Friday, April 22, 2011

ထိုင်းရောက် မော်ကင်း တဖြစ်လဲ ဆလုံများ

သန်းထိုက်ဦး

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာရှိတဲ့ စဖန်းပလာ ဆိပ်ကမ်းကနေ ၂၅ မိနစ်လောက် လှေစီးပြီးသွားရင် ကော့လောင်နော့ ဆိုတဲ့ ရွာလေးတရွာ ရှိပါတယ်။ အဲဒီမှာ ခရုကောက်၊ ရေငုပ်ပြီး အသက်မွေး ဝမ်းကျောင်းတဲ့ ပင်လယ်ပျော် ဂျပ်ပစီ၊ ထိုင်းအခေါ် “မော်ကင်း”၊ မြန်မာအခေါ် “ဆလုံ” လူမျိုးတွေ နေကြပါတယ်။

ထိုင်းနိုင်ငံ ရေပိုက်နက်ထဲမှာရှိတဲ့ ကျွန်းကလေး တခုပေါ်မှာ ရွာတည်ထားတာ ဖြစ်ပါတယ်။ ဆလုံတိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မြန်မာဘက်ကနေ ပင်လယ်ပြင်ထဲမှာ ရှာဖွေစားသောက်ရင်း ဒီကျွန်းကိုရောက်လာပြီး စတင် အခြေချနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆလုံတွေဟာ မြန်မာ၊ ထိုင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံများရှိ ကျွန်းများမှာ လှည့်လည်သွားလာ နေကြပြီး သက်ကယ်ပေါင်းမိုးပါ သစ်သားလှေများပေါ်မှာ နေထိုင်သူများ၊ ပင်လယ်ရေငုပ် ကျွမ်းကျင်သူများအဖြစ် နာမည်ကျော်ကြားပါတယ်။

အဲဒီ ကျွန်းကို ရောက်ခါနီးတော့ ဆလုံ အမျိုးသမီးတွေက ဟိုတစု ဒီတစု ဘေးနားမှာ ရေပုံးအမဲကလေးတွေ ကိုယ်စီချထားပြီး ကမ်းနားမှာရှိတဲ့ သဲသောင်ပြင်ထဲမှာ သဲတွေကို ဖယ်ရှားကာ ခရုကောက်နေ ကြသလို ကျောက်တုံးလေးတွေမှာ တွယ်ကပ်နေတဲ့ ခရုတွေကိုလည်း ခွာယူနေတာ တွေ့ရပါတယ်။

သူတို့ ခရုကောက်နေတဲ့ အဲဒီ သဲသောင်ပြင်မှာ ခရု အခွံကွဲတွေ၊ ပုလင်းကွဲ အစအနတွေ မြင်တွေ့ရပေမယ့် ဆလုံအမျိုး သမီးတယောက်သာ ဟောင်းနွမ်းနေတဲ့ ဖိနပ်တရံကို စီးထားပြီး ကျန်တဲ့သူတွေက ဖိနပ်စီးမထားတာကိုလည်း သတိပြုမိပါတယ်။

ကောက်လို့ရတဲ့ “ပငို” ခေါ် ဂုံးခရုတွေကို ဆလုံ တိုင်းရင်းသားတွေက ချက်ပြုတ် စားသောက်တဲ့အပြင် တချို့က ခရုတွေကို အခွံခွာ၊ အသားကို အခြောက်လှမ်းပြီး ထိုင်းရေလုပ်သားတွေဆီ တကီလိုကို ဘတ် ၂၀၀ နဲ့ ပြန်ရောင်းစားကြပါတယ်။

ဆလုံ အမျိုးသားတွေကတော့ ရေငုပ် ကျွမ်းကျင်တာကြောင့် သူတို့ရဲ့ အဓိကလုပ်ငန်းကတော့ ပင်လယ်ထဲမှာ ပင်လယ်မျှော့တွေကို ငုပ်ပြီး ဖမ်းရတဲ့ အလုပ်ကိုပဲ လုပ်ကြတယ်လို့ အသက် ၄၀ ကျော်အရွယ် ထိုင်းအမျိုးသမီး န၀ါနစ်က ပြောပါတယ်။

န၀ါနစ်ဟာ အဲဒီကျွန်းပေါ်မှာပဲ မိသားစုတခုက မွေးလာတာဖြစ်ပါတယ်။ ဆလုံ တိုင်းရင်းသားတွေ ရောက်လာပြီးနောက်ပိုင်း ဆလုံတွေနဲ့ ရင်းနှီးစွာ နေထိုင်ခဲ့သလို ဆလုံတွေကို ကူညီ စောင့်ရှောက်ပေးနေသူလည်း ဖြစ်ပါတယ်။ ဆလုံတွေကို ထိုင်းအခြေခံစကားနဲ့ ယဉ်ကျေးမှုတွေလည်း သင်ပြမိတ်ဆက်ပေးသူ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဆူနာမီဖြစ်ပြီးနောက် ထိုင်းအစိုးရနဲ့ NGO တွေက ဆလုံရွာကို သတိပြုမိသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ထိုင်းအမျိုးသမီးဖြစ်တဲ့ နဝါနစ်ဟာလည်း ရောက်ရှိနေတဲ့ ဆလုံတွေနဲ့ ထိုင်းအာဏာပိုင်တွေအကြား လိုအပ်ရင် ကြားဝင်ကူညီပေးရသူ ဖြစ်လာတယ်လို့ သိရပါတယ်။

နဝါနစ်က ဒီကျွန်းကို မြန်မာတွေ တခါမှ လာတာ မတွေ့ဖူးဘူး၊ မြန်မာဆိုလို့ အခုမှပဲ တွေ့ဖူးတယ်၊ လမ်းမှားပြီး ရောက်လာတာဖြစ်ရမယ်လို့ ရယ်မောပြီး ပြောပြနေပါတယ်။

“ဆလုံတိုင်းရင်းသားရဲ့ အဓိက အသက်မွေးဝမ်းကျောင်းကတော့ ပင်လယ်ထဲမှာ ရေငုပ်ပြီး မျှော့ဖမ်းတဲ့ အလုပ်ပဲ။ မြန်မာ၊ ထိုင်း ရေပိုင်နက် အပြင် အိန္ဒိယ ရေပိုင်နက်အထိ သွားငုပ်ကြတယ်” လို့ န၀ါနစ်က ဆိုပါတယ်။

အဲဒီလို ရေအရမ်းနက်တဲ့ ပင်လယ်အောက်ထဲမှာ မျှော့ဖမ်းရင် ရေဖိအားကြောင့် ပြန်တက်လာတဲ့အခါ အသက် သေဆုံးသွားတဲ့သူတွေလည်း ရှိတယ်လို့ နဝါနစ်က ဆက်ပြောပါတယ်။

တချို့ရေလုပ်ငန်း ပိုင်ရှင် ထိုင်းသူဌေးတွေဟာ ဆလုံတိုင်းရင်းသားတွေကို ပင်လယ်ထဲမှာ ရေလုပ်သား အဖြစ်နဲ့ လုပ်ဆောင်ခိုင်းတဲ့အပြင် တခါတရံမှာ တခြားနိုင်ငံ ရေပိုင်နက်တွေထဲမှာ ငါးခိုးဖမ်းတဲ့ လှေတွေနဲ့ လိုက်ခိုင်းတာမျိုး ရှိတယ်လို့ သိရပါတယ်။

အဲဒီ ကျွန်းကလေးမှာ အိမ်ခြေ ၅၀ ရှိပြီး ဆလုံ အမျိုးသား၊ အမျိုးသမီး ၂၈၉ ယောက်၊ ကလေး ၁၁၉ ယောက် ရှိပါတယ်။ ကလေးတွေဟာ မူလတန်းကနေ အလယ်တန်းအထိ ထိုင်းဘာသာနဲ့ သင်တဲ့ကျောင်းကို တက်ရောက်နိုင်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆလုံ အမျိုးသမီး မမိုးမိုးအေး (ခေါ်) ဆလုံမ က မြန်မာစကားသံဝဲဝဲနဲ့ “အမျိုးသားတွေက ပင်လယ်ထဲကို သွားတဲ့အခါ အမျိုးသမီးတွေက ကလေးတွေကို ကြည့်ရတယ်” လို့ ပြောပြပါတယ်။

ဒီကျွန်းမှာရှိတဲ့ ဆလုံလူကြီး တချို့ကတော့ မိခင် ဆလုံဘာသာစကားနဲ့ မြန်မာစကား နည်းနည်းပြောနိုင်ကြပြီး ငယ်ရွယ်သူအများစုကတော့ ထိုင်းလို ပြောကြတာကို တွေ့ရပါတယ်။

မမိုးမိုးအေးဟာ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကံမော်ကြီး ကျေးရွာမှာ ငယ်စဉ်က မြန်မာကျောင်းစာကို လေးတန်းအထိ နေခဲ့ဖူးပါတယ်။ ကျောင်းတက်တုန်းက အတန်းဖော်တွေက “ဆလုံမ” လို့ ခေါ်ရာကနေ အမည်တွင်သွားတာလို့ ရှင်းပြပါတယ်။

“မြန်မာတွေက ကျမကို ကျောင်းမှာ ဆလုံမ၊ ဆလုံမ လို့ ခေါ်ကြတယ်။ တချို့ထိုင်းနဲ့ မြန်မာတွေက ဆလုံတွေကို လူရိုင်းတွေလို့တောင် ခေါ်ကြတယ်။ ကျောင်းမှာ တယောက်ယောက်က ရေမချိုးလာလို့ရှိရင် ဒီကောင်က ရေလည်း မချိုးဘူး၊ ညစ်ပတ်လိုက်တာ ဆလုံမ ကျနေတာပဲလို့ ပြောတယ်” လို့ မမိုးမိုးအေးက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နေရတာ ပျော်တယ်။ မြန်မာပြည်ထက်စာရင် ဒီမှာ ပိုလုပ်စားလို့ ကောင်းတယ်လို့ မမိုးမိုအေးက ပြောပါတယ်။

ဆလုံရွာ ဆိုပေမယ့် ၆ ဧက ကျော်ရှိတဲ့ မြေကွက်ထဲမှာ သွပ် သို့မဟုတ် အုပ်ကြွပ်မိုး၊ ပျဉ်ကာထားတဲ့ ခြေတံရှည်အိမ် ခပ်သေးသေးလေးတွေ ပူးကပ် ဆောက်ထားတာဖြစ်ပါတယ်။

ဟိုးအရင် သူတို့ရိုးရာ ဆောက်ထားတဲ့ အိမ်လေးတွေကတော့ ၂၀၀၄ ခုနှစ် ဆူနာမီကြောင့် ပျက်ဆီးသွားခဲ့ကြောင်း၊ အခုအိမ်တွေကို ဆူနာမီ နောက်ပိုင်းမှာ ထိုင်း NGO နဲ့ အဖွဲ့အစည်းတွေက အခမဲ့လာဆောက် ပေးသွားတာဖြစ်ကြောင်း ဆလုံတိုင်းရင်းသားတွေက ပြောပါတယ်။ အဲဒီအဖွဲ့အစည်းတွေက အများသုံးအိမ်သာ ၄ ခုကိုလည်း တည်ဆောက်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ ထိုင်းစီးပွားရေးသမားတွေက မြေနေရာတွေ ဝယ်ယူလိုက်တာကြောင့် ဆလုံများဟာ ဒီ ၆ ဧက အကျယ်အဝန်းအတွင်းမှာပဲ အခြေချ နေထိုင်ကြရတော့ကြောင်း သိရပါတယ်။

အဲဒီရွာလေးထဲက တခုတည်းသော ဈေးဆိုင်လေးမှာ မုန့်ဆီကြော်၊ သကြားလုံး၊ ဟင်းသီးဟင်းရွက် စတာတွေ ရောင်းပါတယ်။

ဆလုံ တိုင်းရင်းသားတွေဟာ သာမန်လူတွေနဲ့ မတူပဲ ငတ်မွတ်မှုဒဏ်ကိုလည်း ခံနိုင်တယ်လို့ သိရပါတယ်။

ထိုင်းအမျိုးသမီး န၀ါနစ်ကတော့ “လူရဲ့အသက်ဆိုတာ တန်ဖိုးရှိတယ်။ ဖျားတာနာတာ ဆေးကုရမယ်။ သူတို့က ဘာနဲ့သွားပြီးတော့ ဆေးသွားကုမလဲ။ မနက် မိုးလင်းတာနဲ့ ခရုတွေကို ကောက်ပြီးတော့ ပြန်ချက်စားကြတယ်။ သူတို့မှာ ငွေတွေ ထောင်နဲ့ သောင်းနဲ့ မရှိကြဘူး” လို့ ပြောပါတယ်။

No comments:

Post a Comment