Saturday, May 21, 2011

သမ္မတကြီးရဲ့ ပက်ပက်စက်စက် စေတနာတွေ

ရန်ကုန်သားတာတေ

ဖိုးရှုပ်။ ။ အခုလိုပေါ့နော် … နိုင်ငံတော် သမ္မတကြီးအနေနဲ့ လွတ်ရက်စေ့တဲ့ သူတွေကို ပက်ပက်စက်စက် လွတ်ငြိမ်း ချမ်းသာခွင့် ဆိုပြီး ဘယ်သမ္မတမှ မပေးခဲ့ဘူးတဲ့ ပုံစံနဲ့ပေါ့နော် … ရက်ရက်စက်စက် ဗုံးပေါလအော ပေးလိုက်ရခြင်း အကြောင်းရင်းကို သိပါရစေ ပေါ့နော်။

သိန်းဂိန်။ ။ (ပြောင်နေသော နဖူးကို လက်ကိုင်ပဝါဖြင့် ပွတ်ရင်း) ဟုတ်ကဲ့ … ဒီကိစ္စအတွက် ကျနော် တော်တော်လေးကို ခေါင်းစားခဲ့ရပါတယ်။ နိုင်ငံတကာကို ဘယ်လို မျက်လှည့်ပြရမလဲ ဆိုတာစဉ်းစားရင်း ကျနော့် နဖူးက နဂိုရှိရင်းထက် တလက်မတောင် ပိုပြောင်သွားတာကို ကြည့်ပါတော့။ အဲ … မေးခွန်းလေး တဆိတ် ပြန်ပြောပါဦး။

ဖိုးရှုပ်။ ။ ဟုတ်ကဲ့ ဗုံးပေါလအော လွတ်ငြိမ်းချမ်းသာခွင့် ….။

သိန်းဂိန်။ ။ ဟုတ်ပြီ … သိပြီ … ဗုံးပေါလအော လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရခြင်း အကြောင်းရင်းနော်။ ဒီလိုပါ … လူတချို့ရဲ့ စီးပွားရေး ပြဿနာကိုပါ ဖြေရှင်းပေးလိုက်တဲ့ သဘောပါ။

ဖိုးရှုပ်။ ။ ရှင်းပါဦး ခင်ဗျ။

သိန်းဂိန်။ ။ အခု လွတ်သွားတဲ့အထဲမှာ အများစုက နှစ်တို အကျဉ်းသားတွေလေ။ အဲဒီထဲမှာမှ … သူခိုးတို့၊ ခါးပိုက်နှိုက်တို့၊ ပြည့်တန်ဆာတို့ ပိုများတယ်ဗျ။ အဲ … သေသေချာချာ စိစစ်လိုက်တော့ ပြည့်တန်ဆာက အများစု ဖြစ်နေပြန်ရော။ ဇာတ်လမ်းက အဲဒီမှာ စတာပဲ။

နိုင်ငံတော် သမ္မတသစ် ဦးသိန်းဂိန်၏ “ပက်ပက်စက်စက် လွတ်ငြိမ်းချမ်းသာခွင့်” ကြီး ကြေညာအပြီးတွင် သမ္မတကြီးအား တခြားမီဒီများထက် အရင်ဦးစွာ အင်တာဗျူးရန်အတွက် ဒေဝါလီမဂ္ဂဇင်းမှ ပင်တိုင်အတင်းသမား ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့ ရောက်နေကြသည်။ ဖိုးရှုပ်၏ မေးခွန်းကို စိတ်အား ထက်သန်စွာ ဖြေနေသည့် သမ္မတကြီးကို ကြည့်ရင်း ဖိုးရှုပ်ကော ဦးရုက္ခစိုးပါ ခရော့စ် ကွက်ရှင်ထုတ်ရန်ပင် မေ့နေကြ လေ၏။

သိန်းဂိန်။ ။ ဒီလိုလေ … ရွှေဝါထွန်းတို့ … ငစိန်တို့ ... ပေါ်ဆန်းတို့ကို ခင်ဗျားတို့ ကြားဖူးမှာပေါ့။

ရုက္ခစိုး။ ။ သိပါတယ် … သိပါတယ်။ ဆန်တွေ မဟုတ်လား။ မဆလ ခေတ်ကဆို သမဝါယမကနေ ရွှေဝါထွန်းကို တပြည် နှစ်ကျပ် ပြား နှစ်ဆယ်နဲ့ ထုတ်စားရတယ်လေ။ အကြေတွေဆိုတာ အောတိုက်ပဲ။

သိန်းဂိန်။ ။ မဟုတ်ဘူးဗျ … မှားနေပြီ။ အဲဒါ ပြည့်တန်ဆာ ခေါင်းတွေရဲ့ နာမည်တွေ။ သူတို့က ကျုပ်ဆီ အသနားခံစာ တင်တယ်လေ။ ခင်ဗျားတို့ နှင်းဆီတို့၊ စပယ်တို့၊ ခရေတို့၊ ဒေလီယာတို့ကော သိကြတယ် မဟုတ်လား။

ရုက္ခစိုး။ ။ ပန်းတွေလား … ကြံကြံဖန်ဖန် သမ္မတကြီးရယ် … ရုက္ခစိုးနဲ့ ပန်း ဘာဆိုင်တာလိုက်လို့။

သိန်းဂိန်။ ။ လွဲပြန်ပြီ … အဲဒါက အဝှာခေါင်းတွေရဲ့ အလုပ်သမတွေလေ။ သူတို့က မှောင်ရိပ်ခိုမှုနဲ့ ထောင်ကျနေကြတာ … နှစ်တိုသမားတွေပေါ့။

ဖိုးရှုပ်။ ။ ဘယ်လိုပါလိမ့် … သမ္မတကြီး ရှင်းရှင်းပြောပါ။ ကျနော်မေးနေတာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနော်။ ဇိမ်အိမ်တွေ အကြောင်း မဟုတ်ဘူး။

သိန်းဂိန်။ ။ မလောပါနဲ့ လာမယ်လေ။ အဲဒီ ငစိန်တို့ အသနားခံတဲ့အထဲမှာ အရမ်းကို အရေးကြီးတဲ့ စီးပွားရေး ကိစ္စတွေ ပါနေတယ်ဗျ။ သူတို့ရဲ့ အလုပ်သမတွေ … ခုနကပြောတဲ့ … နှင်းဆီတို့၊ ခရေတို့ပေါ့ … အဲ သူတို့ ထောင်ကျနေတဲ့အတွက် သူတို့ရဲ့ ဇီးကွက် စီးပွားရေး ထိခိုက်တဲ့ အကြောင်း။

ရုက္ခစိုး။ ။ ဈေးကွက် စီးပွားရေး မဟုတ်ဘူးလား။

သိန်းဂိန်။ ။ သူတို့က ညဘက်အလုပ်လုပ်တော့ ဇီးကွက်စီးပွားရေးလို့ ခေါ်တယ်ဗျ။ ဖြတ်မပြောနဲ့ဦး ...။ ဒါ့အပြင် အဲဒီ အလုပ်သမတွေအတွက် ထောင်ဝင်စာ တာဝန်ယူပေးနေရတဲ့အတွက် ဝင်ငွေမရတဲ့ကြားက ထွက်ငွေက များနေတဲ့ အကြောင်း … အဲဒီတော့ သူတို့ အလုပ်သမတွေကို အမြန်ဆုံး လွှတ်ပေးပါ ဆိုတဲ့အကြောင်း စာတင်တာ။

ရုက္ခစိုး။ ။ အဲဒီကိစ္စနဲ့ ပက်ပက်စက်စက် လွတ်ငြိမ်းချမ်းသာခွင့် ဘာဆိုင်လို့လဲဗျာ။

သိန်းဂိန်။ ။ ဆိုင်ပါသော်ကော မောင်ဖိုးရှုပ်ရဲ့။ ကျုပ် သမ္မတ ဖြစ်ပြီဆိုတာနဲ့ ဟိုကအော်လိုက်၊ ဒီကလက်မှတ်ထိုးလိုက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းနေတာမဟုတ်လား။ အဲဒါတွေအတွက် စဉ်းစားရလွန်းလို့ ခေါင်းပြောင်နေတဲ့အချိန်မှာ ငစိန်တို့ရဲ့ အသနားခံစာက ရောက်လာတာ။

ဖိုးရှုပ်။ ။ သြော် ဒါနဲ့ ချော်လဲရောထိုင် လုပ်ပြီး အခုလို ပက်ပက်စက်စက် လွတ်ငြိမ်းချမ်းသာခွင့်ကြီးကို ကြေညာ လိုက်တာ ပေါ့နော်။

သိန်းဂိန်။ ။ ဟုတ်ပါ့ … အဲဒီတော့ နိုင်ငံတကာကိုလည်း မျက်လှည့်ပြပြီးသားဖြစ်၊ ရွှေဝါထွန်းတို့၊ ငစိန်တို့၊ ပေါ်ဆန်းတို့ရဲ့ စီးပွားရေးကိစ္စ ကိုလည်း ဖြေရှင်းပြီးသားဖြစ် တချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။

ရုက္ခစိုး။ ။ အဲဒီလို ကြေညာလိုက်တော့ သမ္မတကြီးကို ဝိုင်းပြီး မေတ္တာပို့ကြမှာပဲနော်။

သိန်းဂိန်။ ။ သေချာတာပေါ့ဗျာ။ အဝှာခေါင်းတွေဆိုတာ ကျုပ်ကို ကျေးဇူးတင်လွန်းလို့တဲ့ … သူတို့ ဖြန့်ဝေနေတဲ့ ၄ လုံးရောဂါကို အလကားလာယူပါတောင် ပြောတာ။ ကျုပ်က မအားသေးလို့ ဟင်းဟင်း။

ရုက္ခစိုး။ ။ (ရွဲ့ပြောလို့ပြောမှန်း မသိ … ဟုတွေးရင်း) သြော် ဒါဆို … ရွှေဝါထွန်းတို့၊ ငစိန်တို့၊ ပေါ်ဆန်းတို့တော့ တော်တော် ပျော်နေကြမှာပဲ။

သိန်းဂိန်။ ။ ပျော်သလားတော့ မမေးနဲ့လေ။ ဘူးဝကနေ လာစောင့်ပြီး နှင်းဆီတို့၊ စပယ်တို့၊ ခရေတို့ကို တသုတ်ပြီး တသုတ် လာခေါ်သွားတာ အားရစရာကြီး။ ကျုပ်ဖြင့် သူတို့ရဲ့ အပျော်တွေကူးစက်ပြီး မျက်ရည်တောင် လည်မိတယ် (ငိုသံပါကြီးဖြင့် ပြောခြင်းဖြစ်သည်)

ဖိုးရှုပ်။ ။ ဟုတ်ကဲ့ပေါ့နော်။ နိုင်ငံရေးအကျဉ်းသားတွေ ကျတော့ မဖြစ်စလောက်ကလေး လွတ်ရက်စေ့တဲ့ သူတွေကိုပဲ လွှတ်ပေးပြီး သူခိုးတွေ၊ ပြည့်တန်ဆာတွေ၊ ခါးပိုက်နှိုက်တွေကျတော့ အုံနဲ့ကျင်းနဲ့ လွှတ်ပေးလိုက်တယ် ဆိုတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အလားအလာက တော်တော်လေး အားရစရာပဲနော် သမ္မတကြီး။

သိန်းဂိန်။ ။ အားရစရာပေါ့။ အခုဆို သူခိုးတွေလည်း ဆက်ခိုးလို့ရပြီ၊ ခါးပိုက်နှိုက်တွေလည်း ဆက်နှိုက်နိုင်ပြီ၊ ပြည့်တန်ဆာ တွေလည်း … အဲ … အဲလိုပေါ့ဗျာ။

ရုက္ခစိုး။ ။ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားတွေ ကျတော့ … ထောင်ထဲမှာပဲ အကြာကြီး ဆက်နေရတော့မှာပေါ့။ သူတို့ကိစ္စတော့ သမ္မတကြီး သိပ်မပြောသလိုပဲနော်။


သိန်းဂိန်။ ။ မပြောဆို ပြောစရာမှ မလိုဘဲဗျ။ နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိဘူးလို့ ခဏခဏ ပြောပြီးပြီ။ ခင်ဗျားတို့က ဇွတ်ကြီးပါလား။ ဒီမှာ … ကျုပ်ကို ချောင်ပိတ်မေးခွန်းတွေ၊ ခရော့စ်ကွက်ရှင်တွေ၊ ဖြေရခက်တဲ့ မေးခွန်းတွေ မေးလာရင် မဖြေဘဲ နေလို့ရတယ်လို့ ဆော်ကြမ်းက သင်ထားတယ်။ နောက်တခု ဆက်မေး။

ဦးသိန်းဂိန်က နှာတင်းသွားသောကြောင့် ဖိုးရှုပ် မျက်နှာချိုသွေးလိုက်သည်။

ဖိုးရှုပ်။ ။ ဟုတ်ကဲ့ခင်ဗျ။ သမ္မတကြီးရဲ့ ပက်ပက်စက်စက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပက်ပက်စက်စက် ရှင်းပါပြီ။ ဆက်ပြီး မေးချင် တာကတော့ … သေဒဏ်သမားတွေကို တသက်တကျွန်း ပြစ်ဒဏ်အဖြစ် ပက်ပက်စက်စက် လျှော့ပေါ့ ပေးလိုက်တဲ့ ကိစ္စ ...။

သိန်းဂိန်။ ။ ဟုတ်တယ်။ ဒါ မေးသင့်တဲ့ ကိစ္စပဲ။ အရင် သတ်မတော် အစိုးရလက်ထက်မှာ သေဒဏ် မစီရင်ဘူး ဆိုတာက သူတို့က ရွေးကောက်ခံ အစိုးရမဟုတ်လို့၊ ရှင်းအောင်ပြောရရင် သမ္မတ မရှိသေးလို့ ပေါ့နော်။ အခု သမ္မတ ရှိနေပြီ။ ကျုပ် သေဒဏ်ပေးချင်ရင် ပေးလို့ရတယ်။ ဒါပေမယ့် ကျုပ်က စေတနာနဲ့ ပြစ်ဒဏ်ကို ပက်ပက်စက်စက် လျှော့ပေါ့ပေးလိုက်တယ်။ ဒါ အကြောင်းရှိပါတယ်။

ရုက္ခစိုး။ ။ ဘယ်လို အကြောင်းပါလိမ့်ဗျာ။

သိန်းဂိန်။ ။ ဒီကြေညာချက်ကို မထုတ်ပြန်ခင် … အရှေ့တောင်နဲ့ အရှေ့အရပ်ကြား ၁၂ နှစ်ပိုင်းတပိုင်း ဒီဂရီတည့်တည့်မှာ ရပ်ပြီး သူတို့အသက် တခါလွှတ်၊ ငါတို့အသက် ဆယ်ခါလွှတ်ဆိုပြီး အကြိမ်ပေါင်း တစ်ထောင့်တရာ တိတိ အော်ခဲ့ရပါတယ်။ ဒါမှပဲ ၁၁ မီးငြိမ်းမယ်၊ ကျနော်တို့အသက်တွေ ချမ်းသာရာ ရမယ်လို့ ချိုကုပ်ဒူးကြီးက မိန့်မှာထားပါတယ် ဟဲဟဲ။

ဖိုးရှုပ်။ ။ သြော် ဒီလိုကိုး ...။ ဟုတ်ပါပြီ … ဟုတ်ပါပြီ။ ဒါနဲ့ သမ္မတကြီးအနေနဲ့ ပေါ့နော် … ပက်ပက်စက်စက် လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတာကို ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ပါသလဲ သိပါရစေ။

သိန်းဂိန်။ ။ ဟော့ (ဟုတ်ကဲ့ကို မော်ဒယ်ဂဲလ် ကလေးများစတိုင် ပြောခြင်းဖြစ်သည်) ပက်ပက်စက်စက် လွတ်ငြိမ်း ချမ်းသာခွင့် ဆိုသည်မှာပေါ့နော် … ရိုးရိုး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လုံးဝ … မတူစေရဘူး၊ အပြစ်မရှိတဲ့သူတွေကို သေချာ စိစစ်ပြီး ထောင်ထဲမှာ ချန်ထားခဲ့ရမယ်၊ လွတ်ရက်စေ့တဲ့သူတွေနဲ့ … လွတ်ရက်စေ့ခါနီး တနှစ်အလို လူတွေကို ပက်ပက် စက်စက် ရက်ရက်ရောရော လွှတ်ပေးနိုင်ရမယ်၊ နောက်ဆုံးတခုကတော့ အဲဒီလို လွတ်သွားတဲ့အထဲမှာ အများစုက ရာဇဝတ်သားတွေ ဖြစ်နေရမယ် … အဲ … ဒီလောက်ပါပဲ။

ဖိုးရှုပ်။ ။ ဟော့ (ကူးစက်သွားခြင်းဖြစ်သည်) နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဘယ်လို ခံစားခဲ့ရပါသလဲ။

သိန်းဂိန်။ ။ ဟော့ … ကမ္ဘာမှာ ဘယ်သမ္မတမှ မလုပ်နိုင်သေးတဲ့ အလုပ်တခုကို အခုလို လုပ်နိုင်ခဲ့တဲ့ အတွက် ပက်ပက် စက်စက်ကို ပျော်ပါတယ်၊ ရက်ရက်စက်စက်ကို ဂုဏ်ယူပါတယ်။ ဝမ်းမြောက်ပါတယ်၊ ပျော်ရွှင်ပါတယ်။ ကျုပ်ကိုယ်ကျုပ်လည်း တော်တော်ကို လေးစားမိပါတယ်။

ရုက္ခစိုး။ ။ ကျုပ်တို့ကလည်း အခုလို ပက်ပက်စက်စက် မျက်နှာပြောင်တိုက်ရဲတဲ့ သမ္မတကြီးကို အရမ်းအရမ်းကို ကျေးဇူး တင်ပါတာပါပဲ ရှမ် … အဲ ... ခင်ဗျာ။

No comments:

Post a Comment