Friday, July 1, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး အပိုင်း (၂)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း (အပိုင်း - ၂)

( ၂ ) ကိုလိုနီခေတ် တောင်သူလယ်သမားများ အခြေအနေ။

မြန်မာငွေကြေးပိုက်ဆံများအား တရားဝင်အဖြစ်မှ ရပ်စဲရန် ထုတ်ပြန်သည့် ၁၈၈၉ ခု မေလ ၂၂ ရက်နေ့စွဲပါ ကြေညာချက်တွင် -


(၁) ဒေါင်းဒင်္ဂါးများကို အထက်မြန်မာပြည် ငွေတိုက်များတွင် ၁၈၉ဝ ပြည့် မတ်လ ၃၁ ရက်နေ့အထိ အစိုးရအခွန် အကောက်များ ပေးသွင်းရာ၌သာ လက်ခံတော့မည်ဖြစ်ကြောင်း၊ အိန္ဒိယသုံးငွေများနှင့် လဲလှယ်ထုတ်ပေးတော့မည် မဟုတ်ကြောင်း၊

(၂) အောက်မြန်မာပြည်ရှိ အစိုးရငွေတိုက်များတွင် ၁၈၈၉ ခု ဇူလိုင်လ ၃၁ ရက်နေ့အထိသာ ဒေါင်းဒင်္ဂါးများအား အစိုးရကိစ္စများအတွက် ပေးသွင်းငွေအဖြစ် လက်ခံတော့မည်ဖြစ်ကြောင်း ထည့်သွင်းကြေညာသည်။

၁၈၉၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မြန်မာ့ဒေါင်းဒင်္ဂါးများ တရားဝင်ငွေ အဖြစ်မှ အပြီးတိုင် ရပ်စဲသွားလေသည်။
(ဒေါ်ကြန်၊ ပဒေသရာဇ် မြန်မာနိုင်ငံ၏ ဇာတ်သိမ်း၊ မြန်မာမင်း၏ လက်ငုတ်လက်ရင်းတို့ကို ဖျက်သိမ်းခြင်း။ စာ- ၁၂၇၊ ၁၂၉ )

လွတ်လပ်ရေးတိုက်ပွဲများမှာ နှလုံးရည်လည်း သုံးကြရတယ်၊ လက်ရုံးရည်လည်း သုံးကြရတယ်ဆိုတာ သမိုင်းကို
ပြန်ကြည့်ရင် ကောင်းကောင်း တွေ့နိုင်မြင်နိုင်ပါတယ်။ သီပေါမင်း ပါတော်မူ ပြီးတဲ့နောက် မငြိမ်မသက် ဖြစ်နေလို့ ဗြိတိသျှ အစိုးရဟာ ၇ နှစ်လောက် ကောင်းကောင်း အုပ်ချုပ်လို့ မရပါဘူး။

ဗမာတွေသာ မကဘူး၊ လက်နက်စွဲကိုင်ပြီး အင်္ဂလိပ် နယ်ချဲ့သမားတို့ ခုခံတိုက်ခိုက်တာဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဖြစ်ပါတယ်။ စနစ်တကျ စုပေါင်း တိုက်ခိုက်ကြတာတော့လည်း မဟုတ်ဘူး။ ကိုယ့်ဒေသနဲ့ကိုယ် “ကျွန်မခံဘူး” ဆိုပြီး ခုခံတိုက်ခိုက်ကြတာပဲ။

ဒီနောက်လည့် ဗန္ဒကရသေ့ ခေါင်းဆောင်တဲ့ တောင်သူလယ်သမားများ၊ မင်းလောင်း မောင်သန့်နဲ့ နယ်သူနယ်သားများ၊ ဆရာစံနဲ့ လယ်သမားများက စုပြီး ၁၂ ကြိမ်လောက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အမြင်နဲ့ကိုယ် ဗြိတိသျှ နယ်ချဲ့သမားကို ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ ခေတ်မီမီ အစီအစဉ်မျိုးနဲ့ တိုက်ခိုက်တာ မဟုတ်ပေမယ့် နယ်ချဲ့ ဆန့်ကျင်ရေး လွတ်လပ်ရေး တိုက်ပွဲတွေ ဆင်နွှဲတာတော့ အမှန်ပဲ။
(လူထုဦးလှရဲ့ မိတ်ဆက်။ ၁၃ဝဝ ပြည့် မန္တလေး အရေးတော်ပုံ။ ကျော်ဝင်းမောင်)

မြန်မာနိုင်ငံရှိ လူဦးရေ ၁ဝဝ လျှင် ၈၅ ဦးခန့်သည် လယ်ယာလုပ်ကိုင်သူများ သို့မဟုတ် လယ်ယာလုပ်ငန်းနှင့် ဆက်စပ် အသက်မွေးနေသူများသာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ်တွင် အဓိက တည်လျက်ရှိပေသည်။

ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက ဧကပေါင်း ၁၈ ၈၁၅ ဝဝဝ တွင် စိုက်ပျိုးခဲ့ကြသော်လည်း စစ်အပြီးတွင်မူ ယင်းဧရိယာ၏ သုံးပုံ နှစ်ပုံကျော် ဖြစ်သော မြေယာဧကပေါင်း ၁၂ ၅၁၈ ဝဝဝ တွင်သာ စိုက်ပျိုးနိုင်ခဲ့ပေသည်။ စပါးစိုက်သည့် ဧကမှာ ၁၉၄ဝ -၄၁ ခုနှစ်တွင် ဧရိယာ စုစုပေါင်း ၁၂ ၅၁၈ ဝဝဝ ဖြစ်ခဲ့သော်လည်း စစ်ကြီးပြီးစ ပထမနှစ် ဖြစ်သော ၁၉၄၅- ၄၆ ခုနှစ်တွင် ဧရိယာ စုစုပေါင်း ၆၆ ၄၂ ၉၅၉ မျှသာ စပါး စိုက်ပျိုးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဂျပန်ခေတ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း မည်မျှ ပျက်ပြားသွားသည်ကို ကောင်းစွာ သိရှိနိုင်ပေသည်။ (Department of Agricultural, Burma Rice, 1956, p-111)

စစ်ကြီးပြီးသည့်နောက် ဗြိတိသျှ အစိုးရတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ သီးစားအက်ဥပဒေနှင့် ၁၉၄၅ ခုနှစ် မြေယာပဋိပက္ခ အက်ဥပဒေများကို အရေးတကြီး ထုတ်ပြန်ဆောင်ရွက်လေသည်။ ထိုသို့ အရေးတကြီး စီမံရခြင်းအကြောင်းမှာ စစ်ကြီးပြီးစတွင် တကမ္ဘာလုံး စားနပ်ရိက္ခာ ရှားပါး၍ ဆန်စပါးဈေးများ အလွန် မြင့်တက်နေချိန်တွင် ရှေးက မြန်မာနိုင်ငံတွင် အမြတ်ထုတ်ခဲ့ကြသော ဗြိတိသျှ အရင်းရှင် ကုမ္ပဏီကြီးများ ဆန်စပါးကို အချိန်မီ ဝယ်ယူ၍ ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် အမြတ်ကြီးစွာ ရရှိစေရန် အဓိကဖြစ်ပေသည်။ ၁၉၄၅ ခုနှစ် အလယ်လောက်တွင် ဗြိတိသျှ စစ်အုပ်ချုပ်ရေးအဖွဲ့သည် တောင်သူလယ်သမားများအား ကောက်ပဲသီးနှံ အမျိုးစုံနိုင်သလောက် စုံအောင် စိုက်ပျိုးကြရန် တိုက်တွန်းနှိုးဆော်ခဲ့လေသည်။ ၁၉၄၅-၄၆ ခုနှစ်တွင် ဗြိတိသျှ အစိုးရတို့သည် တောင်သူလယ်သမားများအား လယ်လုပ်ကိရိယာများ၊ အဝတ်အစားများနှင့် အိမ်သုံးပစ္စည်းများကို အကြွေးရောင်းချခြင်းဖြင့် လယ်ယာတိုးချဲ့ စိုက်ပျိုးလာအောင် ပရိယာယ်အမျိုးမျိုးဖြင့် ကြိုးစားခဲ့လေသည်။ ယင်းတိုးချဲ့စိုက်ပျိုးသော မြေယာအတွက် တဧကလျှင် ဆုငွေ ၁၂ ကျပ် ချီးမြှင့်မည်ဖြစ်ကြောင်းလည်း ကြေညာသည်။ ၁၉၄၆-၄၇ ခုနှစ် ဧပြီလတွင် ဘဏ္ဍာတော် မင်းကြီးကိုယ်တိုင် ကျွဲ၊ နွား၊ မျိုးစပါးနှင့် လယ်ယာလုပ်ငန်းတွင် မရှိမဖြစ်သော ပစ္စည်းများကို ဝယ်ယူရန်အတွက် တောင်သူလယ်သမားများအား အမတော်ကြေးငွေများ အမြဲထုတ်ချေးရန် အမိန့်တရပ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြန်သည်။ ထို့နောက် ၁၉၄၇ ခုနှစ်တွင် လယ်ယာလုပ်ငန်းဆိုင်ရာ ကြွေးမြီများ ဆိုင်းငံ့ထားရေး အက်ဥပဒေ တရပ်ကိုလည်း ပြဋ္ဌာန်းခဲ့သေးသည်။ ထိုဥပဒေတွင် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မတိုင်မီက တင်ရှိသော လယ်ယာလုပ်ငန်းဆိုင်ရာ ကြွေးမြီများကို ၆ လ ဆိုင်းငံ့ထားကြောင်း ပါရှိလေသည်။

စစ်အတွင်းက ပျက်စီးခဲ့သော ဗြိတိသျှ ကုမ္ပဏီကြီးများအနေဖြင့် ဆန်စပါး လုပ်ငန်းပေါ်တွင် အခြေပြု၍ ပြန်လည် ထူထောင်နိုင်စေရန်နှင့် ကမ္ဘာ့ ရိက္ခာပြဿနာကို ဖြေရှင်းရင်း ဆက်လက်၍ အကြီးအကျယ် အမြတ်ထုတ်နိုင်စေရန် တဖက်က ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့အပြင် စစ်ပြီးပြီးချင်း ဗြိတိသျှ အစိုးရတို့က မြန်မာနိုင်ငံ
တောင်သူလယ်သမားများ လက်တွင် အများဆုံး ရောက်ရှိနေသော ဂျပန်ငွေစက္ကူများကို လုံးဝ တန်ဖိုးမရှိကြောင်း
ကြေညာလိုက်သဖြင့် တောင်သူ လယ်သမားထု တရပ်လုံး စားရမဲ့ သောက်ရမဲ့ ဘဝရောက်ခဲ့ကြခြင်း၊ ထိုကာလတွင် မြန်မာအစိုးရက ပြည်ပသို့ ဆန်အမြောက်အမြား တင်ပို့ခဲ့သဖြင့် ပြည်တွင်းဆန် မလုံမလောက်ဖြစ်၍ အငတ်ပြဿနာများ ပေါ်ခဲ့ခြင်း စသော အကြောင်းများကြောင့် မြန်မာတောင်သူလယ်သမားများမှာ စီးပွားရေး အလွန့်အလွန် ကျပ်တည်းလာသဖြင့် အချို့ဒေသများတွင် သူပုန်များပင် ထကြလေသည်။

ဆန်စပါးကို ဒုတိယ ကမ္ဘာစစ်ကြီး ပြီးစနှစ် ၁၉၄ဝ-၄၁ ခုနှစ်တွင် စိုက်ပျိုးလုပ်ကိုင်သည့် ဧရိယာ ဧကစုစုပေါင်း၏ တဝက်ကျော်မျှသာ စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ ၁၉၄၈-၄၉ ခုနှစ်တွင်မူကား ငါးပုံ လေးပုံအထိ တိုးတက် စိုက်ပျိုးနိုင်ခဲ့လေသည်။ စစ်ကြီး မဖြစ်ပွားမီ အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နောက်ထပ် ဧကပေါင်း ၂ ၇၂၂ ၁၉၄ တိုးချဲ့၍ စိုက်ပျိုးလုပ်ကိုင်ရန်သာ လိုလေသည်။ သို့မှသာ ဗြိတိသျှ အရင်းရှင်ကြီးများသည် ရှေးခေတ်ကကဲ့သို့
နိုင်ငံခြားသို့ ဆန်စပါး အမြောက်အမြား တင်ပို့၍ အမြတ်ထုတ်နိုင်ပေမည်။ ဤရည်ရွယ်ချက် ရှိနေသောကြောင့်
နိုင်ငံအစိုးရသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် -

(၁) တိုးချဲ့စိုက်ပျိုးရေးနှင့်
(၂) တဧကထွက် သီးနှံ ပိုမို ထွက်ရှိရေး - များကို အထူးပင် ကြိုးပမ်းအားထုတ်ခဲ့လေသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော ဗြိတိသျှ အစိုးရက လယ်ယာမြေ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အမျိုးမျိုး လုပ်ဆောင်ရာတွင် သီးစားအက်ဥပဒေတရပ် ပြဋ္ဌာန်းပေးလိုက်ခြင်းသည် ထူးခြားချက်တရပ်ပင် ဖြစ်သည်။ ကိုလိုနီ တခေတ်လုံးတွင် သီးစားခ သက်သာရေးကို ဘာတခုမျှ မဆောင်ရွက်ခဲ့သော ဗြိတိသျှ အစိုးရသည် ယခုမှ အဘယ်ကြောင့် သီးစားခ အက်ဥပဒေကို ပြဋ္ဌာန်းရလေသနည်း။ တောင်သူလယ်သမားများအား ညှာတာ
ထောက်ထား၍ ဥပဒေပြဋ္ဌာန်းပေးလိုက်ခြင်း မဟုတ်ပါ။ စစ်ကြီးအတွင်းက ဖရိုဖရဲ ပြိုကွဲလုနီးနီး ဖြစ်ပွားခဲ့သော
မြေရှင်စနစ်ကြီးကို အက်ဥပဒေဖြင့် ပြန်လည်တည့်မတ်ပေးခြင်းသာ ဖြစ်ပေသည်။ စစ်ကြီးအတွင်းက လယ်ယာ လုပ်ငန်း မကောင်းသဖြင့် သီးစားခ လုံးဝမရဘဲ ဖြစ်နေသော မြေရှင်များအား တရားဝင် သီးစားခပေးရန် ဥပဒေ
ပြဋ္ဌာန်းပေးလိုက်ခြင်းသာ ဖြစ်ပေသည်။ (လယ်ယာမြေ သမိုင်း အတွဲ ၂ စာ ၂ဝ)

လယ်ယာမြေ ၂ နှစ် စီမံကိန်း

၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဘုရင်ခံ၏ အမှုဆောင် ဝန်ကြီးများအဖွဲ့ခေါ် ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီးသည့်နောက် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဆိုရန်တိုဗီလာ Sorrento Villa အဆောက်အအုံ၌ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးလျက် မြန်မာနိုင်ငံ၏ စီးပွားရေး ကွန်ဖရင့်ကြီးကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းကွန်ဖရင့်တွင် စီးပွားတိုးတက်ရေး ၂ နှစ် စီမံကိန်းကို ချမှတ်ပြဋ္ဌာန်းခဲ့ရာ လယ်ယာမြေ တိုးချဲ့လုပ်ကိုင်ရေးနှင့် ပတ်သက်သော ၂ နှစ် စီမံကိန်းကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့လေသည်။ ထိုလယ်ယာမြေ စိုက်ပျိုးရေး ၂ နှစ် စီမံကိန်းမှာ စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီစွာ ရေးဆွဲထားသော စီမံကိန်းဟု ဆိုရပေမည်။ ယင်းစီမံကိန်းမှာ ရည်ရွယ်ချက် ၃ ချက်ရှိရာ ၎င်းတို့မှာ -

(၁) မြေပိုင်ရှင်စနစ်ကို ဖျက်၍ ကိုယ်ထိလက်ရောက် လုပ်သော တောင်သူလယ်သမားများအား လယ်ယာမြေများကို မျှတစွာ ဝေငှရန်နှင့် တောင်သူ လယ်သမားလက်မှ မြေပိုင်ရှင်လက်သို့ နောက်ထပ် လယ်မြေများ မရောက်စေရန်၊

(၂) မြန်မာနိုင်ငံ၌ လူဦးရေ အများဆုံးဖြစ်သည့် တောင်သူလယ်သမားများကို ကြီးပွားချမ်းသာစေရန်နှင့်
ခေတ်မီသော လောကဓာတ်ပညာနှင့် လယ်ယာစိုက်ပျိုး၍ ယင်းသို့ ရသင့်ရထိုက်သော စီးပွားရေး ဝေစုကို အကျိုးတူ ခံစားခွင့်ရရန် စပါးဈေးကို ”ငှက်ခါးပျံသလို ” နိမ့်ချည်မြင့်ချည် မကစားစေဘဲ တည်တံ့စွာ ရှိစေခြင်းဖြင့် ယင်းတို့အား အကျိုးခံစားစေရန်၊

(၃) စစ်မဖြစ်မီက မြန်မာနိုင်ငံမှ ထွက်သော ဆန်စပါး စံချိန်ကို အမီ မြန်နိုင်သမျှ မြန်အောင် ထွက်စေပြီးလျှင် အခြား ဆီ၊ ငရုတ်၊ ကြက်သွန် စသည့် ကောက်ပဲသီးနှံများကို နိုင်ငံသားများအဖို့ ဖူလုံနိုင်စေရန် စိုက်ပျိုးမည့် သီးနှံဇယားများကို
ရေးဆွဲချမှတ်ရန်၊ ဖြစ်ပါသည်။

(အပိုင်း - ၃) အား ဆက်လက်ထုတ်ပြန်ပါမည်။

No comments:

Post a Comment