Saturday, April 30, 2011

ဦးရုက္ခစိုးနှင့် အဟောင်းအမြင်း ဝါဒီများ

ရန်ကုန်သားတာတေ

“ဟရေး … ဘာဘား ... ဗဲရီးးးးးးးးးးးးးးးးး ဂွတ်ထ … အရမ်း ခေါင်းဒယ်နော်”
“နိဟောင်မာ … ဝ လည်း စီလိုပဲ ထင်လယ် … အရမ်း ကောင်းလယ်”
“ဆဝါဒီခရပ် … အနိ ... ဒီမာ့ … ကောင်းတယ် ကောင်းတယ်”

ဦးရုက္ခစိုး ရုံးစိုက်ရာ ချင်းမိုင်မြို့က “ဟိုလို” အမည်ရှိ မြန်မာ စားသောက်ဆိုင်တွင် မြန်မာပြည်၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မံမီပြန်ဆင်း၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် နံကြားချောင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အပီဆစ် ဝက်ဆီတွေဝ တို့ သုံးဦးသား စားရင်းသောက်ရင်း လေပန်းနေကြခြင်း ဖြစ်သည်။ သူတို့ဘေးတွင် ဦးရုက္ခစိုးလည်း ရှိနေသည်။

ရုက္ခစိုး။ ။ ကောင်းကြလား … ကောင်းရင်ထပ်မှာလေ။ ပြီးရင်တော့ ကိုယ်စားတာကိုယ်ရှင်းနော်။ ကျုပ်က ပိုက်ဆံ မကိုင်ဘူး။

မံမီ။ ။ ဟရေး … ဦးရုက္ခစိုးနော် … ။ တကယ်ပဲ နောက်တယ်ပြောတယ်။ ချွန်ဒေါ်တို့ ပြောချင်တာက စားလို့ သောက်လို့ ခေါင်းဒါ မဟုတ်ဘူး ...။

နံကြား။ ။ အဲလာ ခက်လာပဲ … ဝ လို့ ပြောချင်လာက … မြန်မာပြည် … အီစိုးရအတစ် ပြောင်းတာ ကောင်းလယ် … အဲဒါ။

ရုက္ခစိုး။ ။ ဘယ်က အစိုးရအသစ်ကမှာလဲ … အစိုးရအဟောင်းကို ဘော်ဒီပြန်ထု၊ ပတ်တီးပုတ်ပြီး ဆေးမှုတ် … အသစ်ယောင် ဆောင်ထားတာပါ။

အပီဆစ်။ ။ ခရပ် … သိတယ် … ခေါက်ပုံ …။ ဒါပေမယ့် အဲဒါကိုက တော်တော်ကောင်းနေပြီလေ။ ဘာပဲပြောပြော အရင်က စစ်အစိုးရ၊ အခု အရပ်သား အစိုးရ ဖြစ်သွားပြီ။ ကြိုဆိုရမယ်။ ခေါက်ပုံ။

နံကြား။ ။ ဟုတ်တယ်။ ကြိုဆိုပါလယ် ...။ ပိုပြီးကောင်းတာက အီရင်က ဝန်ကြီးချုပ်က အီခု သမ္မတဆိုတော့ ဝ တို့အနေနဲ့ လူသစ်တွေနဲ့ စီကားပြောစရာ မီလိုဘူးလေ။ ဘီလောက်ကောင်းလဲ။ ဒုတိယ သမ္မတ ဦး ၈ လုံးဆိုရင်လည်း တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ ဘယ်လို အိတ်ထဲထည့်ရမယ်ဆိုတာ နောကျေနေပြီးသားလေ ...။ စူတို့လို လူတွေပဲ ဒါတွေ ပြန်ကိုင်တော့ ဝ တို့လည်း မြန်မာပြည်ကို ပိုဖဲ့လို့ကောင်း … အဲ … ယောင်တွားလို့နော် ...။ မြန်မာပြည် တိုးတက်ဖို့ ပို ကူညီလို့ ကောင်းတာပေါ့ … အဲဒါပြောတာပါ။ ရှဲ့ရှဲ့နော် ရှဲ့ရှဲ့။

ရုက္ခစိုး။ ။ ဒါပေမယ့် အများစုက ဝေဖန်နေကြတာကတော့ … တိုင်းပြည်က အရင်အတိုင်းပဲ ဆိုတော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး ဆိုပါလား။

မံမီ။ ။ ဟရေး ဘာဘား … ဒါတွေက မနာလိုတဲ့သူတွေ ပြောတဲ့ စကားနော် အဘား …။ ချွန်ဒေါ်ပြောမယ် … ဒီမိုကရေစီနော် … တထိုင်းတည်းနဲ့ မရဘူးနော် … စောင့်ပါ … သီးခံပါ … ချွန်ဒေါ့်အထင် ပြောရရင်တော့ တနေ့နေ့တော့ ပြောင်မှာပါ … အဲ ပြောင်းမှာပါ။ နည်းနည်း လေးတော့ … သီးခံပါ။ အစိုးရ အသစ်နော် … အရမ်းကို ဟောင်းပါတယ်။ ယောင်တွားလို့နော် ကောင်းပါတယ်လို့ ပြောတာ။ ချွန်ဒေါ်ဆို မွိတ်ဆွေ ဟောင်းတွေနဲ့ပဲ ဆက်ဆံရမှာဆိုတော့ ပျော်လွန်းလို့ အိပ်လို့တောင် မပျော့ဘူး ...။

အပီဆစ်။ ။ ခေါက်ပုံ … ထောက်ခံပါတယ်။ သစ်တိုင်းကောင်းတာ မဟုတ်ဘူးလေ ဦးရုက္ခစိုးရဲ့။ ငယ်ကချစ် အနှစ်တရာ မမေ့သာ ဆိုတာ ကြားဖူးတယ် မဟုတ်လား … ခေါက်ပုံ။ ကျုပ်ကတော့ ယနေ့မှစ နှစ် ၁၀၀ တိုင်စေလို့ ဆုတောင်းပေးပါတယ်။

ရုက္ခစိုး။ ။ အဲဒါက မင်္ဂလာဆောင်တွေမှာ ဆုတောင်းတာလေ။

အပီဆစ်။ ။ ခေါက်ပုံ။ သိပ်မထူးပါဘူး။ ဒါလည်း မင်္ဂလာဆောင်သလိုပါပဲ။ မြန်မာပြည်ဆိုတဲ့ သတို့သမီးလေး မင်္ဂလာပြန်ဆောင်တဲ့ သဘောပေါ့။

ရုက္ခစိုး။ ။ အောင်မလေး မလုပ်လိုက်ပါနဲ့ဗျာ။ နှစ် ၂၀ ကျော်နဲ့တောင် တော်တော် နှိပ်စက်ခံနေရတာ … အနှစ် ၁၀၀ တိုင်ဆို သေရချည်ရဲ့။

နံကြား။ ။ ခက်တာပဲ ဦးရုက္ခစိုးက အစိုးရရဲ့ စေတနာတွေကို နားလည်ပုံမရဘူး။ အကောင်းဘက်က နည်းနည်းလောက် လှည့်တွေးကြည့်စမ်းပါ။ ကျုပ်တို့ဆို မြန်မာပြည်နဲ့ ပတ်သက်လာရင် ဒီနေ့အထိ အဟောင်းပဲ မြင်တယ်။ အဲ … အကောင်းပဲ မြင်တယ်။

ရုက္ခစိုး။ ။ အကောင်း မြင်မှာပေါ့။ အကောင်းက ပြည်ကြီးမပြန်ဘဲ မန္တလေးကို သိမ်းပိုက်ပြီး ကြီးပွားနေတာကိုး။

နံကြား။ ။ အဲလို မီပြောနဲ့လေ ...။ ဝတို့က ကောင်းစေချင်တဲ့စေတနာနဲ့ပါ။ မန္တလေးကို ဝတို့ တီလုတ်ပြည်ကြီးလို ဖြစ်စေချင်လို့ … အဲဒါကို နားလည်ပါ။ အခုဆိုရင် ဦးရုက္ခစိုး သွားကြည့်လိုက် မန္တလေးကို လုံး …..... ဝ မမှတ်မိစေရဘူး။

ရုက္ခစိုး။ ။ ဟုတ်ပါ့ မှတ်ကို မမှတ်မိဘူး။ မန္တလေးက တရုတ်ပြည် ကျနေတာပဲ။

အပီဆစ်။ ။ ကျုပ်တော့ မစ္စတာနံကြားချောင်ပြောသလိုပဲ အကောင်းဘက်က နည်းနည်း လှည့်တွေးစေချင်တယ်ဗျာ။ အခုပဲ အစိုးရ အကြံပေးအဖွဲ့ ဖွဲ့လိုက်ပြီ။ ဒါကောင်းတဲ့ကိစ္စပဲ။

ရုက္ခစိုး။ ။ အကြံပေးအဖွဲ့ဆိုတာကတော့ ကျုပ်သိတာ အစိုးရကို ဒီလူတွေက အကြံပေးရမယ် မထင်ပေါင်။ သူတို့ကိုပဲ အစိုးရက ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်နဲ့ သူတို့စားလို့သောက်လို့ ကျန်တဲ့ အကျန်တွေကို ပေးပြီး ခိုင်းဦးမှာ။

နံကြား။ ။ လုကတော့ လုပ်ပြန်ပြီ။ နတ်ဖြစ်ပြီး တော်တော်လေး အဆိုးမြင်ပါလား။ ဒုက္ခတော့ တွေ့ဦးမယ်။

ရုက္ခစိုး။ ။ ဘာ ဒုက္ခ တွေ့ရမှာလဲ။ အစိုးရသစ် အတုကြီးကို မကောင်းဘဲနဲ့ ကြံဖန်ကောင်းတယ်ဆိုပြီးတော့ မပြောနိုင်ဘူးဗျာ။ ခင်ဗျားတို့ကလည်း မမြှောက်ပေးသင့်ပါဘူး။ ခင်ဗျားတို့လုပ်တာနဲ့ ဒါကြီးက သက်ဆိုးရှည်ဦးမယ်။

မံမီ။ ။ ဟရေး … ရှည်လေ ကောင်းလေပေါ့ ဦးရုက္ခစိုးရယ်။ မြန်မာပြည်က သစ်တွေ၊ သဘာဝ ဓာတ်ငွေ့တွေက တကယ့်ကို ကောင်းမှ ကောင်းပဲဟာ။ ရှလွတ် ...။

နံကြား။ ။ မြန်မာပြည်က ရွှေနဲ့ ကျောက်စိမ်းလည်း ကောင်းပါတယ်။ ဈေးပေါပေါနဲ့ ရတာ ဒီအစိုးရ တခုပဲ ရှိတယ်လေ။ ဟောင်လား … ဟောင်လား။ ရှဲ့ရှဲ့နီ ဦးသိန်းဂိန်။

ရုက္ခစိုး။ ။ အဲဒါပြောတာပေါ့ … ခင်ဗျားတို့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်ရဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ ရပြီး ကောင်းတယ်၊ ကောင်းတယ် ဖြစ်နေတာ။ မြန်မာပြည်သူ ပြည်သားတွေကျတော့ ငတ်ပြတ် ဆင်းရဲနေတာ … ဘာ တိုးတက်မှုမှ မရှိဘူး။

အပီဆစ်။ ။ ဟား ခင်ဗျား မြန်မာ့အမှောင် သတင်းစာ မဖတ်ဘူး ထင်တယ်။ လေ့လာမှုအား တော်တော်နည်းတဲ့ နတ်ပဲ။ မြန်မာပြည်ကြီးတိုးတက်နေတာ မသိဘူးလား။ တံတားတွေ ဆောက်ထားတာများ ကျုပ်တို့ ထိုင်းနိုင်ငံတောင် အဲဒီလောက် များတဲ့ တံတားတွေ မဆောက်နိုင်ဘူး။

ရုက္ခစိုး။ ။ တံတားတွေက စားလို့ ရလို့လား …။ လူတွေ မွဲတေ ငတ်ပြတ်နေတာကို အရင်ကြည့်ရမှာပေါ့။ မြန်မာပြည် အလယ်ပိုင်းဆို သောက်စရာ ရေတောင် မရှိဘူး။ ကလေးတွေ၊ အသက်ကြီးတဲ့ သူတွေ သေကုန်မှာပေါ့။

မံမီ။ ။ အိုး … ဦးရုက္ခစိုး … ခင်ဗျား နတ်မို့လို့လားတော့ မသိဘူး။ တော်တော်လေး နက်ဂတစ်ဆိုက်က မြင်တာပဲ။ ချွန်ဒေါ်တောင် သိတယ်။ ရေ မရဘူးနော် … ကျော်သူရှိတယ် ...။ သေကုန်မယ်နော် … ပူစရာမလိုဘူး … ကျော်သူရှိတယ်။ ကျုပ်တို့ဆီမှာတောင် အိန္ဒိယကျော်သူ တယောက်လောက် လိုချင်တာ … မရှိဘူးနော် … အဘား … ကံနော် သိပ်ဆိုးပါတယ်။

နံကြား။ ။ ဝ ထောက်ခံတယ် ...။ ဒီမှာ ဦးရုက္ခစိုး … လုက ဝတို့ မြန်မာပြည်နဲ့ ကပ်ပြီး ချမ်းသာနေတာကို မီနာလို မဖြစ်ပါနဲ့။ ဝတို့က ဒီလိုဖြစ်အောင် ဘယ်လောက် ကြိုးစားရတယ် မှတ်လဲ။ လုလည်း ချမ်းသာချင်ရင် ကြိုးစားပါ။

ရုက္ခစိုး။ ။ ဘယ်လို ကြိုးစားရမှာလဲ … မြန်မာပြည် နယ်စပ်ဒေသတွေမှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေတွေ၊ ကာစီနိုတွေ သွားဖွင့်ရမှာလား။

အပီဆစ်။ ။ ခေါက်ပုံ … နယ်စပ် … ဟုတ်ပ နယ်စပ်။ အခုမှ သတိရတယ် ဦးရုက္ခစိုး။ ကျုပ်တို့ခေါင်းပေါ်မှာ တောက်လျှောက် တင်ထားရတဲ့ ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေရဲ့ ပြဿနာတွေ၊ အဲဒီနယ်စပ်ကနေ ဝင်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာတွေ … အဲဒါတွေကြောင့် ကျုပ်တို့ ဘယ်လောက် ခေါင်းခဲရတယ်မှတ်လဲ။ အခု မြန်မာအစိုးရအသစ် တက်တဲ့အချိန်မှာ ဒါတွေ အားလုံးပြေလည်တော့မယ်။ ဘယ်လောက်ကောင်းလဲ။

ရုက္ခစိုး။ ။ ဘယ်လို ပြေလည်မှာလဲ ...။ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ ဒါတွေက တထိုင်တည်း ပြေလည်ပါ့မလား။

အပီဆစ်။ ။ (MRTV တွင်လွှင့်သည့် ကြော်ငြာမင်းသမီး စတိုင်ဖြင့်) လွယ်း … လွယ်လေးပဲ။ အားလုံး ငြိမ်းချမ်းနေပြီပဲဟာ။ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့လိုက်မှာပေါ့။

ရုက္ခစိုး။ ။ ဟာ … အဲလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒုက္ခသည်တွေက သူတို့နေရပ်မှာ တကယ်ကို စစ်ဘေးဒဏ်ခံရလို့ ဒီဘက် ရွှေ့လာတာလေ။ ပြန်ပို့ရင် အကုန်လုံး မြေမြှုပ်မိုင်းတွေ ထိကုန်မှာပေါ့။

အပီဆစ်။ ။ ထိထိဗျာ၊ မတတ်နိုင်ဘူး။ ဒီဒုက္ခသည်တွေကို ထမ်းမထားနိုင်တော့ဘူး။

ရုက္ခစိုး။ ။ မလုပ်ပါနဲ့ဗျာ … တကယ့် ဒုက္ခသည်တွေ ပြန်ဒုက္ခရောက်ကုန်ပါ့မယ်။

မံမီ။ ။ ဟရေး … ဦးရုက္ခစိုးက အဲဒီလို ပြောနေတယ်နော် … မစ္စတာ အပီဆစ် … တူလည်း ဒုက္ခသည် နတ်ပဲနော်။

အပီဆစ်။ ။ ဟား … ဟုတ်တယ်။ အခုမှ သတိရတယ်။ ဦးရုက္ခစိုးလည်း ရွှေ့ပြောင်းနတ်ပဲ။ ခင်ဗျားကို အရင်ဆုံး ပြန်ပို့မယ်။

ထိုင်းဝန်ကြီးချုပ် အပီဆစ် ဝက်ဆီတွေဝ၏ စကားဆုံးသည်နှင့် ဦးရုက္ခစိုးမှာ “ကွိုင်ပဲ … လျှာဝင်ရှည်မိလို့ ပြန်ပို့ ခံရတော့မယ်။ မြန်မာပြည် မှာကလည်း နာဂစ်ဝင်သွားပြီးကတည်းက သစ်ပင်မရှိတော့လို့ သစ်ပင်မဲ့ ရုက္ခစိုးတွေတောင် ဒီလောက်ပေါနေတာ။ မဖြစ်ဘူး … လစ်မှ” ဟု စိတ်ကူးရင်း အမြန်ဆုံး ကိုယ်ယောင်ဖျောက် ထွက်ပြေးရလေတော့သည်။

နံကြား။ ။ ကောင်းလယ်၊ ကောင်းလယ် …။ ဝ ပြောသားပဲ ဒုက္ခတွေ့မယ်လို့ … ။ နတ်အလုပ် မလုပ်ဘဲ ဝင်ဝင်ရှုပ်တာကိုး … နတ်အရေး အော်မယ့် သူတွေ စတိတ်မန့် မထုတ်မချင်း ကိုယ်ယောင်ဖျောက်ပြီးသာ နေပေတော့ … ဦးရုက္ခစိုးရေ … ရှဲ့ရှဲ့နီ … မစ္စတာ အပီဆစ် ဝက်ဆီတွေဝ။ ။

No comments:

Post a Comment