Thursday, May 19, 2011

အိတ်ပေါက်နဲ့ ဖားကောက်

အေးနှင်းညို

ရန်ကုန် ၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ ကြွပ်ကြွပ်အိတ် လို့ခေါ်တဲ့ ပလပ်စတစ်အိတ် အကြွပ်တွေ အသုံးပြုခွင့်တွေကို သက်ဆိုင်ရာ စည်ပင်သာယာဌာန ကနေ တရားဝင် အမိန့်ကြေညာစာတွေ ထုတ်ပြန်ပီး ပိတ်ပင်ထားပါတယ်။

လက်ရှိ အုပ်ချုပ်နေသူတွေရဲ့ ထုံးစံအတိုင်း ပိတ်ပင်တယ်၊ တားဆီးတယ်၊ အသုံးပြုရင် ဥပဒေအရ အရေးယူမယ် ဆိုတဲ့ စကားလုံးတွေပါတဲ့ အမိန့်တခုကိုသာ လွယ်လွယ်လေး ထုတ်ပြန်လိုက် ပါတယ်။ အမြဲတမ်းလိုလို တားမြစ်ချက်တွေ ထုတ်တိုင်း အဲဒီ အကြောင်းအရာတွေကို လွယ်လင့်တကူ သက်သက်သာသာနဲ့ ဘယ်လို ဖြေရှင်းပေးမယ် ဆိုတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်တွေ မတွေးတော မစဉ်းစားတတ်တာ မြန်မာနိုင်ငံက အမိန့်ထုတ်သူတွေရဲ့ ဓလေ့ လို့တောင် ပြောရမလို ဖြစ်နေပါပီ။

ကြွပ်ကြွပ်အိတ် သုံးစွဲတာက တကယ်ဘဲ အဲဒီလို အမိန့် ထုတ်လိုက်တာနဲ့ ရပ်ဆိုင်းသွားပီလား။

ရန်ကုန် နဲ့ မန္တလေးက အိမ်ရှင်မတွေနဲ့ စကားစမြည်ပြောကြည့်တော့ ရန်ကုန်က အိမ်ရှင်မ ဒေါ်ကြည်ခင်က“လက်တလော ထုတ်လိုက်တဲ့ ဥပဒေကြောင့် ဈေးတွေထဲမှာ ကြွပ်ကြွပ်အိတ် သုံးစွဲမှုတွေ သိသိသာသာ နည်းသွားတာကို တွေ့ရတယ်” လို့ ပြောပါတယ်။ ဒါပေမဲ့ တားမြစ်ချက် ဥပဒေ ထုတ်ထားတာ လအတော်အတန် ကြာပီဖြစ်တဲ့ မန္တလေးက အိမ်ရှင်မ မခင်မေ ဆီကတော့ “အခုဘဲ ဈေးကပြန်လာတာ ငါးစိမ်းသည်က ငါးကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်သလို ပဲသည်ကလည်း အိတ်ထဲ ထဲ့ပေးလိုက်တာပါဘဲဟယ်” ဆိုတဲ့ စကားတွေ ပြန်ရခဲ့ပါတယ်။ အမိန့် ထုတ်ပြန်ထားသူတွေ သုံးစွဲစေချင်တဲ့ ပလတ်စတစ်အိတ် အပျော့ဈေးကို မေးကြည့်တော့ သုံးနေကျ ကြွပ်ကြွပ်အိတ်ဈေးထက် ၂ ဆခွဲ လောက် ဈေးကြီးနေပါတယ်။ ဥပမာ ၆x၁၂ ကြွပ်ကြွပ်အိတ် အလုံး ၅ဝ ပါ တထုပ်ကို ကျပ် ၂ဝဝ ဝန်းကျင်ပေးရပေမယ့် အဲဒီဆိုက် ပလတ်စတစ် အိတ်အပျော့ တထုပ်ကို ကျပ် ၅ဝဝ ကျော် ဈေးရှိနေပါတယ်။

ကြွပ်ကြွပ်အိတ်တွေ အသုံးများလာတာကို ပြန်ကြည့်မယ်ဆိုရင် လူနေမှုချို့တဲ့လာတာကနေ စခဲ့တယ်ပြောရင် ရနိုင်ပါတယ်။ အရင်က လက်ဖက်ရည်ဝယ်မယ်ဆိုရင် လက်ဖက်ရည်ချိုင့်လေးနဲ့၊ ဈေးသွားမယ်ဆိုရင်လည်း ဆွဲခြင်းလေး ဆွဲပီး သွားကြလာကြပါတယ်။ အဲဒီလို ရှိခဲ့တဲ့ လူနမှုကနေ အိမ်ရှိ လူကုန် အလုပ်လုပ် ၊ အလုပ်ကနေအပြန် ဈေးဝင် ဟင်းချက်စရာဝယ်ရတဲ့ လူတွေ များလာတော့ ဈေးခြင်းတောင်း နဲ့ ဈေးဝယ်သွားရမယ့် အချိန်ပါးရှား လာပါတယ်။ အဲဒီလို ဝယ်ရင်းနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေကို အလွယ်တကူ ထည့်ဖို့ ထည့်စရာ ရှာရင်း ကြွပ်ကြွပ်အိတ်ခေတ်ကို ရောက်လာခဲ့တာပါ။

ဒါ့အပြင် ကြွပ်ကြွပ်အိတ်တွေ သုံးလာတယ် ဆိုတာက
ဈေးဝယ်သူ ဘက်က အလွယ်တကူ သယ်ယူလို့
ကောင်းတာရယ်၊ ဈေးသည်ဘက်ကလည်း အင်ဖက်၊ ငှက်ပျောဖက် ၊ ကြာဖက်တွေ ဝယ်ပီးသုံးမယ် ဆိုရင် ဈေးကြီးတယ်၊ မိုးတွင်းမှာ ဖက်ရွက်တွေက ရွှံတွေ ဗွက်တွေနဲ့ ညစ်ပတ်နေတာကြောင့် ဆေးကြော ပီးမှသာ အသုံးပြုနိုင်တယ်။ အဲဒီတော့ ဈေးသည်တွေကို အလုပ်ပိုစေတယ်။ ဒါကြောင့် ကြွပ်ကြွပ်အိတ်တွေကို ဖောဖောသီသီ အသုံးပြုလာခြင်း ဖြစ်ပါတယ်။ နောက်တချက်က ကြွပ်ကြွပ်အိတ်ဈေးက အလွန်ပေါတယ်။ ဒီလို အခြေခံအကြောင်းတရားတွေဟာ ကြွပ်ကြွပ်အိတ်တွေက ဈေးကွက်ထဲကို အလွယ်တကူ နေရာယူဖို့ စေ့ဆော်နေတာ မဟုတ်ပါလား။

သဘာဝ ပတ်ဝန်းကျင် ရှုဒေါင့်ကနေကြည့်မယ် ဆိုရင်တော့ အသုံးပြုပီးသား ကြွပ်ကြွပ်အိတ်တွေဟာ အလွယ်တကူ မြေဆွေး မဖြစ်နိုင်ဘူး။ နောက် အသေအချာ မသိမ်းဆည်းရင် ပတ်ဝန်းကျင်ကို ညစ်ပတ်စေတယ်။ ဒီဆိုးကျိုး သံသရာကို လက်ရှိကြွပ်ကြွပ်အိတ် သုံးစွဲနေသူတိုင်းလိုလို အခုချိန်မှာ ကောင်းကောင်းသိနေပါပီ။ ဒါပေမဲ့ ဘာကြောင့် အဲဒီကြွပ်ကြွပ်အိတ်တွေကို ဆက်လက် သုံးစွဲနေကြတာလဲ ဆိုတဲ့ အခြေအနေကို တားမြစ်ချက် ထုတ်တဲ့လူတွေ စဉ်းစားဖို့ ကောင်းမနေပေဘူးလား။ တားမြစ်ချက်ကို ထိရောက်ဖို့ဆိုရင် အစားထိုး အသုံးပြုပစ္စည်းတွေကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။

ဖွံဖြိုးပြီး နိုင်ငံတွေမှာတောင် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လုံးဝ ပပျောက်သွားသေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သုံးစွဲမှု နဲသထက် နဲလာအောင် ထပ်တလဲလဲ ပြန်လည် အသုံးပြုနိုင်တဲ့ အိတ်တွေကို ဈေးပေါပေါနဲ့ ရောင်းချပေးတယ်။
နောက်လူတိုင်း သုံးသမျှ အမှိုက်တွေကို နေ့စဉ်ရက်ဆက် လာသိမ်းတဲ့ အမှိုက်သိမ်းစနစ်နဲ့ လူထုကို မိတ်ဆက်ပေးထားခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နဲနိုင်သမျှနဲအောင် ပြုလုပ်နေကြတာပါ။

ဒီလိုနည်းလမ်းတွေကို မြို့တော်စည်ပင်သာဌာနကနေ ဆောင်ရွက်ခြင်းမရှိဘဲ အခုလည်း ရန်ကုန်မှာ ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပီး ကြွပ်ကြွပ်အိတ် သုံးစွဲမှု ရပ်ဆိုင်းရမယ်။ မရပ်ဆိုင်းရင် ကြွပ်ကြွပ်အိတ် ထုတ်လုပ်သူ နဲ့ သုံးစွဲသူတွေကို ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ ချမယ်ဆိုပီး သတင်းစာတွေကနေ တရားဝင် ထုတ်ပြန်ကြေညာနေပြန်ပါပြီ။ အဲဒီလို အပြစ်ပေးမယ်ဆိုတာမျိုးနဲ့ သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းလို့ရနိုင်ပါ့မလား။

ကိုယ်ထုတ်တဲ့ အမိန့်စာတည်ဖို့ဆိုတာ အဲဒီ အမိန့်ကို တည်စေတဲ့ အကြောင်းအရာတွေကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပေးသမျှ ထုတ်ပြန်သမျှ အမိန့်တွေဟာ ပိန်းကြာဖက်ပေါ် ရေမတင် ဆိုသလိုမျိုး ဘယ်တော့မှ အရာထင်မှာ မဟုတ်ဘူးဆိုတာ သိသင့်နေပါပြီ။

No comments:

Post a Comment