Friday, June 17, 2011

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု မြန်မာနိုင်ငံနေရာအနှံ့တွင် ပြုလုပ်

ဘုန်းခိုင်

မြန်မာနိုင်ငံတွင်းက ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မိတ္ထီလာ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ဒေသတွေမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် စာရွက်ကပ်၊ စာတိုက်ကနေ စာဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေအပြင် ဝတ်ပြုဆုတောင်းပွဲတွေလည်း ဒေသ အတော် တော်များများတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေက ဒီကနေ့ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို လူငယ်တွေစုပြီး လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တဦးက “မြောက်ဥက္ကလာပဆေးရုံနဲ့ အထက (၁) (၂)၊ မဂိုလမ်းတ၀ိုက်နဲ့ မြေနီကုန်း၊ မြကလေးရုပ်ရှင်ရုံတ၀ိုက် စိန်ဂျွန်း ဈေးမှတ်တိုင်၊ စမ်းချောင်းမြို့နယ် အဲဒီနေရာတွေမှာ ကျနော်တို့က သုံးမျိုးလှုပ်ရှားတယ်။ စာအိတ် (၁၅၀၀) ကို လိပ်စာတပ်ပြီး စာထည့်တဲ့ လှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းပြန်လွတ်ပေးဆိုတဲ့ စာကို အရွက်ရေ (၂၀၀)ကပ်တဲ့လှုပ်ရှားမှု၊ နောက်တခုက ဗိုလ်ချုပ်ပုံပါတဲ့ လက်ကမ်းစာစောင်မှာ မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ အခုအစိုးရသစ်ကို ကျနော်တို့နဲ့အတူ ငြိမ်းချမ်စွာ ဆန္ဒပြတိုက်ပွဲဝင်ဖို့ လှုံ့ဆော်ထားပါတယ်” ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ် သမာဓိ(၈) လမ်းက ဒေါ်အေးမြင့်သန်းရဲ့ နေအိမ်မှာလည်း ဒီကနေ့မနက်က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆန္ဒပြုဆုတောင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေလို့ စာတမ်းရေးထိုးထားတဲ့ မိုးပျံဗူပေါင်း အလုံး (၈၈) လုံးနဲ့ ငှက် (၈၈) ကောင်ကို လွတ်ပြီး ဆန္ဒပြခဲ့တာလို့ သိရသည်။

အလားတူရခိုင်ပြည်နယ်အတွင်း ရက္ခအလင်းတန်းအဖွဲ့က စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံ၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်စတဲ့ မြို့တွေအပါအ၀င် မြို့နယ် (၁၃)ခုက တန်ခိုးကြီးဘုရားနဲ့ စေတီတွေမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ဆုတောင်းပွဲတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရက္ခအလင်းတန်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မပန်သုစံက “တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်ပါစေကြောင်းပေါ့နော် အဲလို ဆုတောင်းပွဲလုပ်တဲ့အပြင် ကျမတို့ ရခိုင်လူမျိုးတွေကို အခုလောလောဆယ် ဘာသာရေးအရ မတရားကျူးကျော်ခံနေရတဲ့ မင်းစိုးမင်းညစ်ရဲ့ နှိပ်စက်မှုအန္တရာယ်က ကင်းရှင်းပါစေကြောင်းဆိုတဲ့ ဆုတောင်းပွဲ ရက္ခအလင်းတန်းအဖွဲ့တွေက စုပေါင်းပြီး ဆုတောင်းခဲ့တယ်” ဟု ပြောသည်။

ရက္ခအလင်းတန်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ ဘုရားနဲ့ စေတီတော်တွေထံ ဆုတောင်းရာတွင် သစ်သီး (၉) မျိုးနဲ့ သစ်သီးဆွမ်းကပ်ပြီး ဘုရားမီးပူဇော်ကာ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း အသုတ်မြို့က ဘုရားမှာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲမှာ သာမန်အရပ်သားတွေပါ ပါဝင်ပြီး အယောက် (၃၀) ကျော်က ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ အလားတူ ရန်ကုန်တိုင်းအတွင်းက သုံးခွနဲ့ ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၊ မန္တလေးနဲ့ မိတ္တီလာမြို့တွေမှာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆုတောင်းပွဲများကို အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက်ဟန့်တားတာ မရှိဘူးလို့ သိရသည်။

No comments:

Post a Comment