Sunday, June 19, 2011

နစကထဲမှ စစ်သားများ ကချင် ရှေ့တန်းသို့ ပို့

ခိုင်သိန်း

မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်တလျှောက်တွင် ဖြန့်ကျက်ချထားသော နစက တပ်ဖွဲ့ထဲမှ စစ်တပ် တပ်ဖွဲ့ဝင်များကို မိခင်တပ်ရင်းများမှ ပြန်ခေါ်ယူပြီး ကချင် ရှေ့တန်းသို့ ပို့ဆောင်နေသည်ဟု သတင်းရရှိသည်။

" မနေ့က နံယုန် လပြည့်နေ့က ငခူရ နယ်မြေ ၅ က ဗိုလ်မှူး ကြည်လွင်နဲ့ ရဲဘော် ၁၅ ဦးဟာ ညနေ ၃ နာရီလောက်မှာ မိခင် တပ်ရင်းကို ပြန်သွာပါတယ်။ မထွက်ခွာခင်က ဗိုလ်မှူး ကြည်လွင်မှာ အနီးအ နားက ဆရာတော်တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကျွေးပါတယ်။ ဆွမ်းကျွေးပွဲ အပြီးမှာ သူက မိခင် တပ်ရင်းကို ပြန်ရမယ်။ မိခင် တပ်ရင်းက တဆင့် ရှေ့တန်းကို ထွက်ရမယ် ဆိုပီး ပြောသွား ပါတယ်" ဟု ရဟန်းတော် တပါးက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ ရဟန်းတော်များအား ဗိုလ်မှူး ကြည်လွှင်က ဆွမ်းကျွေးခြင်းမှာ ရှေ့တန်းတွင် ဘေးအန္တရာယ် မကျရောက်ရန်အတွက် ဖြစ်ကြောင်းနှင့် ရဟန်းတော်များမှလည်း အန္တရာယ်ကင်း တရားများ ဟောကြားခဲ့ရသည်ဟု အဆိုပါ ရဟန်းတော်က ပြောကြားသည်။

နစက တပ်ဖွဲ့တွင် စစ်တပ်၊ ရဲ၊ အကောက်ခွန်နှင့် လ၀က ဌာနတို့ ပါဝင်ပြီး ထိုအထဲမှ စစ်သားများကို မိခင် တပ်ရင်းသို့ ပြန်ပို့ပြီး ရှေ့တန်းသို့ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း နစကနှင့် နီးစပ်သူ တဦးက ယခုကဲ့သို့ ပြောသည်။

" အဲ အခုက ရခိုင်ဘက်က တပ်ရင်းတွေက စစ်သားတွေကို အရှေ့ဘက် ကရင်နဲ့ ရှမ်းရှေ့တန်းကို ပို့လို့ ကုန်သွားပြီ။ အခု ကချင်မှာလည်း စပြီး တိုက်ပွဲ ဖြစ်နေတော့ အဲဒီဘက်ကိုလည်း စစ်ကူတွေ ထပ်ပို့နေတယ်။ လောလောဆယ်မှာ ရခိုင်က တပ်ရင်းတွေမှာ သူနာကျိုးကန်းဘဲ ကျန်တော့တဲ့ အတွက် နစကထဲက စစ်သားတွေကို ပြန်ခေါ်ပြီး ကချင်ဘက်ကို ပို့ဖို့ လုပ်နေတာ ဖြစ်ပါတယ်။"

နစက တပ်ဖွဲ့မှာ အင်အား ၃၀၀၀ ခန့်ရှိကာ ထိုအထဲတွင် စစ်သား ၈၀၀ ခန့်ရှိကြောင်းနှင့် ယခုအခါ အဆိုပါ စစ်သားများ အားလုံးကို မိခင် တပ်ရင်းများက ပြန်ခေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

နစက တပ်ဖွဲ့ကို ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင် မြို့နယ်များတွင် နယ်မြေ ၉ ခု ခွဲကာ ဖြန့်ကျက်ချထားသည်။

No comments:

Post a Comment