Wednesday, June 22, 2011

နယ်ခြားစောင့်တပ်လေးခုစလုံး ဒီကေဘီအေအဖြစ် ပြန်ပြောင်း

နော်နိုရင်း

နယ်ခြား​စောင့်​တပ်အသွင်ကို ကူး​ပြောင်း​ခဲ့​တဲ့​ မြိုင်ကြီး​ငူအ​ခြေစိုက် တပ်ရင်း​လေး​ရင်း​ဟာ အခုလ (၁၂) ရက်​နေ့​မှာ ဒီ​ကေဘီ​အေနဲ့​ ပြန်လည်ပူး​ပေါင်း​ခဲ့​တယ်လို့​ ဗိုလ်မှူး​ချုပ် နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) တပ်မဟာ ၅ မှ ဗိုလ်မှူး​ကြီး​ ​ကျော်သက်က ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ်​တွေမှာ တာဝန်ထမ်း​ဆောင်တဲ့​ မြန်မာ့​တပ်မ​တော်သား​တချို့​လည်း​ ဒီ​ကေဘီ​အေအဖွဲ့​ထဲ ဝင်ကြသလို တချို့​လည်း​ တပ်မ​တော်ဘက်ကို ပြန်ကြတယ်လို့​ သူက ​ပြောပါတယ်။

မြန်မာ့​တပ်မ​တော် တပ်မ (၁၁) နဲ့​ (၄၄) တို့​က နယ်ခြား​စောင့်​တပ်က​နေ အသွင်​ပြောင်း​လဲခဲ့​တဲ့​ ဒီ​ကေဘီ​အေတပ်​တွေကို ထိုး​စစ်ဆင်ဖို့​ ပြင်ဆင်​နေတယ်လို့​ သူက ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ်​တွေ ဒီ​ကေဘီ​အေနဲ့​ ပြန်လည်ပူး​ပေါင်း​ခဲ့​တဲ့​ အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ဗိုလ်မှူး​ကြီး​ ​ကျော်သက်ကို ​မေး​မြန်း​ထား​ပါတယ်။

မြိုင်ကြီး​ငူ ကိစ္စက အခုလက်ရှိအ​ခြေအ​နေ ဘယ်လို့​ ရှိပါသလဲ။

“လက်ရှိအ​ခြေအ​နေက ပိုပြီး​ဆိုး​လာတယ်။ တပ်မ ၁၁ နဲ့​ တပ်မ ၄၄ က ဟိုဘက်ကို ထိုး​စစ်ဆင်​နေပြီ​လေ။”

မြိုင်ကြီး​ငူ​ဒေသတပ်​တွေက ဒီ​ကေဘီ​အေတံဆိပ်ကို ပြန်​ပြောင်း​လိုက်တယ်ဆိုတာ ဟုတ်ပါသလား။

“ဟုတ်ပါတယ်။”

ဘယ်​နေ့​ကစပြီး​တော့​ ​ပြောင်း​လိုက်တာလဲ။ ဘယ်သူက ဦး​ဆောင်ပြီး​တော့​ ​ပြောင်း​တာပါလဲ။

“၁၄ ရက်​နေ့​က စတာ။ ဗိုလ်မှူး​ ဗိုလ်ဘိလို့​ ​ပြောတယ်။

သူက ဘာဖြစ်လို့​ ​ပြောင်း​လိုက်တာပါလဲ။

“နယ်ခြား​စောင့်​တပ် မလုပ်ချင်​တော့​ဘူး​ထင်တယ်။ နယ်ခြား​စောင့်​တပ်က အစိုး​ရ နအဖ လက်​အောက် ​နေရတာကိုး​။ ​နောက်က​နေပြီး​တော့​ သူများ​ခိုင်း​သလို လုပ်ရတယ်။”

နယ်ခြား​စောင့်​တပ် တပ်ရင်း​တရင်း​မှာ အင်အား​ဘယ်​လောက်ရှိပါသလဲ၊​ ပြီး​တော့​ မြန်မာအစိုး​ရတပ်က​ကော အဲဒီအထဲမှာ လူ ဘယ်နှ​ယောက်​လောက် ပါသလဲ။

“၃၀ ပါတယ် သူတို့​။”

တပ်ရင်း​ တရင်း​က​ကော လူဦး​ရေ ဘယ်​လောက်ရှိလဲ။

“တပ်ရင်း​တရင်း​က လူဦး​ရေ ၂၉၇ ​ယောက်ရှိတယ်။”

ဗိုလ်ဘိတို့​က နယ်ခြား​စောင့်​တပ်က​နေ ဒီ​ကေဘီ​အေကို ​ပြောင်း​လိုက်တဲ့​ အခါကျ​တော့​ အစိုး​ရတပ်​တွေက​ကော ဘယ်လိုမျိုး​နေသလဲ။

“အချို့​က​တော့​ မ​ပြောင်း​တဲ့​လူက​တော့​ ​ပြေး​သွား​တာ​ပေါ့​။ အရင်တုန်း​က ဌာနကို ပြန်​ပြေး​သွား​တာ​ပေါ့​။”

တချို့​လူ​တွေ​ပြောင်း​တယ်၊​ တချို့​လူ​တွေက မ​ပြောင်း​ဘူး​ အဲဒီလိုမျိုး​လား​။

“ဟုတ်တယ်။”

သူတို့​ ဗိုလ်ဘိတို့​အဖွဲ့​ အကုန်လုံး​ အခုအဲဒီ မြိုင်ကြီး​ငူဘက်မှာ နယ်ခြား​စောင့်​တပ်က​နေ ဒီ​ကေဘီ​အေ တံဆိပ်ကို ပြန်တတ်လိုက်တာ တပ်ရင်း​ဘယ်နှခုလဲ။

“တပ်ရင်း​ ၄ ရင်း​။ သူ့​နံပါတ် ကျ​နော်မသိဘူး​။ ဘီဒီအက်ဖ် နံပါတ် ကျ​နော် စိတ်မဝင်စား​ဘူး​။”

သူတို့​ ဒီ​ကေဘီ​အေတံဆိပ် ပြန်​ပြောင်း​လိုက်​တော့​ ဗိုလ်မှူး​ကျော်သက်တို့​ အဖွဲ့​နဲ့​ ပူး​ပေါင်း​တာမျိုး​တွေ ရှိပါသလား​။

“အင်း​ ရှိတယ်။ ကျ​နော်တို့​ အဖွဲ့​လည်း​ ဟိုမှာ တပ်ရင်း​ တရင်း​ဆင်း​သွား​တယ်။ ၉၀၅ တပ်ရင်း​က ဗိုလ်မှူး​ တာ​ကော် ပါတယ်။”

အဲဒီလိုမျိုး​ ​ပေါင်း​လိုက်​တော့​ အစိုး​ရတပ်ဘက်က ဘယ်လိုတုံ့​ပြန်မှု​တွေ ရှိလဲ။

“​လော​လောဆယ်ဆယ်​တော့​ ပစ်ခတ်ကြတာမရှိဘူး​ပေါ့​။ ဒါ​ပေမယ့်​ ​ပြောလို့​မရဘူး​။ သူ​ပြောတာ​တော့​ ဒီ​နေ့​ မဖြစ်​တောင် မနက်ဖြန် ဖြစ်မယ်လို့​ ကျ​နော့်​ကို ​ပြောတာပဲ။”

အခုအထဲမှာ အစိုး​ရ ဘယ်တပ်ရင်း​တွေက သွား​ပြီး​တော့​ ထိုး​စစ်ဆင်​နေလဲ။

“တပ် ၄၄ နဲ့​ တပ်မ ၁၁ ပဲ ရှိ​သေး​တယ် အခု ​လော​လောဆယ်က​လေ။ အခုက ၆၆ လည်း​ ကျ​နော် ကြား​တော့​ ကြား​တယ်။ ဒါ​ပေမယ့်​ ​ရောက်ပြီလား​ မ​ရောက်​သေး​ဘူး​လား​။ ၇၇ လည်း​ လာမယ်လို့​ ​ပြောတာပဲ။”

ပြဿနာက ဘယ်လို ဖြစ်ပြီး​တော့​ နယ်ခြား​စောင့်​တပ်က​နေ ဒီ​ကေဘီ​အေကို ​ပြောင်း​လိုက်တာလဲ။

“​ပြောမယ်ဆိုရင် အစိုး​ရလက်​အောက် ဒီ နအဖကလည်း​ လုပ်တာလည်း​ ဟုတ်မှ မဟုတ်တာပဲ သူများ​ မ​နေ​တော့​ဘူး​လေ။ သူတို့​ပြောတာ နအဖ လိုမျိုး​ ဖြစ်သွား​မယ်​ပေါ့​။ မလုပ်နိုင်​တော့​ဘူး​ဆိုပြီး​ အဲဒီလိုမျိုး​ ဒီ​ကေဘီ​အေ ဘက်ကို ပြန်လှည့်​တာ​ပေါ့​။”

အဲဒီ​တော့​ ဒီကိစ္စက ပုန်ကန်မှု တမျိုး​ ဖြစ်​နေ​တော့​ အစိုး​ရတပ်ဘက်က ဘယ်လိုပဲ ဖြစ်ဖြစ် ငြိမ်​နေမှာ မဟုတ်ဘူး​ဆို​တော့​ ထိုး​စစ်ဆင်လာရင် တုံ့​ပြန်ဖို့​ ဘယ်လိုများ​ ပြင်ဆင်ထား​ပါသလဲ။

“ဒါက အဆင်သင့်​ ပြင်ဆင်ထား​ပြီး​သား​။ ပြန်ပစ်ဖို့​တော့​ စပါယ်ရှယ်ပဲ။ တက်လာရင် ​ရောက်လည်း​ရောက် ပစ်လည်း​ပစ်မှာပဲ။”

ဗိုလ်ချုပ်​ကျော်သန်း​တို့​၊​ ဗိုလ်မှူး​ချစ်သူတို့​က​ကော ဒီ​ကေဘီ​အေ တံဆိပ် ပြန်​ပြောင်း​တာမျိုး​တွေ ရှိလား​။

“ဗိုလ်ချုပ်​ကျော်သန်း​က​တော့​ ဘား​အံဘက်ကို ပြန်​ပြေး​သွား​တယ်။”

အခုလက်ရှိက မြိုင်ကြီး​ငူမှာရှိတဲ့​ နယ်ခြား​စောင့်​တပ်အဖွဲ့​တွေနဲ့​ ဗိုလ်မှူး​ကျော်သက်တို့​ အဖွဲ့​က ဒီလိုမျိုး​ ​ပေါင်း​ရတဲ့​ ရည်ရွယ်ချက်ကို ​ပြောပြ​ပေး​ပါလား။

“သူတို့​က တိုက်လာရင်​တော့​ ကျ​နော်တို့​လည်း​ ပြန်တိုက်မှာ​ပေါ့​။ သူတို့​တိုက်ရင် ကျ​နော်တို့​လည်း​ တိုက်ဖို့​ အဆင့်​သင့်​ပဲ​ပေါ့​။ ကျ​နော်တို့​ ​ပေါင်း​ရတာ ကျ​နော်တို့​ ဒီ​ကေဘီ​အေတင် မကပါဘူး​။ ကချင်၊​ ​ကေအန်အယ်လ်​အေ တပ်မဟာ ၇ တို့​၊​ တပ်မဟာ ၁ တို့​ သူတို့​လည်း​ ပါလာတယ် အများ​ကြီး​ပဲ။ ဒီတ​ခေါက်​တော့​ ကြီး​ကြီး​ကျယ်ကျယ် ဖြစ်ဖို့​ ​တော်​တော်များ​မယ်။”

ဗိုလ်မှူး​ကြီး​ ​ကျော်သက်တို့​က အစိုး​ရတပ်ကို ပြန်ပြီး​တော့​ တိုက်ခိုက်​နေတယ်ဆို​တော့​ အဓိက ဘာ​တွေ လိုချင်တာလဲ။

“လိုချင်တာ ဘာလဲဆိုရင် ကျ​နော်တို့​ တိုင်း​ရင်း​သား​အား​လုံး​ ငြိမ်း​ချမ်း​ရေး​ ရဖို့​ပေါ့​။ ​နောက်ပြီး​တော့​ အခု အစိုး​ရအသစ်လို့​ ​ပြောတာပဲ​လေ။ သမ္မတတို့​ ဘာတို့​ ဖွဲ့​လိုက်ပြီး​တော့​ တရား​မှ မတရား​တာ။ အခုက တိုင်း​ရင်း​သား​အား​လုံး​ ဘာတခုမှ အခွင့်​အ​ရေး​ မရှိဘူး​။ သူ့​ဟာသူလုပ်ပြီး​တော့​ သူဟာသူ လုပ်တာပဲမဟုတ်လား​။ ဒီအတိုင်း​ပဲ နအဖက နအဖပဲ ဘာမှ မ​ပြောင်း​လဲဘူး​။”

မ​ပြောင်း​လဲတဲ့​အတွက် ဗိုလ်မှူး​ကျော်သက်တို့​က ဘာလိုချင်လို့​ တိုက်တာလဲ။

“အကုန်လုံး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပေါ့​၊​ တိုင်း​ရင်း​သား​အား​လုံး​ တန်း​တူအခွင့်​အ​ရေး​ ​ပေး​ပေါ့​ မဟုတ်ဘူး​လား​။ ဒီလိုမျိုး​ ​ပေး​လို့​ရှိရင် ဘယ်သူမှ မတိုက်ပါဘူး​။ ကျ​နော်တို့​က ​ပြောချင်တာ နအဖ လုပ်တာ သူက စား​ပွဲ​ပေါ်မှာ မ​ဖြေရှင်း​ချင်ဘူး​။ သူ့​ရဲ့​အာဏာကို မလွှဲအပ်ချင်ဘူး​။ လွှဲအပ်မယ်ဆိုရင် ဒီလို မဖြစ်လာဘူး​။ အခုက တိုင်း​ရင်း​သား​အား​လုံး​ပဲ လက်နက်ကိုင် အဖွဲ့​အစည်း​ သူ့​အလိုလို အကုန်လုံး​ ပြန်ပုန်ကန်ပြီး​သား​ပဲ။ သူတို့​လည်း​ အရင်အတိုင်း​ပဲ။ ထင်တာက ​အောင်မြင်မယ်လို့​ သူထင်တယ်။ ​အောင်မြင်ဖို့​တော့​ နည်း​ပြီး​ အခု။ သူ ဘယ်​လောက်ပဲ တက်တက် သူတို့​ ရှုံး​မှာပဲ။ ။”

အခု အစိုး​ရကို ကချင်​တွေ​ကော၊​ ရှမ်း​တွေ​ကော ပြန်တိုက်​နေပြီဆို​တော့​လေ ဒီ ကရင်​တွေဘက်က​ကော ဘယ်လိုမျိုး​ ဝိုင်း​ပြီး​တော့​ တိုင်း​ရင်း​သား​အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​ဖို့​ အစီအစဉ်ရှိလား​ ဘယ်လိုမျိုး​လုပ်ထား​လဲ။

“ပူး​ပေါင်း​ပြီး​သား​လေ။ ဒါ မဒတ မဟာမိတ်တပ်​ပေါင်း​စု​တွေ ကျ​နော်တို့​ အစည်း​အ​ဝေး​ လုပ်ထား​ပြီး​သား​ပဲ။”

ဘယ်လိုမျိုး​ ကူညီဖို့​ သ​ဘောတူညီချက် ရရှိကြလဲ။

“အခုက စိတ်ညီလက်ညီ​ပေါ့​နော်။ ဒီ တိုက်ပွဲ ဟိုဖြစ် ဒီဖြစ်​ပေါ့​။ ရှမ်း​မှာ ဖြစ်မယ်၊​ ဒီမှာလည်း​ ဖြစ်မယ်၊​ ဝလည်း​ ဖြစ်မယ်၊​ ဘယ်​နေရာမှာ မထား​ခဲ့​ဘူး​ပေါ့​။ စစ်မျက်နှာ တူတူဖွင့်​မယ်။”

တပြည်လုံး​အတိုင်း​အတာနဲ့​ တိုက်ပွဲဖြစ်လာ​တော့​မှာ​ပေါ့​ အဲဒီလိုမျိုး​ဆိုရင်။

“အင်း​ တပြည်လုံး​ပဲ ဒီတ​ခေါက်​တော့​ တပြည်လုံး​ ​သေချာ​ပေါက်ပဲ။ တပြည်လုံး​တောင်မကဘူး​။”



No comments:

Post a Comment