Friday, June 3, 2011

ဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ တွေ့ခွင့်ရ

ရိုးမ ၃

ဆန္ဒပြ အကျဉ်းသားများအား မိသားစုဝင်များထောင်ဝင်စာတွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ပြန်ရပြီး ဖြစ်ကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“ဆန္ဒပြမှုမှာပါတဲ့ အကျဉ်းသားတွေ ထောင်ဝင်စာတွေ့ရပြီ၊ ပါဆယ်ဖွင့်လိုက်ပြီ၊ ဆန္ဒပြမှုမှာပါတဲ့ အကျဉ်းသား စုစုပေါင်း ၁၇ ယောက်ကို ၅ ဆောင် ၁ တိုက်နဲ့ ၂ တိုက်မှာ တစုတဝေးတည်းထားတယ်။ ထားရှိမှုက ပုံမှန်အဆောင်မှာထားသလိုမျိုး အပြစ်ပေးတဲ့ သဘောမဟုတ်ဘဲ အခြားတိုက်တွေ ထားသလိုဘဲ ဖွင့်ပေးထားတယ်၊ အခု ဆန္ဒပြအကျဉ်းသားတွေ ထမင်းပြန်စားနေပြီ” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး SB၊ ရဲတပ်ဖွဲ့နှင့် နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့များက ဆွေးနွေးမှုများ ပြုနေလျှက်ရှိပြီး တောင်းဆိုချက်အားလုံးနှင့်ပတ်သက်ကာ အဖြေတစုံတရာ မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

“စာရေးစာဖတ်ခွင့်ကတော့ မေ ၂၆ ရက်နေ့ နေပြည်တော် သတင်းထုတ်ပြန်ချက်အတိုင်း ထောင်အာဏာပိုင်ရှေ့မှာ ရေးမယ်ဆိုရင် ခွင့်ပြုမယ်၊ တဦးချင်းကိုင်ဆောင်မယ်ဆိုရင် အထက်ကို တင်ပြရမယ်ဆို တောင်းဆိုထားတယ်၊ အခု လောလောဆယ် အကျဉ်းသားတွေကို ခြင်ထောင်တွေ ထုတ်ပေးလိုက်ပြီ၊ ကျန်းမာရေးအခြေအနေက အရင်အတိုင်းဘဲလို့ သိရတယ်” ဟု ပြောသည်။

တိုက်ထဲမှ ထွက်လာသည့် ဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများဘေးတွင် ထောင်အာဏာပိုင် (၂) ဦးစီ လိုက်လံ ရေးသားမှတ်တမ်းတင်မှုများရှိနေပြီး ဆန္ဒပြအကျဉ်းသားများ တောင်းဆိုထားသည့် ထောင်ဥပဒေအရ လျော့ရက်ရရန်ကိစ္စကိုမှု မသိရသေးကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် လ ၂၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ မိသားစုအကျိုးဆောင်ကွန်ယက်က နိုင်ငံရေးအကျဉ်းသားများ၏ ကလေးငယ်များအတွက် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲနှင့် လက်မှတ်ထိုးပွဲတခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီရေးလုပ်ဆောင်ပေးသူ တဦးက ပြောသည်။

“အကျဉ်းသားမိသားစုဝင်တွေရဲ့ ထိုးထားတဲ့ ၅၇ ဦးရဲ့လက်မှတ်တွေကို ဂျွန်မက်ကိန်းထံကို လွဲပြောင်းပေးလိုက်တယ်၊ အဓိကအကြောင်းအရာကတော့ နိုင်ငံရေးအကျဉ်းတွေ ခံစားနေရတာတွေ၊ အစိုးရတရပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိတာကို တရားဝင် အသိမှတ်ပြုလာဖို့ ဝိုင်းဝန်းလုပ်ဆောင်ဖို့ နောက်တခုက နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ တရားရေးဆိုင်ရာ မလျော်ကန်ပြုခံထားရတာတွေကို ပြန်လည်စီစစ်ပြီး ချွင်းချက်မရှိ လွှတ်ပေးမှုတွေ လုပ်ဆောင်ပြီး စစ်မှန်တဲ့တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်ဖို့၊ နောက်အကျဉ်းသားတွေကို နယ်ဝေးထောင်တွေကို ပို့တဲ့အခါ အကျဉ်းသားတွေအပြင် မိသားစုဝင်တွေပါ နောက်ဆက်တွဲဒုက္ခတွေ ရောက်နေရတယ်၊ အဲဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အစိုးရသစ်ကို ဖိအားပေးတောင်းဆိုလိုက်တာ” ဟု ပြောသည်။

No comments:

Post a Comment