Monday, May 16, 2011

နိုင်ငံရေးပါတီထုတ် သတင်းစာစောင်များ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြန်ရန် အမိန့်ထုတ်

ရိုးမ ၃

နိုင်ငံရေးပါတီများမှ ထုတ်ဝေသည့် သတင်းလွှာ၊ စာစောင်များ ထုတ်ဝေဖြန့်ချီမည့် ပထမတပတ်တအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရန် အမိန့်ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့ ထုတ်ဝေသည့် စာစောင်များကို ရွေးကောက်ပွဲကော်မရှင်က လေ့လာဖတ်ရန်အတွက် ယခုလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

ယင်းကြေညာချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်ခွဲအားလုံးသို့ ပေးပို့ထားပြီး ၎င်းတို့အနေဖြင့် စာစောင်ပေးပို့ရေးကိစ္စများကို ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။

ယခင်က နိုင်ငံရေးပါတီမှ ထုတ်ဝေသည့် သတင်းလွှာ၊ စာစောင်များအား စာပေစီစစ်ရေးနှင့် ရွေးကောက်ပွဲ ကော်မရှင်များသို့ ပေးပို့ရန် မလိုဘဲ ၎င်းပါတီများအနေဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ထုတ်ဝေနေခြင်းဖြစ်သည်။

မေလ (၁၄)ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) က ထုတ်ဝေသည့်မှတ်တမ်းဗီဒီယို စီဒီခွေတွေကို ဆင်ဆာအရင်တင်ပြပြီး ခွင့်ပြုချက်မရခင် ဖြန့်ဝေခြင်းမပြုလုပ်ဖို့ နာရေးကူညီမှုအသင်း(ရန်ကုန်) တွဲဘက်အတွင်းရေးမှူး ဦးတင်မောင်ဝင်းကို မြောက်ဒဂုံမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ခေါ်ယူပြီး တားမြစ်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)က ထုတ်လုပ်သည့် မှတ်တမ်း ဗီဒီယိုစီဒီခွေထဲတွင် အများပြည်သူ မြင်လို့ မသင့်တော်သည့် ရုပ်ပုံပြကွက်များ မပါရှိသော်လည်း အစိုးရသစ် စတင်အုပ်ချုပ်သည့်အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) က ဗီဒီယို စီဒီထုတ်လုပ်ခြင်းကို ပထမဦးဆုံး ကန့်သတ်ခံရခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရအသစ်အနေဖြင့် သတင်းဂျာနယ်များမှလွဲ၍ အခြားစာစောင်များအား စာပေစီစစ်ရေး ကင်းလွတ်ခွင့် ပေးတော့မည်ဖြစ်ကြောင်း မကြာသေးခင်က ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံရေးပါတီများမှ ထုတ်ဝေသည့် စာစောင်များအား ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment