Thursday, June 2, 2011

လုံခြုံရေး ညီလာခံသို့ ဗိုလ်ချုပ်လှမင်း တက်ရောက်မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၁

စင်္ကာပူနိုင်ငံတွင် သောကြာနေ့မှစ၍ ၃ ရက်ကြာ ကျင်းပမည့် အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ ရှန်ဂရီလာဒိုင်ယာလော့ဂ်ကို မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း တက်ရောက်မှာ ဖြစ်သည်။

၁ဝ ကြိမ်မြောက် ရှန်ဂရီ-လာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကြီးကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန IISS က ကြီးမှူးကျင်းပကာ၊ အာရှနှင့် ပစိဖိတ် နိုင်ငံများမှ ကာကွယ်ရေးနှင့် စစ်ဖက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်သည့် ကာကွယ်ရေးဆိုင်ရာ ကမ္ဘာ့အကြီးဆုံး နှစ်ပတ်လည် ညီလာခံကြီး ဖြစ်သည်။

အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များပါ လာရောက်မည်ဖြစ်ရာ ညီလာခံသို့ အနည်းဆုံး ကာကွယ်ရေးဝန်ကြီး ၁၉ ဦး၊ တပ်မတော်အကြီးအကဲ ၁ဝ ဦး၊ နိုင်ငံခြားရေးဝန်ကြီး ၃ ဦး၊ ဝန်ကြီးချုပ်တဦးနှင့် သမ္မတတဦး ပါဝင်တက်ရောက်မှာဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် Robert Gates လည်း လာရောက်မည်ဖြစ်ပြီး၊ လက်ရှိ ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး လီရို ပနက်တာ Leon Panetta ထံ သူ၏ ရာထူး မလွှဲပြောင်းခင် နောက်ဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်သည်။

မစ္စတာရောဘတ်ဂိတ်စ်သည် အာရှတွင်း အမေရိကန်စစ်တပ်၏ ရပ်တည်ချက်အကြောင်း ညီလာခံတွင် ပြောကြားမည်ဟု အရှေ့အာရှနှင့် ပစိတ်ဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ် Kurt Campbell က မေလ ၃၁ ရက်နေ့တွင် IISS ၌ ပြောဆိုခဲ့သည်။

No comments:

Post a Comment