Monday, June 6, 2011

ဗိုလ်ခိုင်မိုးလင်းနေ့ အခမ်းအနား ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တွင် ကျင်းပ

ထွန်းထွန်း

(၃၄) နှစ်မြောက် ရခိုင့် အာဇာနည် ဗိုလ်ခိုင်မိုးလင်းနေ့ အခမ်းအနားအား ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့တွင် အသီးသီး ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော အခမ်းအနားကို ပြည်ပရောက် ရခိုင်အမျိုးသားများက စုပေါင်းပြီး ကော့စ်ဘဇားမြို့ တောကျောင်း ၀ိဟာရတွင် ကျင်းပခဲ့ကြသည်။

အခမ်းနားကို နေ့လည် ၂ နာရီတွင် ရခိုင် အမျိုးသား တော်လှန်ရေး သီခြင်းဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ဥက္ကဌ ခိုင်မိုးလင်အား ဂုဏ်ပြု အမှတ်တရ လွမ်းသူ့ပန်းခွေချကာ တက်ရောက်လာသူများမှ ငါးပါးသီလ ခံယူကြသည်။

အခမ်းအနား သဘာပတိ အဖြစ် ဦးစန္ဒ၀ရ၊ ဦးသီလီဝံသ အပါဝင် တခြားဘုန်းကြီး တပါးတို့မှ ဆောင်ရွက်ကြပြီး အခမ်းနားမှူးအဖြစ် အမျိုးသားရေး ကိုနိုင်နိုင်မှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ အခမ်းဖြစ်မြောက်ရေး ကော်မီတီ တစ်ဦးဖြစ်သူ ကိုနီကျော်က အခမ်းအနားပြု လုပ်ရခြင်း ရည် ရွယ်ချက်ကို ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

“ ဒီနေ့ အခမ်းအနား ပြုလုပ်ရတာမှာ ရည်ရွယ်ချက် သုံးချက် ရှိပါတယ်။ (၁) ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုခြင်း သည် မင်္ဂလာတပါးဖြစ်တယ်ဆိုတဲ့ အတိုင်း ဥက္ကဌကြီး ခိုင်မိုးလင်းဟာ မမေ့မလျှော ဂုဏ်ပြု သင့်တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် ဂုဏ်ပြုတာ ဖြစ်ပါတယ်။ နံပတ် (၂) ကတော့ ဥက္ကဌ ခိုင်မိုးလင်းကဲ့သို့ အနာဂတ်မှာ ခေါင်းဆောင်ခေါင်းတွေ ပေါ်လာရန် ရည်ရွယ်ပါတယ်။ နံပတ် (၃) ကတော့ မျိုးဆက်သစ် လူငယ်များအားလုံး သူ့ကို အားကျအတု ယူနိုင်ရန် ဖြစ်ပါတယ်” ဟုပြောသည်။

အခမ်းနားကို ရခိုင် မျိုးချစ် ပြည်ချစ် အင်အားစုမှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာအဆုံး သတ်ခဲ့ကြသည်။

အလားတူ ၃၄ နှစ်မြောက် ဥက္ကဌ ဗိုလ်ခိုင်မိုးလင်း နေ့ အခမ်းအနားကို ထိုင်းနိုင်ငံ အုန်းပြန့် ဒုက္ခသည် စခန်းတွင် ရခိုင်လူမူ စေတနာ့ ၀န်ထမ်း အဖွဲ့ (အုန်းပြန့်) မှ ဦးဆောင်ပြီး ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရခိုင် ရဟန်းတော်များ၊ တော်လှန်ရေး သမားများ၊ ရခိုင်အမျိုးသား အမျိုးသမီး (၆၀) ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်ပြီး ရဟန်းတော် ခုနှစ်ပါးအား ဆွမ်းခဲဖွယ်များ ဆပ်ကပ်ပြီး စတင်ခဲ့ကြသည်။ ဟောပြောပွဲ အခမ်းအနားကို ထိုင်းစံတော်ချိန် နေ့လည် တစ်နာရီမှ စတင်ကာ နေ့လည် ၃ နာရီ တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများမှ ခိုင်မိုးလင်း အကြောင်းကို ဟောပြောခဲ့ကြသည်ဟု သိရသည်။

ဥက္ကဌ ခိုင်မိုးလင်းသည် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် တပ်မတော်ကို ကရင်နယ်မြေတွင် တည်ထောင်ခဲ့သူ ဖြစ်ပြီး ကရင်ပြည်မှ ရခိုင်ပြည်သို့ ရှမ်းပြည်၊ ကချင်ပြည်နှင့် ချင်းပြည်နယ်တို့ကို ဖြတ်သန်းကာ ရဲဘော် ၁၀၀ ကျော်ဖြင့် ချီတက်စဉ် ၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) နာရီအချိန်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ မဏိပူရမြစ် အနားတွင် ဗမာ စစ်တပ်နှင့် ဖြစ်ပွားသော တိုက်ပွဲများ အတွင်း ကျဆုံးသွားခဲ့သည်။

ဥက္ကဌကြီးသည် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံး ရန်သူလက်မှ လွှတ်မြောက်ရန် အခြေအနေ မရှိသဖြင့် လက်ထဲတွင် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို သူရဲကောင်း ပီသစွာဖြင့် အဆုံး စီရင်သွားခဲ့သည်။

ရခိုင် ခေတ်သစ် သမိုင်းတွင် ရခိုင်ပြည်နှင့် ရခိုင်လူမျိုး လွှတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ကြရာဝယ် ရန်သူထံ လက်နက် မချဘဲ သူရဲကောင်း ပီသစွာဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သူမှာ ဥက္ကဌ ခိုင်မိုးလင်း တစ်ဦးတည်းသာ ရှိသေးသဖြင့် သူ၏ လုပ်ရပ် အပေါ် ရခိုင်အမျိုးသားများက အောက်မေ့ ဂုဏ်ပြုကာ ယခုကဲ့သို့ ဇွန်လ (၄) ရက် ရောက်တိုင်း အခမ်းအနားများကို နှစ်စဉ် ကျင်းပ ကြသည်။

No comments:

Post a Comment