Thursday, June 30, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး အပိုင်း (၁)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း (အပိုင်း - ၁)

ထိုင်းနိုင်ငံအခြေစိုက် ဦးမျိုး (ဥပဒေ) ရေးသားသည့် ‘‘မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး လေ့လာသုံးသပ်ချက် စာတမ်း’’ အား အပိုင်း ၁၄ ပိုင်းခွဲကာ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

စာတမ်း ပြုစုသူ၏ အမှာ

မြန်မာနိုင်ငံ၏ ထမင်းရှင် တောင်သူလယ်သမားများ၏ အရေးသည် တနိုင်ငံလုံး၏ အဓိက အရေးဖြစ်သည်ဟု ခံယူလျက် ဤစာတမ်းကို ပြုစုပါသည်။

အလွန်ကျယ်ပြန့်သည့် ပြဿနာကြီး ဖြစ်ပါ၍ သုံးသပ်တင်ပြရခြင်းကိုပင်လျှင် အားမရနိုင်ခြင်း ဖြစ်မိပါသည်။ သို့ဖြစ်ပါ၍ ပညာရှင်များ၊ သုတေသီများက ဝေဖန် အကြံပေးကြစေလိုပါသည်။ ပထမပွဲဦးထွက် မူကြမ်းအဖြစ်သာ တင်ပြရခြင်း
ဖြစ်ပါ၍ ထပ်ဆင့် လေ့လာပြင်ဆင်ပြီး ဒုတိယ မူကြမ်းကို ရေးသင့်ရေးရမှာ ဖြစ်ပါသည်။

ယနေ့ခေတ် ဒီမိုကရေစီတော်လှန်ရေးတွင် ”တောင်သူလယ်သမားများ မလွတ်မြောက်သရွေ့ ဒီမိုကရေစီတော်လှန်ရေး မပြီးဆုံးသေး” ဟု အခိုင်အမာ ယုံကြည်ပါသည်။ ”အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား စသည့် အခြေခံ လူတန်းစား လွတ်မြောက်ရေးသည် ဒီမိုကရေစီ တော်လှန်ရေး၏ ပန်းတိုင်ဖြစ်ပါသည်။”

ကျေးဇူးရှင် တောင်သူလယ်သမားများ လွတ်မြောက်ရေးအတွက် ရည်စူး ဖြန့်ချိပါသည်။

ဦးမျိုး (ဥပဒေ)
မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ
(၁၆ - ၆ -၂ဝ၁၁)

ခေါင်းစဉ်များ

၁) ပဒေသရာဇ်ခေတ် တောင်သူလယ်သမားများ အခြေအနေ။
၂) ကိုလိုနီခေတ် တောင်သူလယ်သမားများ အခြေအနေ။
၃) လွတ်လပ်ရေးခေတ် တောင်သူလယ်သမားများအခြေအနေ။
၎) မျက်မှောက်ခေတ် တောင်သူလယ်သမားများအခြေအနေ။
၅) တောင်သူလယ်သမားများ သွေးစုပ်ခံမှုများ။
၆)အဓမ္မ လယ်ယာမြေ သိမ်းယူမှုများနှင့် အနိုင်ကျင့်မှုများ။
၇) လယ်ယာမြေဆိုင်ရာ ဥပဒေများနှင့် လယ်သမားများ။
၈) အနိမ့်ဆုံး အခကြေးငွေနှင့် သီးစားခ၊
၉) တောင်သူလယ်သမားဆိုင်ရာ ဥပဒေများ ဘာကြောင့် ထုတ်ပြန်လာခဲ့ကြသနည်း။


၁) ပဒေသရာဇ်ခေတ် တောင်သူလယ်သမားများ အခြေအနေ။

ပဒေသရာဇ် မြေရှင်စနစ်တွင် အဓိက လွှမ်းမိုးသည့် စီးပွားရေးစနစ်သည် လယ်ယာစီးပွားရေး ဖြစ်သည်။
မြေယာပိုင်ဆိုင်မှု လက္ခဏာ ၃ မျိုး တွေ့ရသည်။

(၁) အရာတော်မြေ သို့မဟုတ် ရှင်ဘုရင်ပိုင်ဆိုင်သည့် မြေ။
(၂) ဘိုးဘွားပိုင် မြေ။
(၃) ဘာသာရေး၊ ဘုရားပုထိုးပိုင် မြေ တို့ ဖြစ်သည်။

ရှင်ဘုရင်က မြေပိုင်ဆိုင်မှုဆိုင်ရာ သဘောထားကို မောင်းထောင် ဆရာတော်ကို မေးလျှောက်တဲ့အခါ အောက်ပါ ၁၁ ချက်ပါတဲ့ အဖြေကို ပေးပါတယ်။ (၂၇ ဇူလိုင်၊ ၁၇၈၅) ။

၁။ နိုင်ငံအတွင်း မြေအားလုံးကို မင်း(ရှင်ဘုရင်) ပိုင်တယ်။
၂။ ဘယ်သူမှ မြေပိုင်ခွင့်မရှိ (ဘုရင်က ပုဂ္ဂိုလ်တဦးဦးကို ကျေနပ်လို့ မြေ ပေးသနားတယ် ဆိုရာမှာလည်း အဲဒီလို အသနားခံရတဲ့ မြေမှာ သူက စိုက်ပျိုးခွင့်၊ ထွက်ကုန်ကို သုံးချ ရောင်းစားခွင့် ရတာသာ ဖြစ်တယ်။)
၃။ ကန်သင်း(ဂဇင်း) ၊ သစ်စည်း၊ ကျောက်ပုံ ဆိုတာတွေနဲ့ မြေ အကျယ်အပြန့်၊ အတိုအရှည် နယ်နိမိတ်ကို မှတ်သားထားကြတယ်။ တဆံခြည်လောက်ပဲဖြစ်ဖြစ် သူ့များမြေထဲက ယူရင် သူခိုး ဖြစ်တယ်လို့ သတ်မှတ်တယ်။
၎။ ကျောင်းဘုရားမြေကို ထွန်ယက်စိုက်ပျိုးတဲ့ လူ (ကျွန်) ဟာ မြေက နှစ်စဉ်ထွက်တဲ့ သီးနှံတချို့ကို သာသနိကပစ္စည်း ပျက်စီးရာ ပြင်ဆင်ဖာထေးဖို့ သုံးရမယ်။
၅။ မူလလှူတဲ့ ကျောင်း၊ ဘုရားပျက်တဲ့အခါ နီးစပ်ရာ ကျောင်း၊ ဘုရားပိုင် မြေ ဖြစ်သွားတယ်။ (ပိုင်ရှင်မဲ့လို့ မသတ်မှတ်ပါ။)
၆။ မင်းကို နှစ်စဉ် လယ်ယာထွက်သီးနှံ ဆယ်ပုံတပုံကို မြေခွန်ပေးသလို ဆိုင်ရာကျောင်း၊ ဘုရားအတွက် (ဆယ်ဖို့တဖို့) လှူသင့်တယ်။
၇။ အခု ပျက်စီးသွားပြီဖြစ်တဲ့ သာသနာ့ အဆောက်အအုံရဲ့ ဥယျဉ်လည်း ဖြစ်တယ်။ ဥယျာဉ်မှူးကျွန်လည်း ထွက်ပြေးသွားပြီ ဖြစ်တယ်ဆိုရင် ဥယျာဉ်ထဲမှာ ရှိပြီးဖြစ်တဲ့ သီးနှံကို ဘယ်သူမဆို ဆွတ်ခူး စားနိုင်ခွင့်ရှိတယ်။
၈။ တခါတရံ မိမိမြေကွက်ကို မင်းမိန့်ခံပြီးမှ သာသနာမှာ လှူတယ်ဆိုရင် ပိုင်ရှင်လွဲပြောင်းတဲ့ မှတ်တမ်း (ကျောက်စာ) မှာ လယ်ယာထွက် ကောက်ပဲသီးနှံထဲက ဥပမာ - စပါး ဘယ်နှတင်း၊ ဘုရားမီး၊ ဘုရားပန်း ပူဇော်ရန် ဘယ်လောက်က သင်ပုတ်တင်ရန်၊ ဘယ်လောက်က အပျက်အစီး ဖာထေးရန်ဆိုသလို အမျိုးအမည်ခွဲပြီး ပေးထားတယ်။ ကျန်သမျှကို လယ်စိုက်တဲ့ ကျွန်တွေက မျှစားရမယ်လို့ ဆိုလိုတယ်။ နောင်အခါ မူလလှူခဲ့တဲ့ ကျောင်းဘုရားပျက်ရင် လယ်လုပ်သူ(ကျွန်)က နီးစပ်ရာ ကျောင်းဘုရားမှာ သတ်မှတ်တဲ့ အဖိုးအခကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဝေယျာဝစ္စ လိုသမျှ ကိစ္စတွေမှာ သုံးရန် ရန်ပုံငွေ သဘောမျိုးထားရမှာ ဖြစ်ပါတယ်။ အဲဒါလောက်မှ ဖြစ်အောင် မလုပ်နိုင်ရင် လယ်ငှားက တနှစ် ထွက်သမျှ ကောက်ပဲသီးနှံ အချို့ကို အထုပ်ထုပ်ပြီး သင့်တော်ရာ ဘုရားမှာ သွားပြီး လှူနိုင်ပါတယ်။
၉။ ဘယ်ဘုရားမြေကိုမှ မင်းမြေအဖြစ် မသိမ်းယူရပါ။
၁ဝ။ မင်းလှူတဲ့ မြေဟာ လှူရင်းမင်း နတ်ရွာစံပြီလို့ ရုပ်သိမ်း ပြောင်းလဲခြင်း မပြုရ။
၁၁။ မြေကို အသုံးချဖို့ လူပုဂ္ဂိုလ်က သာသနာကို လွှဲပေးတဲ့အခါ လုပ်မြဲ စာချုပ်စာတမ်း (နာမည်ပြောင်း မှတ်ပုံတင် ဆိုတာမျိုးတွေ မလုပ်) မရှိပေမယ့် လွှဲပြောင်းခြင်း ပြီးမြောက်တယ်လို့ ယူဆပါတယ်။

(ဒေါက်တာ သန်းထွန်း၊ မြန်မာသမိုင်း ရှာတော်ပုံ၊ အမိန့်တော်ထဲက သမိုင်း။ စာ-၂၃၆၊ ၂၃၇) တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ပဒေသရာဇ် မြေရှင်လက်ထက်တွင် မြေကျွန်များအပေါ် မြေယာသွေးစုပ်မှုကြီးများဖြစ်သည့် သီးနှံအားဖြင့်
သွေးစုပ်ခြင်း၊ လုပ်အားဖြင့် သွေးစုပ်ခြင်း၊ အခွန်အကောက်မျိုးစုံ ပေးရခြင်း၊ စစ်စရိတ်များ ပေးရခြင်း စသည့် ဝန်ထုတ်ဝန်ပိုးများကို တိုင်းသူပြည်သားအားလုံး အပြင်းအထန် ခံစားခဲ့ကြရသည်။

ပြည်ပကူးသန်းရောင်းဝယ်ရေးကို ရှင်ဘုရင်က ချုပ်ကိုင်ထားသည်။ မင်းတုန်းမင်းလက်ထက်တွင် အင်္ဂလိပ်ကော်မရှင်နာက ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ရှင်ဘုရင်တဦးတည်းက ချုပ်ကိုင်ထားမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ဖူးသည်။

ပဒေသရာဇ်မြေရှင် အုပ်ချုပ်ရေးစနစ်သည် ပဒေသရာဇ် နယ်မြေများအဖြစ် ခွဲခြားပြီး အုပ်ချုပ်သည်။ နယ်စား၊ မြို့စား၊ ရွာစားများ ခန့်အပ်ပြီး အုပ်စိုးသူ ရှင်ဘုရင် တဦးတည်းက သက်ဦးဆံပိုင်စနစ်ကို ကျင့်သုံးအုပ်ချုပ်သည်။ အကောက်ခွန်ဌာနများ စတင်တည်ရှိလာသည်။ တိုင်းပြည်၏ ရေ၊ မြေ အားလုံးကို ပိုင်ဆိုင်သည်။ အုပ်ချုပ်ရေး စရိတ်၊ စစ်စရိတ်၊ ထီးနန်းသုံးစရိတ်၊ ဘာသာရေးစရိတ်၊ ဘုရားကျောင်းကန် တည်ဆောက်ပေးရမှု စသည်တို့ကို ကျေးလက် လယ်သမားများက ဆွေစဉ်မျိုးဆက် လုပ်ဆောင်ပေးခဲ့ရသည်။ အုပ်စိုးသူ ပဒေသရာဇ်များ၏ ဝန်ထုတ်ဝန်ပိုးများကို အအုပ်ချုပ်ခံ လယ်သမားများက ထမ်းဆောင်ပေးရသည့် သဘောဖြစ်သည်။ ကျေးလက် လယ်သမားများသည် နယ်စား၊ မြို့စားနှင့် ရွာစားများ၏ အခိုင်းအစေကိုလည်း ခံကြရသည်။ အခွန်အကောက် အဆမတန် ပေးရခြင်းကိုလည်း ခံကြရသေးသည်။ ပဒေသရာဇ် မြေရှင်စနစ်အောက်က လယ်သမားများ၏ လူနေမှုဘဝသည် မည်သို့မျှ နာလန်မထူနိုင်ခဲ့ချေ။

ပဒေသရာဇ် မြေရှင်စနစ်အောက်က တိုင်းပြည်သည် လူမျိုးရေး ပဋိပက္ခများ ပြင်းထန်ခဲ့သည်။ ပဒေသရာဇ် အချင်းချင်း နန်းလုပွဲများနှင့် စစ်ခင်းခဲ့ကြသည်များကို ပြီးခဲ့သည့် သမိုင်းအဖြစ်အပျက်များက ဖော်ပြနေပါသည်။ တိုင်းပြည်၏ ထိုအခြေအနေကို နယ်ချဲ့နိုင်ငံများက အခွင့်ကောင်းယူပြီး လူမျိုးရေး ပဋိပက္ခများကို ပိုမိုကြီးထွားကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ကြုံကြရပြီးဖြစ်သည်။ နောက်နောင်တွင် လူမျိုးရေးပဋိပက္ခများသည် နယ်ချဲ့ အကျိုးစီးပွားအတွက် အသုံးချစရာတခု ဖြစ်လာခဲ့သည်။ ပဒေသရာဇ် ရှင်ဘုရင်များနှင့် နယ်ချဲ့တို့၏ လူမျိုးရေးဖိနှိပ်မှု၊ ရက်စက်မှုများသည် ယနေ့ကာလရှိ လူမျိုးပေါင်းစုံ ပြည်သူများ၏ ဘဝအတွင်း ထင်ဟပ်ဖော်ပြနေသေးသည်။

ပဒေသရာဇ် မြေရှင်ခေတ်ကာလက ပုန်ကန်ထကြွမှုအားလုံးတွင် လယ်သမားများ ပါဝင်ခဲ့သည်။

“ လူနှင့် အရာအားလုံးသည် မည်သူကမျှ ဖန်ဆင်းခြင်း မဟုတ်၊ မည်သူမျှ မဖန်တီးဘဲ ဖြစ်ပေါ်ပြောင်းလဲနေသည်” ဟု တင်ပြခဲ့သည့် လောကဓာတ်ဆရာ ဆရာပိုကို မင်းတုန်းမင်းက တံကျင်လျှို သတ်ဖြတ်ခဲ့သည်။ ခေတ်စနစ်၏ အတွေးအခေါ် အကန့်အသတ်ကြောင့် ပဒေသရာဇ်မြေရှင်စနစ်ကို တော်လှန်ပုန်ကန်မှုများ မအောင်မြင်ခဲ့ပေ။

အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးတွင် ကုန်းလမ်း ရေလမ်းဖြင့် ကူးသန်းရောင်းဝယ်မှု ရှိခဲ့သည်။ နယ်မြေ အငြင်းပွားမှုများနှင့် စစ်ပွဲများ ဖြစ်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများအရ တွေ့မြင်နိုင်ပါသည်။ အိမ်နီးချင်း တိုင်းပြည်များကိုယ်တိုင်က ဥရောပ နယ်ချဲ့စနစ်၏ ကျူးကျော်ရန်စမှုနှင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကိုလည်း အခြိမ်းခြောက်ခံနေရသည်။

အာရှ အရှေ့ပိုင်းနိုင်ငံများ ဤကဲ့သို့ အခြေအနေများနှင့် ကြုံတွေ့နေရချိန်တွင် ဥပရောပ၏ လူမှုရေး၊ စီးပွားရေး၊
နိုင်ငံရေး တိုးတက်ပြောင်းလဲလာနေသည်။ ဥပရောပတိုက်ရှိ ပဒေသရာဇ် မြေရှင်စနစ်များ အဖျက်သိမ်းခံနေရသည်။ ဓနရှင် တော်လှန်ရေးသည် ၁၆ ရာစုနှစ် အစပိုင်းမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ နယ်သာလန်(ဒတ်ခ်ျ)တွင် ၁၆ ရာစု၊ အင်္ဂလန်တွင် ၁၇ ရာစုနှင့် ပြင်သစ်တွင် ၁၈ ရာစုတို့တွင် ဓနရှင်တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သည်။ ဟန်ဂေရီနှင့် အီတလီတွင် ၁၈၄၈ - ၄၉ ခုနှစ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည်။ ပဒေသရာဇ်စနစ်ကို ဖယ်ရှားလိုက်သည်။ အရင်းရှင်စနစ်ဖြင့် အစားထိုးလိုက်ခြင်းဖြင့် ထိုတိုင်းပြည်များတွင် အရင်းရှင် လူ့အဖွဲ့အစည်းအဖြစ်သို့ ဖြစ်ပေါ် တိုးပွားလာရန် လမ်းပွင့်လာတော့သည်။

မြန်မာနိုင်ငံကို ကြည့်မည်ဆိုလျှင် သီပေါမင်းကို နယ်ချဲ့အင်္ဂလိပ်က နန်းချလိုက်ခြင်းဖြင့် ပဒေသရာဇ်စနစ် ကွယ်ပျောက်သွားပြီဟု အဓိပ္ပာယ် မသက်ရောက်ပါ။ ဆန့်ကျင်ဘက်အားဖြင့် နယ်ချဲ့ ကိုလိုနီနိုင်ငံအတွင်းမှာ ပဒေသရာဇ်စနစ်ကို ဆက်လက်တည်ရှိခွင့် ပေးထားသည်။ နယ်ချဲ့ အကျိုးစီးပွားအတွက် လူတန်းစားဒေါက်တိုင် တခုအဖြစ် ထားရှိသည်။ နယ်ချဲ့လက်ဝေခံ မြေရှင်ကြီးစနစ်ကို သွပ်သွင်းဖို့ ခေတ်ဟောင်း ပဒေသရာဇ်စနစ်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ပဒေသရာဇ်စနစ် အကြွင်းအကျန်များလို့ ဒါကြောင့်ပဲ သတ်မှတ်တာ ဖြစ်သည်။ အကုန်အစင် ဖျက်သိမ်းခြင်း မဟုတ်လို့ဘဲ ဖြစ်သည်။

ထို့နောက် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်ပေါင်းစုံကို ချုပ်ကိုင်ထားသည်။ နယ်ချဲ့စစ်တပ်သည် ပဒေသရာဇ်မြေရှင်စနစ်မှ နယ်စား၊ ပယ်စားများကို အုပ်ချုပ်ရေး ယန္တရားတွင် ပြန်လည်အသုံးပြုခဲ့သည်။ နယ်ချဲ့အကျိုးစီးပွားကို အကောင်းဆုံး အလုပ်အကျွေးပြုသူ၊ လက်ခံကြိုဆိုသူများကို ရာထူး၊ ဘွဲ့ထူး၊ ဆုလာဘ်များဖြင့် လာဘ်ထိုးသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီနိုင်ငံ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(အပိုင်း - ၂) အား ဆက်လက်ထုတ်ပြန်ပါမည်။

No comments:

Post a Comment