခသည်များကို ကူညီခွင့် မပြုခြင်းသည် R2P ပြဌာန်းချက်ပါ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” မြောက်သည်ဟု ၄င်းတို့က စောဒကတက်ကြသည်။

ထိုသို့ အပြန်အလှန် ဆွေးနွေးငြင်းခုံမှုများ ရှိသော်လည်း နောက်ဆုံး၌ မည်သည့် နိုင်ငံတကာ အင်အားစုမျှ မြန်မာ့ရေပိုင်နက်ထဲ ရောက်မလာခဲ့။ ဤအခြေအနေအပေါ် တချို့ မြန်မာပြည်သူများက ခါးခါးသီးသီး စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ နိုင်ငံတကာတပ်များ ရောက်မလာသဖြင့် စိတ်သက်သာရာ ရသူကလည်းရသည်။

သေချာသည်မှာကား မည်သို့သော လူသားချင်းဆိုင်ရာ ကြားဝင်ဖြေရှင်းမှုမျိုးကိုမဆို လူမျိုးဘာသာပေါင်းစုံပါဝင်သော မြန်မာပြည်သူလူထု အများစုက နွေးထွေးစွာ ကြိုဆိုကြမည်ပင်။

သို့သော် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ် ဖြစ်နေသည့် နိုင်ငံတခုဖြစ်ပြီး ဒေသဆိုင်ရာ နိုင်ငံရေးပြဿနာများ ပြည့်နှက်နေသော မြန်မာ့အရေးက ရှုပ်ထွေးပွေလီ လွန်းလှသည်။ ထို့ကြောင့် နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ခြင်း တခုတည်းဖြင့် မြန်မာပြည်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်။

၂၀၁၀ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနား က မည်သူမျှ မဆောင်ရွက်ဘူးသော ကိစ္စတခုကို ဆောင်ရွက်ခဲ့သည်။ ယင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၄င်းတင်သွင်းသော အစီရင်ခံစာ၌ မြန်မာပြည်တွင် ဖြစ်ပွားနေသော လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် (CoI) ဖွဲ့စည်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDP) များမှာလည်း စစ်အစိုးရ၏ ဖိနှိပ်မှုများကို စိုးရိမ်ကြောက်ရွံ့သဖြင့် မိမိတို့ နေရပ်ရင်းသို့ မပြန်နိုင်ဘဲ ဖြစ်နေကြသည်။

အကြမ်းဖက်နည်းလမ်းသာလျှင် စစ်အစိုးရ၏ အာဏာကို ဖယ်ရှားနိုင်မည့် တခုတည်းသော နည်းလမ်းအဖြစ် မြန်မာနိုင်ငံရှိ ပြည်သူ အတော်များများက ယုံကြည်နေကြဆဲဖြစ်သည်။ စစ်အစိုးရ၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်မှာလည်း ပါလီမန် အဆောက်အဦ အသစ်စက်စက်တွင် စစ်အစိုးရသစ္စာခံများ ဝင်ရောက် တာဝန်ထမ်းဆောင်သည်ထက် မပိုသည်မှာ မျက်ဝါးထင်ထင် ထင်ရှားလာသဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲအပေါ် အကောင်းမြင်ခဲ့ကြသူများပင်လျှင် ၄င်းတို့၏အမြင်များ လွင့်ပြယ်ပျောက်ကွယ် သွားကြပြီဖြစ်သည်။

တရုတ်နှင့် အိန္ဒိယ နိုင်ငံများကြားတွင် တည်ရှိနေသဖြင့် မြန်မာ့အရေးကိစ္စ၌ အနောက်နိုင်ငံမဟာမိတ်များမှ လက်နက်ဖြင့် ဝင်ရောက်ဖြေရှင်းမည်မှာ မည်သည့်အခါမျှ ဖြစ်နိုင်ခြေမရှိ။ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံ၌ လူသားချင်းစာနာသော ကြားဝင်ဖြေရှင်းမှုများ ဆောင်ရွက်ရန် နိုင်ငံတကာက တောင်းဆိုမှုများကိုပင် စစ်အစိုးရ၏ အနီးကပ်ဆုံးမိတ်ဆွေဖြစ်သော တရုတ်နိုင်ငံက ချက်ချင်း ပယ်ချခဲ့ဖူးသည်။

အနာဂတ်မြန်မာပြည်တွင် ဆက်လက်ဖြစ်ပွားနိုင်သော သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများတွင်လည်းကောင်း၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင်လည်းကောင်း ဒေသတွင်းနိုင်ငံများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးနေမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအသင်းဝင် နိုင်ငံတခုဖြစ်သည်။ အမှန်စင်စစ်အားဖြင့် လစ်ဗျားအစိုးရ တပ်များကို ဗုံးကြဲတိုက်ခိုက်ရန် ဦးတည်သော ကုလသမဂ္ဂ၏ “လေယာဉ်မပျံသန်းရနယ်မြေ (No Fly Zone)” ဆုံးဖြတ်ချက်မျိုးကို ချမှတ်နိုင်ခြင်းသည် အာရပ်အဖွဲ့ချုပ် (Arab League) က ထိုအရေးကို ထောက်ခံခဲ့သောကြောင့်သာဖြစ်သည်။ ကုလသမဂ္ဂအနေနှင့် စစ်ရေးအရ ကြားဝင်ဖြေရှင်းနိုင်သည့် နည်းလမ်းပါဝင်သော ဆုံးဖြတ်ချက်တခု ချမှတ်ရာ၌ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုမှာ မရှိမဖြစ်လိုအပ်လှသည်။

မြန်မာနိုင်ငံတွင် R2P အရ အကောင်အထည်ဖော်ရန် စဉ်းစားမည်ဆိုပါက အာဆီယံနှင့် တရုတ်နိုင်ငံများ ပါဝင်ဆောင်ရွက်ရေးမှာ ပဓာနကျပေသည်။ အရှေ့အုပ်စု၏ ထောက်ခံမှုမပါဘဲ ဆောင်ရွက်ရန် စဉ်းစားမည်ဆိုပါက စစ်အစိုးရခေါင်းဆောင်များက အနောက်နိုင်ငံများကို ၄င်းတို့အသက်ရှင်နေစဉ် ကာလတလျှောက်လုံး ဆက်လက် မထေမဲ့မြင် ပြုနေဦးမည်သာ ဖြစ်ပေသည်။

Libya Conflict Reopens R2P Debate on Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

No comments:

Post a Comment