Tuesday, April 26, 2011

မြစ်ဧရာရဲ့ ငိုရှိုက်သံ

အားမီ။

မြန်မာနိုင်ငံရဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အသက်သွေးကြောအဖြစ် မှီခိုအားထားနေရတဲ့ ဧရာ ၀တီမြစ်ကြီးဟာ အခုဆိုရင် တဖြည်းဖြည်းနဲ့ တိမ်ကောလာတာကို တွေ့နေ ရပါတယ်။

၂၀၀၉-၂၀၁၀ ခုနှစ်အတွင်းမှာ မြစ်လက်တက်တွေကနေ စီးဝင်နေတဲ့ ရေထုပမာဏနည်းလာသလို သဘာဝပတ် ဝန်းကျင်ပျက်စီးမှုများ၊ ရာသီဥတု အပြောင်းအလဲများကြောင့် တစ်နှစ်ထက်တစ်နှစ် သောင်ဖြစ်ထွန်းမှုနှုန်းတိုးလာ တယ်လို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

ဒီလို ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေထုထည် ဘယ်လောက်ထိလျော့နည်းသွား တယ်ဆိုတာ အတိအကျ ပြောရခက်ပေမယ့် တဖြည်းဖြည်းနဲ့ တိမ်ကောလာနေတယ်ဆိုတဲ့ အကြောင်းကို ယခုလို အတည်ပြုပြောဆိုခဲ့ သည်။

“သိသာတာကတော့ တစ်နှစ်ထက်တစ်နှစ် ရေထုထည်ကတော့ နည်းလာတယ်။ သောင်ထွန်းတာက ၂၀၀၉ လောက်ကနေ ဒီနှစ်ထဲပိုတိုးလာတယ်ဗျ။ မြစ်ကြောင်းကလဲ ကျဉ်းလာတယ်။ ပြီးတော့ ရေက လည်း မိုးတွေရွာပေမယ့် ရေကြောင်းက ကြပ်လာတယ်ဗျ။”

အလားတူ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ချင်းတွင်းမြစ်မှာလည်း ရေထုပမာဏနည်းပါးလာပြီး ကျယ်ပြန့်တဲ့ သောင် ထွန်းမှုတွေ ဖြစ်ပေါ်လာတယ်လို့ ပြည်တွင်းထုတ်သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ Eleven media group မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ဧရာဝတီမြစ်ကြီးရဲ့ အခြေအနေနဲ့ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့ ကွာ ဟမှုအနေအထားကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက အခုလို ပြောသည်။

“ဘယ်လိုပြောရမလဲ ကျနော်တို့ ဒီစီတာပူ မြစ်ဆိပ်ပေါ့နော်၊ အဲ့ဒီမှာ ရေလယ်ကျွန်းပုံစံမျိုးရှိတယ်။ အဲ့ဒီနေရာလေးက အရင်က ကျွန်းကသေးသေးလေးလေ။ အခုက အရမ်းကျယ်လာတော့ မြစ်က ကျဉ်းသွားတယ်။ လှေနဲ့ ဟိုဖက်ကမ်းကိုသွားရင် အခုက ခနလေးဆိုရောက်ပြီ။ အဲ့လိုပဲ အရင်က ကရိန် နော် အပမ်းဖြေစခန်းက သဲသောင်ပြင်ကလည်း အခုဆို အကျယ်ကြီး ဖြစ်နေတာ။ “ရေတွေကလည်း အရင်ကလို မကြည်တော့ဘူး။ ဝါဝါ နှောက်နှောက်ကြီး။ အရင်ကဆို အောက်က ရေထဲမှာရှိတဲ့ ကျောက်ခဲတွေ၊ အပင်တွေအားလုံး မြင်နေရတာ။ ရေကလည်း အေးနေတာ။”

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကာလက ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မြစ်ဧရာအတွင်း ရွှေတူးဖော်တဲ့ အလုပ်ကို ၀မ်းစာရေးအတွက် တနိုင်စာလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့တာပါ။

ဒါပေမယ့် လွန်ခဲ့တဲ့(၂)နှစ်ကျော်ကာလမှ အဲဒီနေရာတွေမှာ စီးပွားရေးသမားတွေ ၀င်ရောက်နေရာ ယူလာတဲ့ အချိန်ကစလို့ စက်ယန္တယားတွေသုံးပြီး တူးဖော်လာတာကြောင့် ဖြစ်တယ်လို့ ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်မှ ဦးအောင်ဝါက အခုလိုပြောပါတယ်။

“စက်တွေနဲ့ ရွှေတူးဖော်တာကြောင့် ဒီရွှေတူးတဲ့အချိန်မှာ သဲတွေက ဒီဧရာဝတီမြစ်ထဲကိုပဲ ပြန်ရောက် သွားတယ်။ ရေအောက်မှာ ရှိတဲ့ သဲတွေကို စက်နဲ့ စုပ်ထုတ်တာကို။ အဲ့ဒါကြောင့် ဒီသဲတွေက ရေစီးကြောင်းနဲ့ အတူ အောက်ဖက်ကို နှုန်းမြေ သဲမြေတွေက ရောက်သွားတယ်။ သယ်သွားတာပေါ့။ ဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ သဲသောင်တွေထွန်းလာတာ ဖြစ်တယ်။ ဒါကြောင့် ကချင်ပြည် ထဲမှာရော အောက်ဖက် စစ်ကိုင်း၊ မန္တလေး အားလုံးပေါ့ ဟိုးဧရာဝတီတိုင်း အထိပေါ့ ဆက်ပြီးဖြစ် လာမယ်။”

တချိန်တည်းမှာ စက်ယန္တယားတွေကိုအသုံးပြုလိုက်တဲ့အတွက်ကြောင့် ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို မြစ်ကြောင်းတိမ်ကောလာတဲ့အတွက် တံငါလုပ်ငန်းနဲ့အသက်မွေးသူတွေပါ အခက် အခဲဖြစ်ကြရတယ်လို့လည်း ဒေသခံက အခုလိုပြောပါတယ်။

“အခုဟာက မြစ်ထဲမှာစက်ကြီးတွေတပ်ပြီး ကြိုက်သလိုလုပ်နေတော့ အားလုံးပျက်ကုန်ပြီလေ။ ငါးတွေ လည်းမရှိတော့ဘူး။ ဒီလိုလုပ်တာက မြစ်ကို ဖျက်ဆီးနေတာပဲလေ။”

ထို့အပြင် ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေးနယ်မြေများပြောင်းရွှေ့ခံရခြင်း၊ ရေသတ္တဝါများ ရှားပါးလာခြင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အချိန်ခါမဟုတ် ရေကြီးခြင်း၊ မြစ်ကြောင်း ကျဉ်းလာခြင်းများဖြစ်ပေါ် လာမည့်အပြင် လူနေမှုအနေအထားများ ပြောင်းလဲလာနိုင်ပြီး ခရီးသွား လာရေးအခက်အခဲနှင့်ပါကြုံတွေ့ လာနိုင်တယ်လို့ ဦးအောင်ဝါကလည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ငယ်ငယ်တုံးကဆိုရင် သင်္ဘောတွေကတော့ ဗန်းမော်အထိက သိပ်အခက်အခဲမရှိဘူး။ နွေ ရာသီလောက်ပဲ သဲသောင်ပေါ်မှာ သင်္ဘောတွေတင်တာတွေ့ရတယ်။ အခုဆိုရင် နွေရာသီတင်မက တော့ဘူး ရေကြောင်းသွားလာတာတွေက အခက်အခဲတွေနဲ့ ပိုပြီးကြုံတွေ့ ရတာပေါ့။ ဒါကြောင့် ဟိုတုန်းကလို ရှောရှောရူရူနဲ့ သွားလို့မရတော့ဘူး။ ဒါကြောင့် ခရီးသွားတဲ့ အခါမှာလည်း အခက် အခဲတွေနဲ့ ကြုံနေရတယ်။”

အခုလိုလုပ်ရပ်တွေကြောင့် မြစ်ကြောင်းတစ်လျှောက်ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ သဘာဝဘေး အန္တရာယ်တွေကို စစ်အစိုးရတာဝန်ရှိသူတွေနဲ့ စီးပွားရေးသမားတွေက မျက်ကွယ်ပြု ထားတာဖြစ်သလို လူထု ဖက်က ရပ်တည်မှုမရှိဘူးလို့လည်း ဒေသခံတွေက ထောက်ပြပြောဆို နေကြပါတယ်။

ယခုဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာ (၇)ခု ပြီးစီးခဲ့မယ်ဆိုရင် လျှပ်စစ်ဓါတ်အား မီဂါဝပ်ပေါင်း တစ်သောင်းသုံးထောင်ကျော် ထုတ်လုပ်နိုင်မယ်လို့ စစ်အစိုးရပိုင် သတင်းမီဒီယာ တွေမှာ ဖော်ပြထားပေမယ့် ပြည်သူလူထုတွေအနေနဲ့ အကျိုးခံစားရမှာ မဟုတ်ဖူးလို့လည်း ဒေသခံတွေက ယုံကြည်နေကြပါတယ်။

ထိုကဲ့သို့သော ပြဿနာများကို ဧရာဝတီမြစ်ထဲတွင် သာမက မြန်မာနိုင်ငံ၏ အဓိကမြစ်များထဲတွင် ပါဝင်သော ပို့ဆောင်ဆက်သွယ်ရေးအတွက် အားထားရာ ချင်းတွင်းမြစ်ထဲတွင်လည်း ရေထု ပမာဏ နည်းပါးလာပြီး သောင် ဖြစ်ထွန်းနှုန်းတိုးလာသလို၊ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင်လည်း တည်ဆောက်နေတဲ့ ရေကာတာတွေ ကြောင့် ရေကြောင်းများ ပြောင်းလဲလာသလို ရေသတ္တဝါများ လည်းရှားပါးလာကြောင်း သစ်တောများပြုန်းတီးမှု ပြဿနာနှင့် ကြုံတွေ့နေရ ပါတယ်။

သံလွင်မြစ်ထဲမှာ ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး မြစ်ချောင်းများကွန်ယက် အဖွဲ့မှ ကိုစိုင်းစိုင်းက အခုလိုပြောပြ ပါတယ်။

"သံလွင်မြစ်တစ်လျှောက်လုံးကိုတော့ ကျနော်တို့က စာရင်းတိတိကျကျ မကောက်ထားနိုင်ဘူး။ အခု ဒီ နှစ်မှာဆိုရင် ပြီးခဲ့တဲ့လက စပြီး သံလွင်မြစ်ထဲမှာ တည်ဆောက်မယ့် ရေကာတာ နှစ်ခုထက် တိုး တယ်။ ရွာသစ်ရယ၊် နောင်ဖာ ဆိုတဲ့ ရေကာတာနှစ်ခုပေါ့။ အဲ့ဒါတွေကြောင့် မြစ်ထဲမှာ ရှိတဲ့ ငါးတွေ လည်း သိပ်မရှိတော့ဘူး။ ဒီမော်လမြိုင် သံလွင်မြစ်ဝမှာဆိုရင် ငါးဖမ်းလုပ်ငန်းနဲ့ မှီခိုပြီး လုပ်ကိုင်စား သောက်နေကြတဲ့ သူတွေဖြစ်တယ်။ သူတို့တွေအတွက် ဒုက္ခနဲ့ကြုံနေရတယ်။ အရင်ကလို ငါးရှာလည်း မလွယ်တော့ဘူး။ မြစ်ကြောင်းတစ်လျှောက်မှာ ရှိတဲ့ သစ်တောတွေက နေလည်း သစ်တွေ ထုတ်နေလို့ သစ်တွေကုန်ပြီ၊ ပြုန်းတီးကုန်ပြီ။"

အလားတူ သဲသောင်ဖြစ်ထွန်းမှုနဲ့ ရေထုပမာဏနည်းပါးမှုနှုန်းထား တစ်နှစ်ထက်တစ်နှစ် တိုးလာခြင်းကို လစ် လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ကြီး ဧရာဝတီဟာ အပေါ်မှာ နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် ပြည်သူတွေ မှီခိုအားထားနိုင်အုံးမလဲဆိုတာ ကတော့ တွေးစရာ ပြဿနာတခု ဖြစ် လာနေပါတယ်။

No comments:

Post a Comment