Saturday, March 26, 2011

ရုက္ခစိုးနှင့် “ရေနှောက်သည်းပျက်” ချိုကုပ်ဒူးကြီး

ရန်ကုန်သားတာတေ

ကြွက်စုတ်။ ။ လစ်ဗျားကို ညွန့်ပေါင်း တပ်တွေက အသားကုန် ထုနေတာဆိုတော့ဗျာ … ငါးဖယ်စစ်စစ် ကလေးကို ကြက်သွန်ဖြူနဲ့ ချင်းနဲ့ ရောပြီး သေသေချာချာ ထုထောင်းပြီးမှ အဆုပ်အဆုပ် ကလေးတွေ လုပ်တာပေါ့ဗျာ။ အဲဒါကိုမှာ ဆီပူပူမှာ ရှဲခနဲ ကြော်ပြီး …။

ဖိုးရှုပ်။ ။ ဂဒါဖီကြီးတော့ ပြုတ်ကျခါနီးနေပြီ။ ကျနော်ကတော့ အသီးအရွက်ပြုတ် တမျိုးမျိုးကို တို့စရာအဖြစ် စားရရင် တော်တော် အဆင်ပြေမှာပဲ။ ငါးပိထောင်းကလေးကောပေါ့။

ကြွက်စုတ်။ ။ လေကြောင်းစစ်ဆင်ရေးက ကြောက်ခမန်းလိလိပဲဗျ။ ကြော်ပြီးသား ငါးဖယ်ကိုမှ ခရမ်းချဉ်သီးတို့ မန်ကျည်းနှစ်တို့နဲ့ချက် … နံနံပင်ကလေး အုပ်ပြီး … ငရုပ်သီးစိမ်းကလေးနဲ့ … ဖိုးရှုပ်မင်းက ဘာစားမှာလဲ။

ဖိုးရှုပ်။ ။ တောက် ... နေပြည်တော်ကြီးကို … အဲဒီလိုများ ထုလိုက်လို့ကတော့။ ညွန့်ပေါင်း … အဲ ... အရိုးပါ နူးအိနေအောင်ပေါင်းထားတဲ့ ငါးသလောက်ပေါင်းကလေး စားရရင်တော့ အဆင်ပြေမှာပါ။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ချင်းမိုင်မြို့က “ဟိုလို” ထမင်းဆိုင်တွင် စားသောက်ရန် ထမင်းဟင်းများ မှာနေကြခြင်း ဖြစ်သည်။ ထမင်းဆိုင်တွင် ဖွင့်ထားသည့် တီဗီထဲ၌ လစ်ဗျားကို ညွန့်ပေါင်းတပ်များက လေကြောင်းစစ်ဆင်ရေးများဖြင့် တိုက်ခိုက် နေသည့် သတင်းများ ပြသနေသည်။

ဆိုင်ရှင်။ ။ ခင်ဗျားတို့ကလည်းဗျာ … ဘာမှာချင်တာလဲ … သေသေချာချာ ပြောပါဗျ။ နားကိုမလည်တော့ဘူး။

ဖိုးရှုပ်။ ။ ညွန့်ပေါင်း ၂ ပွဲ၊ ချိုကုပ်ဒူးကြီးကိုပါချ။ သြော် … ယောင်ကုန်ပြီ။ ကျနော်က ငါးသလောက်ပေါင်း။

ကြွက်စုတ်။ ။ ကျနော်က ငါးဖယ်ငါးဆုပ် စစ်စစ်။ ခုနက ပြောတဲ့အတိုင်းလေ။ ညွန့်ပေါင်းတပ်တွေကို မျှော်လို့တော့ ဘယ်လိုလုပ် ဖြစ်မှာလဲ။ ဟိုက လစ်ဗျား ...။ ဒီက မြန်မာပြည် တခြားစီပဲ။

ဆိုင်ရှင်။ ။ အဲဒီ ၂ မျိုးစလုံး ကျနော်တို့ဆိုင်မှာ မရပါဘူးဗျာ။ ဆောရီးပါ။ ဘာရလဲ သေချာမသိဘဲ စွတ်ပြော နေတော့တာပဲ။

ဆိုင်ရှင်က မရနိုင်သည့် ဟင်းများ မှာနေသော ဖိုးရှုပ်တို့ကို စိတ်တိုသွားသည်။ ထိုစဉ် ဦးရုက္ခစိုး သူတို့နား၌ ကိုယ်ထင် ပြလိုက်၏ ...။

ရုက္ခစိုး။ ။ မင်းတို့ဟာကလည်း လွှတ်တော်မှာ အမတ်တွေ မေးခွန်းထုတ်တာထက် ဆိုးနေပြီ။ ချင်းမိုင်လို နေရာမှာ ရဖို့ မလွယ်တဲ့ ဟင်းတွေ ဘာကိစ္စ မှာနေတာလဲ။ အခုတော့ ဆိုင်ရှင်က စိတ်ဆိုးသွားပြီ။ တွေ့လား။

ဖိုးရှုပ်က “ဒါဆိုလည်း ဝက်သားဟင်းနဲ့ ၂ ပွဲဗျို့” ဟု လှမ်းအော်လိုက်သည်။ နောက်ဆက်တွဲ “ငါးပိထောင်း” ဟုအော်လိုက်ရာ ဆိုင်ရှင်က “မရဘူး” ဟု တိုတိုပြတ်ပြတ် ပြန်ပြောသည်။

ကြွက်စုတ်။ ။ ခုတလော မြန်မာ့အမှောင်ကြီးကို ခဏခဏ ဖတ်ပြီး အဲဒီလိုလေး လေရှည်ရတာကို အရသာ တွေ့နေလို့ပါ ဦးရုက္ခစိုးရယ်။ အခု ဘယ်က ဘယ်လို ရောက်လာတာလဲ။

ရုက္ခစိုး။ ။ ဘယ်ကမှ ရောက်မလာဘူး။ မင်းတို့နားမှာ တချိန်လုံးရှိတယ်။ ပေါက်ကရတွေ လျှောက်ပြောနေလို့ ကိုယ်ထင် မပြတာ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်းလေ … မရနိုင်မှန်းတော့ သိတာပေါ့။ ဒါပေမယ့် စားချင်တာလေးတွေ လျှောက်ပြော ကြည့်တာပါ။

ရုက္ခစိုး။ ။ စိတ်ကူးမယဉ်စမ်းပါနဲ့ကွာ ...။ ဘာတဲ့ … ခုနကပဲ မင်းတို့ပြောတာ ကြားလိုက်ပါတယ်။ ညွန့်ပေါင်းတပ်တွေက လစ်ဗျားကို ထုသလို … နေပြည်တော်ကြီးကို ထုရင်ကောင်းမယ် ဟုတ်လား။ တော်တော် စိတ်ကူးယဉ်တဲ့ကောင်တွေ။

“ဟုတ်တယ် … စိတ်ကူးမယဉ်နဲ့။ စိတ်ကူးယဉ်ရင် ထိပ်ဖူးတွေ ဝင်လာလိမ့်မယ်၊ ငါဟဲ့ ဥသျှောင်” ဆိုသည့်အသံ ကြားသဖြင့် လှည့်ကြည့် လိုက်ရာ ချိုကုပ်ဒူးကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ချိုကုပ်ဒူးကြီး၏ ခေါင်းတွင် ယပ်တောင် တချောင်းကို ထိုးထားပြီး တောင်ရှည်ပုဆိုးအစုတ် တထည်ကို ဝတ်ထားသည်။ အပေါ်ပိုင်းတွင်တော့ အင်္ကျီမပါ ဗလာကျင်းလျက်။

ကြွက်စုတ်။ ။ ဟင် … ချိုကုပ်ဒူးကြီး။ ဘယ်လို ဖြစ်လာတာလဲ။

ချိုကုပ်။ ။ ချိုကုပ်ဒူးကြီး မဟုတ်တော့ဘူး။ ဥသျှောင်ကြီး ဖြစ်သွားပြီ။ ငါကိုယ်တော်မြတ် ပွဲတော် တည်တော်မူမယ်။ သြော် သားသားလေးကို ချစ်ကြတယ် …. လာ့။

ဖိုးရှုပ်။ ။ ဘယ်သားသားလေးလဲ … ဖိုးလောက်လန်းလား။

ချိုကုပ်။ ။ (ရင်ဘတ်ကို ပုတ်လျက်) ဒီသားသားလေးကို ပြောတာပေါ့ ငယ်ကျွန်ကြီးရယ်။ ပြည်သူတွေရဲ့ ရင်နှစ်သည်းချာ … နှလုံး၊ ကျောက်ကပ်၊ အချစ်တုံးကြီး သားသားလေး … ရွှေရွှေကို ပြောတာပါ ခင်ဗျာ။ … ပလို့ … ဂျိ။

ပြောရင်းက ပါးစပ်ဆိုင်းပါ တီးလိုက်သေးသည်။

ရုက္ခစိုး။ ။ ကြည့်ရတာ ပုံမှန် မဟုတ်ဘူးနဲ့တူတယ် ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … သတိထား ဆက်ဆံနော်။

ကြွက်စုတ်။ ။ ဟာ … ပုံမှန်ပါပဲ ဦးရုက္ခစိုးရဲ့။ သူပြောနေတာက မြန်မာ့အမှောင်မှာ ပါတဲ့ အတိုင်းပဲလေ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးပြောတာ ဖြစ်နိုင်တယ် ...။ ရင်နှစ်သည်းချာတော့ ဟုတ်မဟုတ် မသိဘူး လောလောဆယ် ကြည့်ရတာ ရေနှောက်သည်းပျက် ဖြစ်နေပုံပဲ။

ချိုကုပ်။ ။ မှန်ပေသပေါ့ … မှန်ပေသပေါ့။ ငါကိုယ်တော် ဥသျှောင်မင်းမြတ်ကြီး ဦးဆောင်တော် မူတဲ့ တပ်မတော်ကြီးကို ပြည်သူလူထုက ကျေးဇူးတွေတင်နေကြတယ် ဆိုသကိုး ငယ်ကျွန်ကြီးတို့ရဲ့။ အောင်မလေး ဝမ်းသာတော် မူလိုက်တာ။ ရင်ထဲမှာ ကလိကလိနဲ့ ဘယ်လိုမှန်းမသိအောင် ဝမ်းသာတော် မူတယ်ကွဲ့ ...။

ချိုကုပ်ဒူးကြီးက စကားအဆုံးတွင် ဖိုးရှုပ်ပန်းကန်ထဲမှ ဟင်းတဖတ်ကို နှိုက်စားလိုက်သည်။ ထိုစဉ် “ချိုကုပ်ဒူးကြီး၊ ချိုကုပ်ဒူးကြီး သတိထားပါဦး” ဆိုသည့် အသံနှင့် ဦးဆော်ကြမ်း အပြေးရောက်လာသည်။

ချိုကုပ်။ ။ သြော် … ဆော်ကြမ်း၊ ဂျပုကလေး၊ အင်း … မင်းကတော့ ဝန်မင်းများထဲမှာ အရပ်အပုဆုံး ဆိုပေမယ့် လေကတော့ အရှည်ဆုံးပါလား …။ ပြောနိုင်လွန်းတဲ့ မင်းကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်ရမယ် … ရော့ ယူတော်မူစမ်း။

ချိုကုပ်ဒူးကြီးမှာ တို့စရာ ပန်းကန်ထဲမှာ ခရမ်းကြွပ်သီး တလုံးကိုယူ၍ ပေးလိုက်သဖြင့် ဦးဆော်ကြမ်းက လက်နှစ်ဘက်ဖြင့် ခံယူလိုက်သည်။

ဆော်ကြမ်း။ ။ ပြန်ရအောင် ချိုကုပ်ဒူးကြီး။ အဲဇလုံကြီး စောင့်နေတယ်။

ချိုကုပ်။ ။ ပြန်မှာပေါ့ ဝန်မင်းရယ်။ နေပါဦး … မေးစမ်းပါရစေဦး။ တိုင်းပြည်ကြီးဟာ ဝန်မင်းရဲ့ မြန်မာ့ အမှောင်ထဲမှာ ပါသလို တကယ်ပဲ သာယာ ဝပြောနေတယ်ပေါ့ … ဟုတ်လား။

ဆော်ကြမ်း။ ။ မှန်လှပါ။ ဘုန်းတော်ကြောင့် သာယာနေကြောင်းပါ။ ဘာဆို ဘာမှ ဖြစ်မနေကြောင်းပါ။

ချိုကုတ်။ ။ သိနေတယ် … သိနေတယ်။ လျှပ်စစ်မီးတွေကလည်း တယ်ပေါတာပဲကိုး။

ဆော်ကြမ်း။ ။ ပေါပါတယ်ဖျာ့ ...။ ပေါဆို ဓာတ်လိုက်သေတဲ့ မသာတွေလည်း များလာပါတယ်။ ပြီးတော့ မီးလောင် တာတောင် ရိုးရိုး မလောင်ဘူး ဝါယာရှော့ ဖြစ်လို့ လောင်တာ ဖျာ့။ အဲဒါကို မနာလိုတဲ့သူတွေက မီးမလာဘူးလို့ ကဲ့ရဲ့ ချင်ကြသေးတယ်။

ချိုကုပ်။ ။ တယ် … ရိုင်းလိုက်ကြတာ။ မီးလာလို့ ဝါယာရှော့ ဖြစ်တာပေါ့ … ။ အားရသကွယ်။ အာဝါဒေး လောင်းကစား ဝိုင်းတွေလည်း တိုင်းပြည်ထဲမှာ မရှိတော့ဘူး ကြားတယ် ဟုတ်စ။

ဆော်ကြမ်း။ ။ ဟုတ်ပါတယ် ချိုကုပ်ဒူးကြီး … ပြည်ထဲရေးဝန်ကြီး ပြောတာပဲ။ မရှိတော့ဘူးတဲ့။ နှလုံးထီတို့၊ သုံးလုံးထီတို့၊ ဘောလုံးဒိုင်တို့ပဲ ရှိပါတော့တယ် ဖျာ့။ ဒါကတော့ ပြည်ထဲရေး ဝန်ကြီးလက်အောက်က ရဲတွေ လိုင်းကြေးယူလက်စမို့လို့ တရားဝင် ခွင့်ပြုထားတာပါ။

ချိုကုပ်။ ။ ရဲ ရန်ဘုန်းငွေပေါ့။ ဒါလောက်ကတော့ လွတ်စေ။ ကဲ … တိုင်းရင်းသား လက်နက်ကိုင်တွေကိစ္စ ပြောစမ်းပါဦး။

ဆော်ကြမ်း။ ။ မရှိတော့ပါဘူးဖျာ့။ အားလုံး ငြိမ်းချမ်းပါတယ်။ အဲဒါကြောင့်လည်း ချိုကုပ်ဒူးကြီးရဲ့ တပ်မတော်ကို ပြည်သူတွေက ကျေးဇူးတွေ တင်နေတာပေါ့ ဖျာ့။

ချိုကုပ်။ ။ အေး … အေး။ ကြားရတာ နားဝင်ပီယံ ဖြစ်ပါဘိ။ ကဲ မောင်မင်း … ငါ့ကို ရေကြည်တော် ဆက်စမ်း။ စကား ပြောရတာ မောတော်မူတယ်။

ဦးဆော်ကြမ်းက အသင့်ပါလာသော ဆေးတလုံးကို ရေခွက်ထဲထည့်မွှေကာ ချိုကုပ်ဒူးကြီးအား တိုက်လိုက်သည်။

ချိုကုပ်။ ။ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ မောင်ပြူး ဖြေသွားတာ ငါကိုယ်တော်မြတ် အားရတော် မူတယ်ကွဲ့။ ဒါမျိုးပဲ ဖြစ်ရမယ်။ မောင်မင်း ဆော်ကြမ်း … ခေါင်းရှောင် ဆိုတာ အဲဒါမျိုး မလှိမ့်တပတ် ဖြေတတ်ဖို့ လိုတယ် ကြားလား။

ဆော်ကြမ်း။ ။ မှန်လှပါ … နောက်တခါကျရင် ကျနော်မျိုးလည်း တခုခုဆို … ရာထူး လက်ဝယ်မရှိသေးတဲ့ သမ္မတကြီးကို ဖြစ်သမျှအကြောင်း အကုန် လွှဲချပါမယ် ဖျာ့။

ချိုကုပ်ဒူးကြီးမှာ ဦးဆော်ကြမ်း၏ အဖြေကို မကြားနိုင်တော့ပေ။ ထိုင်နေရင်းက စားပွဲပေါ်သို့ ခေါင်းစိုက်ကျပြီး တခေါခေါနှင့် ဟောက်နေလေသည်။

ရုက္ခစိုး။ ။ ဦးဆော်ကြမ်း ချိုကုပ်ဒူးကြီးကို ဘာတွေတိုက်လိုက်တာလဲ။

ဆော်ကြမ်း။ ။ အိပ်ဆေး တိုက်လိုက်တာလေ။ တော်ပါသေးရဲ့ဗျာ။ အိပ်ပျော်သွားပေလို့။ စိတ်ဖောက်ပြန်ပြီး ထွက်သွားလို့ လိုက်ခေါ်ရတာဗျ။

ဖိုးရှုပ်။ ။ ဟင် … စိတ်ဖောက်ပြန်နေတယ် ဟုတ်လား။ ဘယ်လို ဖြစ်တာလဲဗျာ။

ဆော်ကြမ်း။ ။ ကျနော်တို့ လွှတ်တော်မှာ ပေါက်ကရ ပြောတာတွေကို ဖတ်ဖတ်ပြီး တကယ်တွေထင်ပြီး စိတ်ဖောက် သွားတာလေ။ ဒီကြားထဲမှာ ကျနော်လုပ်လိုက်တာ သူ့ကို အချွန်နဲ့ မသလို ဖြစ်သွားတယ်။

ကြွက်စုတ်။ ။ ဘယ်ဟာလဲ ဦးဆော်ကြမ်းရဲ့။

ဆော်ကြမ်း။ ။ တပ်မတော်က ပြည်သူတွေရဲ့ ရင်နှစ်သည်းချာပါ ဆိုပြီး မျက်နှာဖုံးမှာ ထည့်ပေးလိုက်တာလေ။ နောက်ပြီး ဆောင်းပါးမှာ တပ်မတော်ကို ပြည်သူတွေက သိပ်ချစ်တာ၊ သိပ်ကျေးဇူးတင်နေတာ ဆိုပြီး လုပ်လိုက်တော့ အရူး ဘုံမြှောက် သလို ဖြစ်သွားပြီး အခုလို ဘဝ ရောက်ရတာပါပဲဗျာ။ ကဲကဲ သွားဦးမယ်။ အဲဇလုံအမီ ပြန်ဦးမှ။

ဖိုးရှုပ်။ ။ နေပါဦး ဦးဆော်ကြမ်းရဲ့ … မေးခွန်းလေး နည်းနည်းပါးပါး မေးပါရစေဦး။

ဆော်ကြမ်း။ ။ ဘာမှ မေးမနေနဲ့ ...။ ကျုပ်ရဲ့ မြန်မာ့အမှောင်ကိုသာဖတ်ပြီး ပြောင်းပြန်သာ ယူပေတော့။ ကဲ … သွားဦးမယ်။ တပ်မတော်နေ့ ကျရင် ချိုကုပ်ဒူးကြီးကို ပေါင်ဒါတွေ၊ မိတ်ကပ်တွေ လိမ်းပြီး ထုတ်ရှိုးရဦးမှာ။ အဲဒီအတွက် အချိန်မီ ဆေးကုမှ ဖြစ်မယ်ဗျို့။

ဦးဆော်ကြမ်းမှာ သူ့အရပ်နှင့်မမျှသည့် အတ္တဘောခန္ဓာကိုယ်ပိုင်ရှင် ချိုကုပ်ဒူးကြီးအား စွေ့ခနဲ မကာ “ဟိုလို” ထမင်းဆိုင်ထဲမှ အမြန်ဆုံး ခြေလှမ်းများဖြင့် ထွက်ခွာသွားလေတော့၏။

No comments:

Post a Comment