Saturday, June 25, 2011

လယ်သမားကြီး ဦးသိန်းဂိန်နှင့် ဧည့်သည်တော်များ

ရန်ကုန်သားတာတေ

“ယမထာ ရွှေကြိမ်လုံးရယ်နဲ့ … ထွန်တုံးကိုတဲ့ ခြေတော်တင် … နွား … နွား … ”
“သမ္မတကြီး … ဦးသိန်းဂိန် … သမ္မတ ...”

အသံကွဲကြီးဖြင့် အော်ဟစ် နေသော သီချင်းသံသာကြားရပြီး လူကိုမမြင်ရသောကြောင့် ဦးရုက္ခစိုးက အော်ခေါ်လိုက်ခြင်း ဖြစ်သည်။ ဟိုဟိုသည်သည် ရှာကြည့်တော့မှ ဗွက်တောထဲမှ ထွက်လာသော သမ္မတကြီးအား ရွှံ့များ အပေပေ အလူးလူးဖြင့် တွေ့လိုက်ရ၏။

ရုက္ခစိုး။ ။ ဘယ်လို ဖြစ်တာလဲ ဦးသိန်းဂိန်ရယ်။ ရွှံ့တွေလည်း ပေလူးလို့ … ဘာလဲ လောက်စာလုံး လုံးဖို့ ရွှံ့ခူးနေတာလား။

သိန်းဂိန်။ ။ ဟာ … ပေါက်ပေါက်ရှာရှာ ကျုပ်က ဘာလုပ်ဖို့ လောက်စာလုံး လုံးရမှာလဲ။

ရုက္ခစိုး။ ။ မသိဘူးလေဗျာ။ ငှက်တွေ ဘာတွေများ ပစ်မလို့လားလို့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့မွေးနေ့အတွက် မနေ့ တနေ့ကမှ ငှက်တွေလွှတ်ထားတာ မဟုတ်လား။

သိန်းဂိန်။ ။ အဲဒီငှက်တွေက ပစ်ပြီးလို့ ကြော်တောင်စားပြီး … အာ … ငှက် မပစ်အားပါဘူးဗျာ ...။ အခု ကျုပ် သိန်းဂိန်ဆိုတဲ့ စပါးမျိုးတမျိုးကို သုတေသနလုပ်ပြီး ကိုယ်တိုင် စိုက်ကြည့်နေတာ။ အောင်မြင်ရင် ပြည်ပနိုင်ငံတွေကို ပို့ရမယ်။ အဲဒီအခါကျ ကမ္ဘာကျော် သိန်းဂိန်ဖြစ်မှာဗျ။

ရုက္ခစိုး။ ။ သမ္မတက စပါးဝင်စိုက်နေတော့ တခြားလုပ်စရာ မရှိတော့လို့လား။

သိန်းဂိန်။ ။ ဟင့်အင်း မရှိ … အဲ … မရှိလို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီလို အခြေခံအကျဆုံး ကိစ္စရပ်တွေမှာ သိသလိုလို ဘာလိုလို ဝင်လုပ်ပေးမှ သမ္မတကြီး အနေနဲ့ အရမ်းကို အခြေခံကျပါလားဆိုပြီး နိုင်ငံတကာက ချီးကျူးတာ ခံရမယ်လို့ အကြံပေးအဖွဲ့က မြှောက်ပေး … အဲ … ပြောထားလို့ပါ။

ရုက္ခစိုး။ ။ ဒီလိုလား။ ဒါဆို တခြား အုပ်ချုပ်ရေးကိစ္စတို့၊ တရားစီရင်ရေးတို့၊ နယ်စပ်ရေးရာ ကိစ္စတွေအပါအဝင် အရေးကြီးတာတွေကို ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။ ။ ဒါတွေက ကျုပ်လုပ်စရာ မလိုပါဘူး။ အဲဒါတွေအားလုံးကို ချိုကုပ်ဒူးကြီးက တိုက်ရိုက် ညွှန်ကြားနေတယ်။

ရုက္ခစိုး။ ။ သြော် ဒါကြောင့် အေးအေးဆေးဆေး သီချင်ညည်း နေနိုင်တာကိုး။ ဒါနဲ့ … ဦးသိန်းဂိန်ရဲ့ စပါးစိုက်ပျိုးမှု အခြေအနေက ဘယ်အတိုင်းအတာထိ အောင်မြင်နေပြီလဲ။

သိန်းဂိန်။ ။ ကျုပ်ကို လယ်ဆည်ဝန်ကြီး လက်ဆောင်ပေးထားတဲ့ စပါးစေ့ ၃ စေ့ တိတိကို စိုက်ကြည့်တာ အောင်မြင် တယ်လို့ ပြောရမယ်ဗျ။

ရုက္ခစိုး။ ။ အပင်ပေါက်ပြီပေါ့ … ဟုတ်လား။

သိန်းဂိန်။ ။ လုံးဝ မပေါက်ဘူးလေ။ ဒီလို မပေါက်တာကိုက အောင်မြင်တာပဲ မဟုတ်လား။ ဒီစပါးက မပေါက်တဲ့အတွက် ဒီစပါးမျိုး မစိုက်ကြနဲ့လို့တောင် ညွှန်ကြားပြီးသွားပြီ။

“သမ္မတကြီး အနေနဲ့ စပါးမစိုက်ဘဲ ဆံပင်ပဲ စိုက်ကြည့်ရင်ကောင်းမယ်” ဟု ဦးရုက္ခစိုးက စိတ်ထဲကတွေးလိုက်သည်။

သိန်းဂိန်။ ။ ကျုပ် မွေးမြူရေး လုပ်ငန်းတွေလည်း လုပ်ထားတယ်ဗျ။

ရုက္ခစိုး။ ။ ကြက်၊ ဝက်၊ နွား၊ ဆိတ် တွေ မွေးကြည့်နေတာလား။

သိန်းဂိန်။ ။ မဟုတ်ပါဘူး။ တောက်တဲ့ မွေးမြူရေးပါ။

ရုက္ခစိုး။ ။ တောက်တဲ့ကို ဘာလုပ်ဖို့လဲ။

သိန်းဂိန်။ ။ (ညံ့ရန်ကော ဆိုသည့်ပုံစံဖြင့် ဦးရုက္ခစိုးကို ကြည့်ရင်း) ပြည်တွင်း လိုအပ်ချက်အတွက်က အဓိကပေါ့ဗျာ။ မိုးလေဝသ ဌာနအတွက် တောက်တဲ့ မျိုးကောင်းမျိုးသန့်တွေ လိုအပ်တယ်ဗျ။ ကျန်တာကတော့ အိတ်စ်ပို့ လုပ်ရမယ်။ ထိုင်းနိုင်ငံက တောက်တဲ့အန်ဖတ်ကို AIDS ကုဖို့ ရသလောက် ဝယ်နေတာတဲ့။ အဲဒီတော့ အန်ဖတ် များများရအောင် မွေးထားတဲ့ တောက်တဲ့တွေကို အရက်များများ တိုက်ဖို့ လိုပါတယ်။

ရုက္ခစိုး။ ။ အသစ်တွေ ချည်းပါပဲလား။

သိန်းဂိန်။ ။ ဒီထက် သစ်တာတွေ ရှိသေးတယ်။ အခုကျုပ် … ဇီဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်ဖို့လည်း ကြံစည်နေတယ်။

ရုက္ခစိုး။ ။ ဇီဝဓာတ်ငွေ့ကို ဘယ်လိုထုတ်မှာလဲ။

သိန်းဂိန်။ ။ လူတွေကို အီးများများ ပေါက်ခိုင်းရမှာပေါ့ဗျာ။ အဲဒီလို အီးပေါက်နိုင်ဖို့အတွက် လျက်ဆား များများ ထုတ်လုပ် ရမယ်။ လူတွေ အီးပေါက်တဲ့ အခါမှာလည်း ပရမ်းပတာ မပေါက်ဖို့ …၊ ထွက်လာတဲ့ လေကို စုဆောင်းထားဖို့ ကျုပ်ကိုယ်တိုင် စနစ်တကျ ပေါက်ပြ … အဲ … ပညာပေး လုပ်ငန်းတွေ လုပ်နေပါပြီ။

ဦးရုက္ခစိုးက ယောင်ရမ်း၍ နှာခေါင်းပိတ်လိုက်သည်။

ရုက္ခစိုး။ ။ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကတော့ ကမ္ဘာမှာ ဘယ်ခေါင်းဆောင်မှ လုပ်ဖူးမယ် မထင်ဘူးဗျနော်။

သိန်းဂိန်။ ။ (မြှောက်ပြောသည်ကို သိသိကြီးဖြင့်) ဟဲဟဲဟဲဟဲ … သေချာတာပေါ့ဗျာ။ အဲဒါကြောင့်လည်း အခုဆိုရင် ကျုပ်ရဲ့ အုပ်ချုပ်ရေး ဟန်းနီးမွန်း ကာလမှာတင်ပဲ ဆင်းရဲမွဲတေမှု ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ အံ့မခန်း ကျဆင်းသွားပြီဗျ။

ရုက္ခစိုး။ ။ ဟာ … တယ်ဟုတ်ပါလား။ ၆ ရာခိုင်နှုန်းက ဘယ်လို ပျောက်သွားတာလဲ။

သိန်းဂိန်။ ။ ဆင်းရဲတဲ့သူတွေက ထိုင်းနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ကို အောက်လမ်းက ခိုးထွက်သွားကြပြီလေ။

ထိုစဉ် “တမတဂျီး … တမတဂျီး … ဝ ခေါ်နေလယ် … ကြည့်ပါဦး တမတဂျီး” ဆိုသော အသံနှင့်အတူ ထောင်ကဲကြီး တဦး ဝင်လာသည်။

သိန်းဂိန်။ ။ ဟာ … တရုတ် ဝန်ကြီးချုပ် … အစ်ကိုတော် နံကြားချောင်ပါလား။ လာလာ … ဆောရီးနော် … ကျနော် မသိလိုက်လို့ပါ။

နံကြား။ ။ ရလယ် … ရလယ် … ကိစ္စမီရှိဘူး။ လုက အရမ်း အီလုပ်များတာကိုး။

သိန်းဂိန်။ ။ ဘာကိစ္စများ ရှိလို့ပါလဲ အစ်ကိုတော်။

နံကြား။ ။ ဘာကိစ္စမှ မီရှိဘူး။ လုကို လက်ရှောင်ပေးချင်လို့။

လက်ဆောင် ဆိုသောစကားကြောင့် ဦးသိန်းဂိန်၏ ပြောင်နေသော ထိပ်ကြီးမှာ နဂို ရှိရင်းစွဲထက် ပိုပြောင်လက်သွား၏။

နံကြား။ ။ ပစ္စည်းဆန်းလေးတွေပါ … တမတဂျီးရယ်။ နိုင်ငံတကာမှာ ထွက်ထားပြီးသား ပစ္စည်းတွေကို အတု လုပ်ထားတာ။ လျှပ်စစ်ပစ္စည်း အတု၊ နို့မှုန့်အတု၊ ဆန်အတု၊ ကြက်ဥအတုကအစ ပါတယ်။ သုံးပျော်ပါတယ်။ စားစရာ ဆိုလည်း စားသုံးသူ ရောဂါ ဖြစ်တာတို့၊ လျှပ်စစ်ပစ္စည်း ဆိုရင်လည်း ရေရှည်မခံဖို့တို့ အာမခံတယ်လေ။

ရုက္ခစိုး။ ။ ဒီဝန်ကြီးချုပ်ကော အတုကြီးပဲလား မသိဘူး။

နံကြား။ ။ အဲ … ဝကတော့ စစ်ပါတယ် ... ဟီးဟီး။ ဒါနဲ့ တမတဂျီး။ ဝ ပေးမယ့် အတုထဲမှာ လု စိတ်ဝင်စားမယ့် အတု တခုပါလယ်နော်။ ၂၀၁၃ ဆီးဂိမ်းအတွက် ပေကျင်းအိုလံပစ်နဲ့ တပုံစံတည်း တူအောင် အားကစားကွင်း အတု ဆောက်ပေး ဦးမှာ။

သိန်းဂိန်။ ။ ဟာ … အဲဒီ အတုတော့ စိတ်ဝင်စားသွားပြီ။

နံကြား။ ။ ဒါဆို လုဆီက အစစ်တွေ ဝ ကိုပေးနော်။ ကျောက်စိမ်းအစစ်တို့၊ သဘာဝဓာတ်ငွေ့ အစစ်တို့၊ ရွှေအစစ်တို့ ….။

နံကြားချောင် စကားမဆုံးခင် “ဟရေး …........ ဟိုးထား” ဆိုသော အသံနက်ကြီးတသံနှင့် အတူ လူအနက်ကြီး တဦးကိုပါ မြင်လိုက်ရသည်။

သိန်းဂိန်။ ။ ဟာ … ဘိုင်ကြီးပါလား။ ကြွပါ ကြွပါ။

ရုက္ခစိုး။ ။ သူက ဘိုင်တော်တော် ကျလို့လားဗျ ဦးသိန်းဂိန်။

သိန်းဂိန်။ ။ မဟုတ်ပါဘူး။ ဘိုင်ဆိုတာ အိန္ဒိယလို အစ်ကိုကို ခေါ်တာလေ။ ဒါက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ခရစ်ဆယ်ပြားပေါ့။

ဆယ်ပြား။ ။ ဟရေး … သမ်းမတကြီး … ချွန်ဒေါ်လည်း ပွေးမယ်နော်။

သိန်းဂိန်း။ ။ ပွေးမယ် ဆိုရင်တော့ တေဂွသားတို့၊ ဖိုးလောက်လန်းတို့နဲ့ သွားပေါင်းပါဗျာ။ ကျနော်ကတော့ အသက်ကြီးပြီ။ မပွေးချင်တော့ဘူး။

ဆယ်ပြား။ ။ ဟာ … မွှားပြန်ပြီ။ ချွန်ဒေါ်ပြောတာ … လက်ဆောင် ပွေးမယ်လို့ ပြောတာလေ … သမ်းမတကြီးရဲ့။

သိန်းဂိန်။ ။ သြော် … လက်ဆောင် ပွေးမလို့လား … အဲ … ပေးမလို့လား … ဒါကတော့ ရပါတယ်။ ပေးပါ ပေးပါ ဘိုင်ကြီးဆပ်။

နံကြားချောင်က ဆယ်ပြားအား မျက်စောင်းခဲ၍ “ဟွန်း … ဝ လုပ်တာ တူက လိုက်လုပ်ပြီ” ဟု တိုးတိုး ရေရွတ်လေသည်။

ဆယ်ပြား။ ။ ဟရေး … ချွန်ဒေါ်တို့ အရှေ့ကို မျှော်တယ်နော် ...။ မျှော်တာနဲ့ တပြိုင်နက်တည်း အခုလို ပွေးမယ်လို့ ဆုံးဖြတ် လိုက်ကြတာပဲ။ ရော့ရော့ … ချွန်ဒေါ့်လက်ဆောင်။

ဆယ်ပြားက ပြောရင်းနှင့် လက်ထဲမှာ စက္ကူ တထပ်ကြီးကို ဦးသိန်းဂိန်လက်ထဲ ထိုးထည့်လိုက်သည်။

ရုက္ခစိုး။ ။ ပိဿာချိန်နဲ့ ရောင်းစားဖို့ ဖြစ်မယ်ထင်တယ်။

ဆယ်ပြား။ ။ ဟရေး … မဟုတ်ဘူးလေ ... ပဲလှော်နဲ့ လဲစားဖို့ပါ … အာ ယောင်လို့ ... သမ်းမတကြီးအတွက် အဆင့်မြင့် စပါးကျီတွေ ပေးမလို့ စာချုပ်တွေပါ။

သိန်းဂိန်။ ။ အဆင်မြင့် စပါးကျီ ဟုတ်လား။

ဆယ်ပြား။ ။ ဟရေး … အချိန်ကောင်းပဲလေ။ သမ်းမတကြီးက အခု စိုက်ပျိုးရေးကို စိတ်ဝင်စားနေတာ မဟုတ်လား။ အဲဒါကြောင့် စပါးကျီတွေ ပေးတာပါ။

သိန်းဂိန်။ ။ စိုက်ပျိုးရေးက ဟန်ပြလုပ်ပြနေတာ ဆိုတော့ … စပါးကျီတော့ ကျုပ် သိပ်စိတ်မဝင်စားဘူးဗျာ။

နံကြား။ ။ အဲလာပဲ … အီမျှော်အီမြင်ကို မီရှိဘူး။ ဘာအီရှေ့မျှော်လဲ။

ဆယ်ပြားက ဦးသိန်းဂိန်နားသို့ ကပ်၍ အသံခပ်တိုးတိုးဖြင့် “စပါးကျီနဲ့အပြည့် လက်နက်တွေလည်း ပါတယ်ဗျ” ဟု ပြောလိုက်ရာ ဦးသိန်းဂိန်၏ မျက်နှာကြီးမှာ ဆီသုတ်ထားသော မှန်ချပ်ကို နေထိုးလိုက်သကဲ့သို့ ဝင်းလက်သွားလေသည်။

ဆယ်ပြားက နံကြားချောင်အား မျက်စောင်းပြန်ခဲရင်း “ဒါက အရှေ့မျှော်ထက် ပိုပြီး အသေးစိတ်တဲ့ အောက်မျှော် … အောက်မျှော် … မှတ်ထား” ဟု ပြောလိုက်၏။

ရုက္ခစိုး။ ။ အောက်မျှော်တဲ့လား … ကြောက်စရာကြီး။

ဆယ်ပြား။ ။ အိန္ဒိယနိုင်ငံရဲ့ အောက်ဘက်မှာရှိတဲ့ မြန်မာပြည်က သယံဇာတတွေကို မျှော်တယ်လို့ ချွန်ဒေါ်ပြောချင်တာပါ။

သိန်းဂိန်။ ။ (တယောက်နှင့်တယောက် စောင်နေသော နံကြားချောင်နှင့် ဆယ်ပြား ကြားတွင်ဝင်ရပ်ရင်း) ဒီဘက်က အစ်ကိုတော် နံကြားချောင်လည်း လိုသမျှ ရရပါစေ့မယ်၊ ဟိုဘက်က ဘိုင်ကြီးဆယ်ပြားလည်း မျှော်သလို ဖြစ်ရပါစေ့မယ်။

ဟိုဘက် ပြေးနှစ်သိမ့်လိုက်၊ ဒီဘက် ပြေးနှစ်သိမ့်လိုက်နှင့် ဦးသိန်းဂိန်တယောက် သူ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆက် မလုပ်ရသဖြင့် စိတ်ညစ်နေသည်။ ထိုစဉ် သူတို့လုံးဝ မမျှော်လင့်ထားသူတဦး ရောက်လာ၏။ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ရာထူးကို နောက် ၅ နှစ်သက်တမ်း လတ်လတ်ဆတ်ဆတ် ထပ်တိုး ရလိုက်သူ မစ္စတာ ဘန်ကီမွန်းပင်ဖြစ်သည်။

မစ္စတာ ဘန်ကီမွန်းက အားလုံးကို စူးစူးဝါးဝါးကြည့်ရင်း စကားတခွန်းကို ဒေါသတကြီး ပြောဆိုလိုက်မှပင် ကိစ္စအားလုံး ပြီးပြတ်သွားလေတော့သည်။

သူပြောလိုက် သည်မှာကား … “ကျုပ် … စိုးရိမ်လိုက်ရတော့မလား” ဟူ၏။

စာရေးသူ၏မှတ်ချက်။ ။ ကိစ္စအားလုံးပြီးပြတ်သွားသည် ဆိုခြင်းမှာ နံကြားချောင် လိုချင်တာရသည့် ကိစ္စပြီးပြတ်သကဲ့သို့ ဆယ်ပြား၏ အောက်မျှော်သည့် ကိစ္စလည်း ပြီးပြတ်ကာ ဦးရုက္ခစိုး၏ “သိန်းဂိန် စိုက်ပျိုးမွေးမြူရေးခြံတွင်း” လည်ပတ်ခြင်း ခရီးစဉ်ပါ တလတ်စတည်း ပြီးပြတ်သွားခြင်းကို ဆိုလိုပါသည်။ ။

No comments:

Post a Comment