Friday, May 27, 2011

လွတ်မြောက်ခြင်းနှင့် အတူ

ဇာနည်မာန်

ညမီးရောင်တွေအောက်မှာ သက်ဝင်လှုပ်ရှားနေတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က အင်ဒီရာဂန္ဓီ လေဆိပ်၊ ပြည်တွင်း ဆိုက်ရောက် ခရီးသည်တွေ ကြိုတဲ့နေရာမှာ နယူးဒေလီရောက် မြန်မာနိုင်ငံသားတွေဟာ တခုခုကို စောင့်မျှော် နေကြပါတယ်။
ရိုးရာဝတ်စုံတွေ၊ ပန်းကုံးတွေနဲ့ အမျိုးသမီးလေးတွေ၊ ကင်မရာတွေကိုယ်စီနဲ့ သတင်းထောက်တွေ အပါအဝင် ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာ ရဟန်းတော်တပါးလည်း ရှိနေတော့ အိန္ဒိယတိုင်းသားတွေက “မင်းတို့က တိဘက် တွေလား။ ဘုန်းတော်ကြီး ဒလိုင်းလားမား ပြန်လာတာကို လာကြိုကြတာလား” လို့ မေးခွန်းထုတ်တယ်။

ရခိုင် အမျိုးသားတယောက်က “ငါတို့က မြန်မာနိုင်ငံသားတွေပါ” လို့ ဆိုတော့ “မင်းတို့နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးလိုမျိုး လူကြီး တယောက်ယောက်ကို လာကြိုတာလား” လို့ ထပ်မေးပြန်တယ်။

အဲဒီတော့ သူက “မဟုတ်ပါဘူး။ ငါတို့ရဲ့ မျိုးချစ် တော်လှန်ရေးသမားတွေ ကာလကတ္တား ထောင်မှာ ၁၃ နှစ်ကျော် အကျဉ်းကျနေတာကနေ လွတ်လာပြီး ဒေလီကို လာကြမှာမို့ လာကြိုတာ” လို့ ပြောတော့ မေးတဲ့ အိန္ဒိယ တိုင်းသားက “ခမ်းနားလိုက်တာနော်။ ၀မ်းသာစရာပဲ” လို့ တအံ့တသြ ဆိုပါတယ်။

လေယာဉ်တွေ တစင်းပြီး တစင်း ဆိုက်လာပေမယ့် ကာလ ကတ္တားကနေ မြန်မာ တော်လှန်ရေးသမား ၃၁ ယောက်ကို တင်လာတဲ့ လေယာဉ်ကြီးကတော့ သတ်မှတ် အချိန်ထက် ၁၅ မိနစ် နောက်ကျပြီးမှ ဆိုက်ရောက်မယ် ဆိုတဲ့ သတင်း ကြောင့် စောင့်မျှော်နေတဲ့ လူအုပ်ကြီးဟာ လေဆိပ်လုံခြုံရေးတွေဆီက “ဘယ်သူ လာမှာမို့လို့ ဒီလောက် လူတွေ အများကြီး လာရတာလဲ၊ မင်းတို့က ဘယ်သူ တွေလဲ” ဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြေနေရပါတယ်။

ညမီးရောင်တွေအောက်က ကြိုဆိုရေးနေရာမှာ အိန္ဒိယ တေးသွား သံစဉ်တွေ လွင့်ပျံ့နေပါတယ်။ စူးစမ်းတဲ့ အကြည့်တွေ ပြည့်နှက်နေပေမယ့် ဒေလီရောက် မြန်မာတွေကတော့ လေယာဉ်ခရီးစဉ် ကြေညာတဲ့ ဘုတ်ပေါ်ကိုပဲ အာရုံစိုက်နေ ကြပါတယ်။

“လေယာဉ်ဆိုက်ပြီ” ဆိုတဲ့ စာတမ်း ပေါ်လာချိန်မှာတော့ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ ဒါပမေယ့် သူတို့တွေ တော်တော်နဲ့ ထွက်မလာကြ သေးတာကြောင့် “မျိုးချစ်သူရဲကောင်းတွေကို လှိုက်လှဲစွာ ကြိုဆိုပါတယ်” ဆိုတဲ့ စာတမ်း ကိုင်ထားတဲ့ ရခိုင်လူငယ်လေး တယောက်က “ကျနော် အထဲသာ ၀င်သွားလိုက်ချင်တယ်။ ဘာလို့များ ထွက်မလာ ကြသေးလဲ မသိ။ သူတို့ကို တွေ့ချင်လှပြီ။ စိတ်မရှည်လိုက်တာနော်လို့” ပြောပါတယ်။

သတင်းထောက် တွေရော၊ လာကြိုသူတွေရော လည်တဆန့်ဆန့် မျှော်နေတုန်းမှာပဲ ရခိုင်အမျိုးသား တယောက်ရဲ့ “ဟိုမှာ ဟိုမှာ၊ လာကြပြီ လာကြပြီ” လို့ အော်လိုက်သံ ကြားလိုက်ရပါတယ်။

ရခိုင်နဲ့ ကရင်တံဆိပ် ယှဉ်တွဲ ရိုက်နှိပ်ထားတဲ့ တီရှပ်ဖြူတွေ ကိုယ်စီဝတ်ထားတဲ့ သူတို့တွေကတော့ တဖြည်းဖြည်းနဲ့ လေဆိပ် အဆောက်အအုံရဲ့ အပြင်ကို ထွက်လာကြပါပြီ။

“အိန္ဒိယ ထောင်ထဲမှာ ၁၃ နှစ်ကျော် နေခဲ့ပြီး လွတ်လာတဲ့ မျိုးချစ်သူရဲကောင်းတွေကို ကြိုဆိုပါတယ်၊ ကျန်းမာကြပါစေ” လို့ လာကြိုသူတွေဆီက ကြွေးကြော်သံတွေ၊ ရခိုင် တိုင်းရင်းသား စကား၊ ကရင်တိုင်းရင်းသား စကားတွေနဲ့ အပြန်အလှန် နှုတ်ဆက်သံတွေ၊ တဖြတ်ဖြတ်လက်နေတဲ့ ကင်မရာ မီးရောင်တွေကြားထဲက ၃၁ ယောက်သော သူတို့တွေရဲ့ မျက်နှာတွေ ပေါ်မှာတော့ အံ့သြ၀မ်းသာမှု၊ စိတ်အားထက်သန်မှုတွေနဲ့ အားငယ်စိုးရွံ့မှုတွေ တပြိုင်နက်တည်း ဖြစ်ပေါ်နေတာ တွေ့မြင်ရသလို၊ ၀မ်းသာဝမ်းနည်း မျက်ရည်လည်နေသူတွေကိုလည်း တွေ့လိုက်ရပါတယ်။

“ကျနော်တို့ကို ဒီလိုမျိုး ပန်းကုံးတွေနဲ့ ကြွေးကြော်ပြီး လာကြိုမယ်ဆိုတာကို လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ အခုလို ရုတ်တရက်ကြီး ကြုံလိုက်ရတော့ ရင်ထဲ တမျိုးကြီးဗျာ။ လွတ်လာလို့လည်း ပျော်တယ်၊ ဒီလို ဂုဏ်ပြုခံရလို့လည်းပျော်တော့ ငိုမိတယ်။ ၀မ်းသာလို့ ကျတဲ့မျက်ရည် ဆိုတာပေါ့” လို့ ကရင်အမျိုးသား ဆာတိုးတိုး က ပြောပြပါတယ်။

တကယ်က သူတို့ ၃၄ ဦး ဖြစ်ရမှာပါ။ သူတို့ထဲက ၃ ယောက်က ပေါ့ဘလဲမြို့မှာ နေတုန်းက ရှိခဲ့တဲ့ ပြစ်မှုငယ်တခုကို ရင်ဆိုင်ရ ဦးမှာမို့လို့ နောက် ၁ လ လောက် နေမှ ပြန်လွတ်လာဖို့ မျှော်လင့်တယ်လို့ ပြောကြပါတယ်။

“သူတို့ ပေါ့ဘလဲမှာ နေတုန်းက အဲဒီက တာဝန်ကျတွေနဲ့ တယောက်တခွန်း စကားများကြတာ။ တာဝန်ရှိသူကို ၀တ္တရား နှောင့်ယှက်မှုပေါ့။ အဲဒီအမှုကို သွားရှင်းပြီးရင်တော့ ပြန်လွတ်လာမယ်” လို့ သူတို့က ဆိုပါတယ်။

ကရင်အမျိုးသား ဦးဖိုးချိုက “ထောင်ထဲမှာ ဗမာပြည်က ထောင်တွေလို မကျဉ်းကျပ်ဘူး ဆိုပေမယ့် ထောင်ဆိုတာ ထောင်ပါပဲ။ ကျနော်တို့ အခုလို လွတ်လာပေမယ့် ၃ ယောက် ကျန်ခဲ့သေးတော့ စိတ်မကောင်းဘူး။ သူတို့ကို အားပေးခဲ့တယ်။ သူတို့လည်း စိတ်တင်းထားပေမယ့် အားတော့ငယ်တာပေါ့။ ဒါပေမယ့် မကြာပါဘူး သူတို့လည်း ကျနော်တို့ဆီ ရောက်လာမှာပါ” လို့ ပြောပြပါတယ်။

အိန္ဒိယနဲ့ မြန်မာ ထောက်လှမ်းရေးတွေရဲ့ လျှို့ဝှက် သဘောတူညီချက် တခုအရ အိန္ဒိယ ရေပိုင်နက်ထဲက လန်းဖော ကျွန်းကို ရောက်လာကြတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ရခိုင်အမျိုးသားညီညွတ်ရေး ပါတီ (NUPA) ဝင်တွေဖြစ်တဲ့ သူတို့တွေကို အိန္ဒိယရေတပ်က ၁၉၉၈ ခုနှစ်မှာ ထိန်းသိမ်း ခဲ့ပါတယ်။

သူတို့ကို အက်ဒမန်ကျွန်းစု ပေါ့ဘလဲမြို့မှာ ၈ နှစ်ကျော် ထိန်းသိမ်းထားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင် ၆ ဦး ကွပ်မျက် ခံရပြီးတဲ့ နောက်မှာတော့ ကာလကတ္တားက ပရက်စီဒင်စီ အကျဉ်းထောင်ကို ပြောင်းလိုက်ပါတယ်။ အဲဒီမှာတော့ သူတို့ကို အိန္ဒိယ ဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်း ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက်အတွင်း တရားမ၀င် ခိုးဝင်မှုတွေနဲ့ တရားစွဲဆိုခဲ့တာပါ။

နှစ်ရှည်လများ အမှုကို စစ်ဆေးနေခဲ့ပြီး အမှုစီရင်ချက် ချတဲ့ အချိန်မှာတော့ နိုင်ငံခြားသားမှု (ပုဒ်မ -၁၄) နဲ့ ထောင်ဒဏ် ၁ နှစ် ၃ လ၊ ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ ပေါက်ကွဲ စေတတ်တဲ့ လက်နက် ခဲယမ်းမီးကျောက် ပိုင်ဆိုင်မှု ပုဒ်မ ၅ (ဘီ) နဲ့ ထောင် ၁ နှစ် ၃ လ၊ ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ လက်နက်မှုပုဒ်မ ၂၅ (ဘီ) နဲ့ ထောင်ဒဏ် ၆ လ ဒဏ်ငွေရူပီး ၂၀ဝ၀ ဆိုပြီး ချမှတ်ခဲ့ပါတယ်။ သူတို့တွေကို ထိန်းသိမ်းထားတာ ကြာလှပြီဖြစ်လို့ လျှော့ရက်တွေ ခံစားခွင့်နဲ့ လွတ်မြောက်ရမှာ ဖြစ်ပေမယ့် သူတို့မှာ အိန္ဒိယနိုင်ငံတွင်း နေထိုင်ခွင့် မရှိတာကြောင့် ထောင်ထဲမှာပဲ ဆက်နေခဲ့ကြရပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် ကူညီသူတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကနေ အိန္ဒိယပြည်ထဲရေး ၀န်ကြီးဌာနကို လူသားချင်းစာနာမှုအတွက် ချဉ်းကပ် ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးတဲ့ နောက်မှာတော့ သူတို့တွေ အခုလို လွတ်မြောက်လာကြ ရတာပါ။

သူတို့ ပြန်လွတ်လာတဲ့ အချိန်ဟာ သမ္မတ ဦးသိန်းစိန်က နိုင်ငံအ၀န်းက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာလို့ လွတ်ရက်နီးနေတဲ့ သူတွေ ပြန်လွတ်လာတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ရခိုင်အမျိုးသား ကိုအောင်နိုင်ဝင်းက “ကျနော်တို့ကို ဒေလီက မြန်မာ အသိုင်းအ၀န်းက နွေးနွေးထွေးထွေး ကြိုဆိုကြတာ၊ ဂုဏ်ပြုကြတာ တအား ၀မ်းသာပါတယ်။ ကျနော်တို့ထောင်က လွတ်လာရသလို မြန်မာပြည် ထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်လာမယ်ဆို ကောင်းမှာပဲ” လို့ ဆိုပါတယ်။

ဒီလို ၀မ်းသာရပေမယ့် မိသားစု၊ ဆွေမျိုး အသိုင်းအ၀န်းတွေကို ထောင်ကထွက်တဲ့နေ့မှာ သူများတွေလို မတွေ့မြင် ရတာကြောင့် ၀မ်းနည်းမိပြန်တယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်အမျိုးသား ကိုဒါးအယ်က “ထောင်က ထွက်လာတုန်းကရယ်၊ လေဆိပ်ကနေ ထွက်လာတော့ရယ်၊ စိတ်ထဲ တမျိုးကြီး ခံစားရတယ်။ သူများတွေဆို ထောင်ကထွက်ရင် မိသားစုတွေ လာကြိုကြတယ်။ ကျနော်တို့တွေကိုတော့ လာကြိုတဲ့ မိသားစုတွေ မရှိဘူး။ သူတို့ ဘယ်ရောက်နေကြသလဲ ဆိုတာလည်း ကျနော်တို့ မသိဘူး” လို့ ဆိုပါတယ်။

သူတို့ကို လာကြိုတဲ့ NUPA ဥက္ကဋ္ဌ ဦးခိုင်မရ၀ါ ကလည်း “အခုလို သူတို့ လွတ်လာတော့ ၀မ်းသာတယ်။ ကျဆုံးသွားတဲ့ ခေါင်းဆောင် ၆ ယောက်ကို သတိရတယ်။ တကယ်လို့ သူတို့သာ ရှိနေဦးမယ်ဆိုရင်၊ နောက်ပြီး ကျန်ခဲ့တဲ့ ၃ ယောက်လည်း အတူတူ ပြန်လွတ်လာမယ် ဆိုရင်တော့ ကျနော်တို့ ၀မ်းသာမှုက ဒီထက်ပိုမှာပါ” လို့ ပြောပါတယ်။

သူတို့ရဲ့အမှုကို အစအဆုံး လိုက်လံကူညီပေးခဲ့တဲ့ ရှေ့နေ နန်ဒီသာ ဟက်ဆားက သူတို့လွတ်လာတာ ၀မ်းမြောက် ပေမယ့် သူတို့ကို နှစ်အကြာကြီး ထောင်ထဲမှာ နေစေခဲ့တဲ့ အိန္ဒိယအစိုးရကို စိတ်ဆိုးမိကြောင်း ပြောပါတယ်။

“အမှန်ဆို ဒီလိုနေ့မျိုးက ဟိုးအကြာကြီး ကတည်းက ရရမှာ။ သူတို့ကို ထောင်ထဲမှာ အကြာကြီး ခံစားခဲ့ခိုင်းတဲ့ အိန္ဒိယအစိုးရကို ကျမ တော်တော်စိတ်ဆိုးတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ လွတ်လာကြတယ် ဆိုတော့လည်း ၀မ်းသာ ရပါတယ်” လို့ သူက ရှင်းပြပါတယ်။

သူတို့တွေ လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ သူတို့တွေရဲ့ ဘ၀ရှေ့ရေးအတွက် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ဖို့ တတိယ နိုင်ငံတခုခုဆီကို ဦးတည်သွားကြရ ဦးမှာပါ။

ကရင်အမျိုးသား ဦးခေးတိက “ကျနော်တို့ KNU ဆီ ပြန် အလုပ်လုပ်ချင်ပေမယ့် အခြေအနေအရ မဖြစ်နိုင်သေးဘူး။ ဒီမှာနေဖို့က လုံခြုံရေးအတွက် ရေရှည်မဖြစ်နိုင်တော့ တတိယ နိုင်ငံတခုခုဆီကို သွားဖို့ ကြိုးစားရအုံးမှာ” လို့ ပြောပါတယ်။

သူတို့တွေဟာ ထောင်ထဲမှာ နှစ်အကြာကြီး နေခဲ့ကြရတာဖြစ်လို့ အပြင်လောကနဲ့ သဟဇာတဖြစ်ဖို့ အရင် ကြိုးစားကြရ ဦးမယ်လို့လည်း သူက ဆိုပါတယ်။

ဦးခေးတိက “ကျနော်တို့ ထောင်ကနေ လေဆိပ်ကိုလာတော့ အိုး .. ကားတွေ ကားတွေ အများကြီး၊ လူတွေလည်း အများကြီး၊ မျက်စိတွေရှုပ်၊ နားတွေလည်းငြီး။ ဘယ်က ဘာ စလုပ်ရမှန်း မသိဘူး။ လေယာဉ်လည်း တခါမှ မစီးဘူးတော့ ခေါင်းတွေ တမျိုးကြီးဖြစ်တယ်” လို့ ရယ်ရင်း ပြောပြပါတယ်။

သူတို့တတွေဟာ ကာလကတ္တား အကျဉ်းထောင်ထဲမှာ နေနေရတဲ့ အချိန်ကနေ လွတ်မြောက်လာတဲ့ အချိန်အထိ ကြုံကြရတဲ့ အခက်အခဲ၊ ၀မ်းနည်းပင်ပန်း အားငယ်မှုတွေကို အတူတူ ပူးပေါင်း ဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ရှေ့အနာဂတ်မှာ ကြုံတွေ့ရဦးမယ့် ဘ၀အတွက် ပြဿနာတွေ ကိုလည်း အတူတူ လက်တွဲ ဖြေရှင်းပြီး သူတို့ရဲ့ မိခင် အဖွဲ့အစည်းတွေ အတွက်၊ မြန်မာ့နိုင်ငံရေး အတွက် တတ်နိုင်သမျှ လုပ်သွားကြမယ်၊ လတ်တလောမှာတော့ သူတို့ လွတ်မြောက်လာမှုအတွက် ပျော်ရွှင်နေတယ် လို့လည်း ပြောကြတယ်။

အိန္ဒိယမှာ နာမည်ကျော်တဲ့ နယူးဒေလီမြို့က တီဟား အကျဉ်းထောင်နားကို ရောက်လို့ “ဒါဟာ တီဟား အကျဉ်းထောင်ပဲ” လို့ ပြတော့ အားလုံးက အလန့်တကြားနဲ့ “မကြည့်တော့ဘူး၊ ထောင်ဆိုရင် တော်ပါပြီ။ ၁၃ နှစ်က လုံလောက်ပြီ” လို့ ပြောကြပါတယ်။ ။

No comments:

Post a Comment