Wednesday, June 22, 2011

မိုးရာသီနှင့် စစ်ဘေးဒဏ်

နှင်းပန်းအိမ်

(ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်)

ဇွန်လ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ပါ …။

အထိမ်းအမှတ်နေ့တွေက အတိတ်ကို နားလည်အောင် ကူညီပေးနိုင်တဲ့ ဘာသာစကားတခုပါပဲ။ ဒီလို အထိမ်းအမှတ်နေ့တွေထဲက ကမ္ဘာ့ဒုက္ခသည်များနေ့ကို အကြားနဲ့တင် မဟုတ်ဘဲ လူကိုယ်တိုင် ခံစားသိမြင်ခဲ့ရတာ ၃ နှစ် တိုင်ခဲ့ပါပြီ။

ကမ္ဘာ့ဒုက္ခသည်များနေ့ မတိုင်ခင် ကျမတို့ ဒုက္ခသည်စခန်းလေးမှာ အစားအစာ၊ အဝတ်အထည် မလုံမလောက်
ဖြစ်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပံ့ပိုးကူညီပေးဖို့ နှိုးဆော်သံက စခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။

အမိုးအကာအောက်မှာ နေရတဲ့ ကျမတို့တောင် မိုးမပြတ်လို့ အဝတ်အစားကို မလိုအပ်ဘဲ မလျှော်ကြဘူး။
နေရောင်မမြင်ရအောင် ရွာတဲ့ မိုးကြောင့် ကလေးတွေရှိတဲ့ တဲအိမ်လေးတွေမှာ ခြင်းကြားကြီးတွေ ယက်ထားရတယ်။ မီးသွေးအပူကို ခြင်းကြားနဲ့အုပ် ပြီးအပေါ်ကနေ အဝတ်အထည်တွေကို မုန့်လေပွေလုပ်သလို အထက်အောက် လှန်ပေးပြီး အခြောက်ခံရတယ်။ တောတောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး စခန်းတည်နေရာ လုပ်ထားတဲ့ ဒုက္ခသည်စခန်းက ရွှံ့စေးတွေက အခုလို မိုးမပြတ်ရင် လျှောက်လို့ မရတော့ပါဘူး။ အကြောင်းကိစ္စမရှိဘဲ အပြင်မထွက်ကြတော့ဘူး။ တဲအိမ်ထဲကနေ ရေဒီယိုသတင်းကို မပြတ်နားထောင်ပြီး၊ ဒုက္ခသည်စခန်းအပြင်ကို နားနဲ့ လှမ်းကြည့်ကြတယ်။

ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ လျော့ပါးသွားတယ်မရှိဘဲ ပိုပြီး တိုးပွားလာတယ်။ နေရာဒေသသစ်၊ အမည်အသစ်တွေနဲ့ ဒုက္ခသည်စခန်းတွေဆီ ဒုက္ခသည်တွေ ရောက်နေရတယ်ဆိုတဲ့ သတင်းတွေက ကျမတို့ရင်ကို ထိခိုက်စေပါတယ်။

ကျမတို့ဒုက္ခသည်စခန်းနဲ့ လက်တကမ်းမှာ ဖြစ်နေတဲ့ ကရင်ပြည်နယ် ကျိုက်ဒုံ၊ အဇင်း၊ လှိုင်းဘွဲ့က စစ်ပြေး ဒုက္ခသည်တွေ တောတောင်တွေကြားထဲ ပြေးလွှားပုန်းရှောင်နေရတုန်းပါ။ အဲဒီဒုက္ခသည်တွေထဲ တချို့က သူတို့ဆွေမျိုးများရှိရာ ကျမတို့ဒုက္ခသည်စခန်းထဲကို ရောက်လာကြတယ်။ သူတို့ပလိုင်းထဲမှာ ဆန်လေးတွေ တတ်နိုင်သလောက် သယ်ပိုးလာကြတယ်။ ပလပ်စတစ်မိုးကာကို ကိုယ်လုံးကို ပတ်ထားပေမယ့် တကိုယ်လုံး မိုးရေတွေ ရွှဲလို့နေကြတယ်။ တောတောင်ကို မနားမနေ ဖြတ်သန်းလာရတဲ့ သူတို့မှာ ဖိနပ်မစီးနိုင်ကြပါဘူး။ ပွန်းရာပဲ့ရာတွေ ဝါးစဆူးမိလာတဲ့ ဒဏ်ရာတွေက မိုးရေကြောင့် အနာရင်းနေတယ်။ မိုးရေကြောင့် ခြေလက်တွေ ပဲကြီးရေစိမ်တွန့်သလို အရေပြားတွေ ပြာနှမ်းတွန့်လိမ်နေကြတယ်။ သူတို့ကိုမြင်ပြီး ကျမတို့ ချမ်းလာပေမယ့် သူတို့ သောကအပူမီးကြောင့် ချမ်းဖို့ သတိမရကြဘူး။ သူတို့ရဲ့ အပူမီးက ကျမတို့ကိုပါ ကူးစက်ခဲ့တယ်။ ဒါကြောင့်လည်း ရှေးလူကြီးတွေက ပြောခဲ့တာ။

“အနူက မကူးဘူး … အပူကူးတယ်ဟဲ့” ဆိုတာလေ …။

ဒီအပူကိုပဲ ကိုယ်ချင်းစာစိတ်နဲ့ စိတ်လိုလက်ရ ယူကြပါတယ်။ ဒုက္ခသည်တွေ သူတို့ရတဲ့ ရိက္ခာတချို့ကို ခွဲဝေပေးကြတယ်။ တောတောင်ထဲ ပြေးလွှားပုန်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အစားအစာ၊ အ၀တ်အထည် ကူပံ့ကြတယ်။ ”ငါတို့က အေးရင် အိမ်ထဲမှာ မီးလှုံနေလို့ရတယ်။ တောတောင်ထဲက လူတွေက ပိုပြီး အရေးကြီးတယ်။ မိုးရာသီကြီး စစ်ပြေးနေရတာ” ဆိုတဲ့ ခံစားချက်နဲ့ ဝတ်ထားတဲ့ အနွေးထည်တွေ ချွတ်ပြီး လှူကြတယ်။

လောကဓံက စစ်ပွဲအသွင်ဆောင်တော့ စစ်ပြေးဒုက္ခသည်တွေ သောကလှိုင်းတွေအောက် တလူးလူးတလိမ့်လိမ့်နဲ့ ဒုက္ခနဲ့ ဒုက္ခသည် မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ရပါရော။ တိုက်ပွဲတွေ ဘာကြောင့်များ ဖြစ်ရပါလိမ့်။ သမ္မတအစိုးရ တက်ပြီပဲ။ လွှတ်တော်မှာ သေနတ်သံတွေတိတ်အောင် ပြောမယ်ဆိုတဲ့ ကိုယ်စားလှယ်တွေ ဘယ်များ
ရောက်ကုန်ကြလဲလို့ ပြောနေသံတွေလည်း ကြားနေရတယ်။ ကျမကတော့ ဆရာကြီးဒဂုန်တာရာ ရေးတဲ့
ဆောင်းပါးကို သတိရမိပါတယ်။

“တိုက်ပွဲဆို ပုံသဏ္ဍာန်ဖြစ်သည်။ တိုက်ပွဲပုံသဏ္ဍာန်ကို ဖိနှိပ်သူက ပြဋ္ဌာန်းသည်။ အဖိနှိပ်ခံရသူက ပြဋ္ဌာန်းခြင်း မဟုတ်ပေ။ လက်နက်ဖြင့် ဖိနှိပ်လို့သာ လက်နက်ဖြင့် ခုခံရခြင်းဖြစ်သည်” … တဲ့။

ကရင်ပြည်နယ်က သေနတ်သံတွေ မစဲခင်မှာပဲ ကချင်ပြည်နယ်ဘက်က သေနတ်သံတွေကိုပါ ကျမတို့ ကြားနေရပါတော့တယ်။ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ “လိုင်ဇာ” ဘက်ကို ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းတွေကို ကြားတော့ ကျမတို့ လက်ရှိဒုက္ခကို မေ့ပြီး ”လိုင်ဇာ” က ဒုက္ခသည်တွေကို စိုးရိမ်ပူပန်မိပါသေးတယ်။ ကျမတို့နိုင်ငံက စိုက်ပျိုးရေးကို အားထားရတဲ့နိုင်ငံပါ။ အခုလို မိုးရာသီမှာ တနှစ်ပတ်လုံး ဝမ်းစာအတွက် ဆန်စပါးစိုက်ပျိုးနေရသူတွေ စစ်ပြေးဒုက္ခသည် ဖြစ်နေရတော့ သူတို့ဘဝ ရှင်သန်မှုအတွက် ဘယ်လိုများ
ရှေ့ဆက်ရင်ဆိုင်ကြပါ့မလဲ။ ကျမတို့ ဒီလိုတွေးပြီး စိတ်ပူနေရသလို၊ ဒုက္ခသည်တွေလည်း စိုးရိမ်ပူပန်နေရပါတယ်။ ဒီလိုခံစားချက်တွေကို လှိုင်းဘွဲ့က ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တဦးက အခုလို ချပြခဲ့ပါတယ်။

“ကျမတို့က တောင်ယာနဲ့ အသက်မွေးကြသူတွေပါ။ ဒီအချိန်က လယ်စိုက်ချိန်၊ တောင်ယာစူးထိုးချိန်၊ တချို့နေရာတွေမှာ နွားနဲ့ လယ်ထွန်တယ်။ တောင်ယာတွေကျတော့ မြေမာတော့ နွေဆိုရင် တောမီးရှို့တယ်။ မိုးရွာပြီဆို စပါးစိုက်ဖို့ စူးထိုးတယ်။ မြေကို စူးထိုးမှ မြေက မွတယ်။ ဝါးချွန်နဲ့ မြေကို မွှထားတော့ စပါးစေ့က
အောင်တယ်ပေါ့။

အရင်တုန်းက မိုးတွင်းဆို တိုက်ပွဲက အေးတယ်။ နွေရောက်ရင်သာ ကြောက်ရတာ။ နွေရောက်ရင် အထုပ်ပြင်ထားရတယ်။ အထုပ်ထဲမှာ အဝတ်အစားနည်းနည်း၊ ဆန်နည်းနည်း ပါတယ်။ တိုက်ပွဲဖြစ်လို့ပြေးရင် အုပ်စုနဲ့ ပြေးရတယ်။

ကျမအဖူးက ပြောတယ်လေ။ ငါတို့ဆီမှာ သေနတ်သံကို ကြားနေရတာ နှစ် ၆၀ ရှိပြီတဲ့.။ လက်ကုန်ပဲ။ ”ပရော်ဟဲလီး” ဗမာစစ်သားလာပြီလို့ ပြောသံကြားရင် တောင်ယာလုပ်သူ၊ တောလမ်းသွားသူက အော်လာပြီး ကိုယ့်ရွာဘက်
ရောက်လာရင် ပြေးဖို့ ရွာသားတွေ သတင်းလက်ဆင့်ကမ်းရတယ်။

တိုက်ပွဲတွေရှိနေလို့ စီးပွားရေး ကောင်းကောင်း မလုပ်ရဘူး။ စစ်ပြေးရင် ပလိုင်းထဲ လမ်းမလျှောက်နိုင်တဲ့ ကလေးကို ထည့်၊ တနိုင်တပိုင် ပစ္စည်းထည့်ပြီး တောထဲပုန်းနေရတယ်။ စစ်ပွဲမရှိတဲ့ ရွာတွေကလည်း လက်ခံတတ်တယ်။ အများအားဖြင့်တော့ တောထဲမှာပဲ ပုန်းရတာလေ။ တောထဲမှာ ထင်းရှာရတယ်။ တိုက်ပွဲကြာရင် ရက်ရှည် ထမင်းငတ်တယ်။ ချက်စားလို့ မရဘူး။ အဲဒီတော့ တိုက်ပွဲမဖြစ်ချိန်မှာ ထမင်းကြမ်းကို နေလှန်းထားရတယ်။ စစ်ပြေးတော့ ထမင်းခြောက် သယ်ရတယ်။ ထမင်းခြောက်ကို ရေနဲ့ မျှောချရတယ်။

ညဆို လူကြီးတွေက ပင်ပန်းပြီး သစ်ပင်အောက်မှာ အိပ်ကြတယ်။ ယောက်ျားလေးတွေက နားစွင့်နေရတယ်။
ခွေးဟောင်သံကြားရင် လက်ကုန်ကြောက်ရပြီ။ လူစိမ်းမို့ ခွေးက ဟောင်တာ။ စစ်ဖိနပ်သံလည်း နားစွင့်ရတယ်။ ဗမာစစ်သားပဲ စစ်ဖိနပ်စီးတာ။ မိရင် ဘယ်လွယ်မလဲ။ စစ်ပုန်းနေသူတွေကို တွေ့ရင် ပေါ်တာဆွဲတယ်။

ကျိုက်ဒုံ၊ အဇင်း၊ ကမာခလုပ်၊ ခွီးခလုန်းက ကရင်၊ ဗမာ၊ မွန် လူမျိုးတွေ နေကြတယ်။ ကွမ်းသီးခြံ၊ဒူးရင်းခြံ၊ ဒညင်းခြံတွေ ရှိတယ်။ အခုတိုက်ပွဲဖြစ်နေတော့ မခူးရဘူး။ အသီးတွေ အောလပုံပဲ။ အခုလို မိုးတွင်းနေရထိုင်ရတာ လက်ကုန် ဒုက္ခရောက်တယ်။ ကျမ စိတ်အညစ်ရဆုံးက ကလေးတွေ ငိုသံပဲ။ ထမင်းဆာလို့ ငိုတာလေ။

ကျမ ကလေးအကြီးက ဘယ်တုန်းက မွေးလဲဆိုတော့ ရဲဘော်သိမ်းတဲ့နှစ်က မွေးတာလေ။ နောက်တော့
ပြောကြတယ်။ ခုနှစ်နဲ့ ပြောတဲ့။ ကျမ မေးတော့ ၁၉၉၇ တဲ့။ တွက်ကြည့်ပေါ့။ အဲဒီတုန်းက ကျမတို့ ပြန်လာတော့ အိမ်ပေါ်က ပစ္စည်းတွေ မရှိတော့ဘူး။ ကွမ်းသီးတွေ မရှိတော့ဘူး။ ရဲဘော်တွေဆီက ပြန်ဝယ်ရတယ်။ ပစ္စည်းတွေ အောလပုံ ပါသွားတာ။

တိုက်ပွဲတွေရပ်တဲ့ အချိန်အိမ်ပြန်ရင်လည်း ကျမတို့ ဘာနဲ့ သွားစားမလဲ။ ဒီအချိန်က ကျမတို့လို တောင်ယာစိုက်တဲ့သူ၊ လယ်လုပ်သူတွေ အလုပ်လုပ်ရမယ့် အချိန်လေ။ အခုလို မိုးတွင်းဆို ဝမ်းရောဂါရော၊ အအေးပတ်လို့ ဖျားတာရောနဲ့ စစ်ပုန်းရင်း သေကြသူတွေလည်း ရှိတယ်။ ကျမတို့က ဆွေမျိုးရှိလို့ ဒုက္ခသည်စခန်းထဲ လာကြတာ။ ကျမ စစ်ပုန်းလိုက်၊ ရွာပြန်တောင်ယာလုပ်လိုက်နဲ့ နေခဲ့ရတာ အခု ကလေး ၅ ယောက်ရတဲ့ အထိပဲ။ ဘယ်အချိန်မှ ကျမတို့ တောင်ယာကို အေးအေးချမ်းချမ်း လုပ်ရမလဲ မသိဘူး”

ဘဝချင်းဆက်စပ်နေတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အကြောင်းကို ကျမတို့ နားထောင်ခံစားပြီး ”လိုင်ဇာ” က ဒုက္ခသည်တွေကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ဒီလိုအချိန်မှာပဲ ကမ္ဘာ့ဒုက္ခသည်များနေ့ကို စခန်းထဲမှာ ကျင်းပကြပါတယ်။ UN က တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံသား စခန်းတာဝန်ခံ ပလာတို့က အမှတ်တရ စကားတွေ ပြောကြပါတယ်။ ဒုက္ခသည်တွေကလည်း မိမိကိုယ်တိုင်ရော၊ တိုင်းရင်းသား ဒုက္ခသည်တွေအတွက်ရော အမှတ်တရစကား၊ အမှတ်တရစာတွေ ရေးကြတယ်။

ကျမသာ ပန်းချီဆွဲတတ်ရင် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပန်းချီကားတချပ် ရေးဆွဲချင်ပါတယ်။ အဲဒီပန်းချီကားကို
မြန်မာပြည်မြေပုံဆွဲပြီး၊ မြေပုံတခုလုံးကို ပန်းရောင်တခုပဲ အသုံးပြုသွားပါ့မယ်။

ဟုတ်ကဲ့ပါ … ဘာကြောင့်လဲဆိုတော့ …။

ကျမတို့ မြန်မာနိုင်ငံမှာ ”ပြည်ထောင်စု မပြိုကွဲရေး … ဒို့အရေးလို့ အသံကောင်း ဟစ်နေသူ သမ္မတအစိုးရက ငြိမ်းချမ်းရေးကို မင်နဲ့ မရေးဘဲ သွေးနဲ့ ရေးနေကြတယ်။ ပြည်သူလူထုတွေရဲ့ သွေးနဲ့ မျက်ရည်ကြောင့် ကျမတို့ မြန်မာနိုင်ငံကြီး ပန်းရောင်ဖြစ်နေလို့ပါပဲ …။

No comments:

Post a Comment