Monday, July 25, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး (အပိုင်း - ၁ဝ)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း

မြေယာပြဿနာ။

နေဝင်းစစ်အုပ်စု အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်မှ ဦးသန်းရွှေ စစ်အုပ်စု ကာလအထိ နှစ်ပေါင်း (၁၉၆၂ -၂ဝဝ၈) ၄၆ နှစ်အတွင်း ပြန်ကြည့်လျှင်၊ လယ်သမားထုပေါ်မှ စစ်အုပ်စု သွေးစုပ်မှုကို ဆန်းစစ်လျှင် ၃ မျိုးပဲ ရှိသည်။
“ကုန်ထုတ်၊ လုပ်အား၊ ဘဏ္ဍာ” သုံးဘက်စလုံးပေါ်မှ တပြိုင်တည်း၊ တညီတညွတ်တည်း သွေးစုပ်နေခြင်း ဖြစ်သည်။ လယ်သမားထုကြီး တရပ်လုံး၏ ထွန်ယက်၊ ရိတ်သိမ်းပြီးသား ကုန်စည်များဖြစ်သည့် သီးနှံများ၊ လယ်ယာ ထွက်ကုန် ပစ္စည်းများပေါ်မှ သွေးစုတ်ခြင်း ဖြစ်သည်။ ထို့နောက် စစ်ကျွန်ဘဝသို့ တွန်းပို့ခံခဲ့ရသော လယ်သမားထုအား အဓမ္မ ကုန်ထုတ်လုပ်စေမှု အပါအဝင် အဓမ္မ လုပ်အားခိုင်းစေမှုများဖြင့် သွေးစုပ်အမြတ်ထုတ်ခြင်း ဖြစ်သည်။ ယင်းကို လုပ်အားပေါ်မှ သွေးစုပ်ခြင်းဟု ခေါ်ပေသည်။ ဘဏ္ဍာပေါ်မှ သွေးစုပ်ခြင်းမှာ အမတော်ကြေးဟုခေါ်သည့် စိုက်ပျိုးစရိတ် အပါအဝင်၊ လယ်ယာ ကုန်ထုတ်လုပ်မှု (ထွန်ယက်မှု) အတွက် ဓာတ်မြေသြဇာ၊ ရေပေးသွင်းခြင်း၊ လိုအပ်သည့် ကိရိယာများ ရောင်းချခြင်းတွင် ငွေပင်ငွေရင်း မြှုပ်နှံရသည်။

ထိုဘဏ္ဍာငွေပေါ်မှတဆင့် သွေးစုပ် အမြတ်ထုတ်ယူခြင်းတိုဖြစ်သည်။ အတိုးယူခြင်း (ဘဏ်တိုး)၊ ရေခွန်၊ မြေခွန်များ အဓမ္မ ကောက်ခံယူခြင်းများ ပါဝင်သည်။ ဤသို့အားဖြင့် ကုန်ထုတ်၊ လုပ်အား၊ ဘဏ္ဍာပေါ်မှ အမြတ်ထုတ်ခြင်းဖြစ်သည်။ စာရင်းချုပ်သောအခါ ထို ၃ မျိုး သွေးစုပ်ခြယ်လှယ် မူကြောင့် လယ်သမားများသည် ကြံကြိတ်ဖတ်ဖြစ်ခဲ့ရလေသည်။

လယ်သမားများမှာ လယ်ယာပိုင်ဆိုင်ခွင့်မရှိ။ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းချမှု၊ ကြိတ်ခွဲမှု၊ သယ်ယူမှု လုံးဝမရှိရဟူသော စစ်မိန့်၊ စစ်အာဏာအောက်တွင် လက်ဝါးကြီးအုပ်ကာ စိတ်တိုင်းကျ ခြယ်လှယ်သွေးစုပ်ခြင်းဖြစ်သည်။ စစ်အုပ်စုက သူတို့ကိုယ်သူတို့ နိုင်ငံတော်ဟု ကြေညာခဲ့သည်။ လယ်မြေယာမြေ အားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်သည်ဟု ကြေညာလိုက်သည်။ ထိုနည်းတူစွာ ကြိတ်ခွဲ၊ ရောင်းဝယ်၊ ဖြန့်ဖြူးတင်ပို့မှုတို့ကို ချုပ်ကိုင်ထားသည်။နိုင်ငံတော်၏ အဓိပ္ပာယ်မှာ လူ့အဖွဲ့အစည်းရှိ ကျယ်ဝန်းကျယ်ပြန့်သည့် အမျိုးသား ပြည်သူလူထု၏ စိတ်ဆန္ဒ သဘောထားအရ ဖွဲ့စည်းထားသည့် အစိုးရနှင့် လူ့အဖွဲ့အစည်းကို ရည်ညွှန်းပေသည်။ စစ်အုပ်စုက ”နိုင်ငံတော်” ဟူသော အဓိပ္ပာယ်ကို အလွဲသုံးစားပြုကာ ပုံမှားရိုက်၊ ရောကြော်လုပ်လိုက်ခြင်း ဖြစ်သည်။

စစ်အုပ်စုက လယ်လုပ်သည်မဟုတ်၊ ကောက်မစိုက်၊ လယ်မထွန်ပေ။ လယ်သမား ထွန်ယက်စိုက်ပျိုး ထုတ်လုပ် ထားသော ကောက်ပဲသီးနှံကိုသာ သိန်းပိုက်ရယူခြင်း ဖြစ်သည်။ တနည်းအားဖြင့် လယ်သမားက စစ်အုပ်စုကို လွတ်လပ်စွာ ရောင်းချခွင့်ရှိသည်။ သို့သော် အခြားသော ဝယ်ယူမည့် ကုန်သည်အား လွတ်လပ်စွာရောင်းချခွင့် မရှိပေ။ ထိုနည်းအတိုင်းပင် လယ်သမားသည် လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ခွင့် မရှိပေ။

ဦးနေဝင်းစစ်အုပ်စု ခေတ်ကာလတွင် စပါးတတင်း ၉ ကျပ်နှင့် လယ်သမားမိသားစု၏ စားဝတ်နေရေး အဆင်မပြေခဲ့ပေ။ ထို့ကြောင့် တတင်း ၁၁ဝ ကျပ် (၁၉၈၈) ရရှိသည့် နှမ်းကို စိုက်ပျိုးချင်ကြသည်။ ထိုနည်းတူစွာ ရေလွှမ်းသော မြေနိမ့်ဒေသ၌ လယ်မြေထဲတွင် ငါးမွေးချင်ကြသည်။ စပါးစိုက်သည်ထက် ငါးမွေးသည်က ပိုမို၍ အမြတ်အစွန်း ရရှိသည်။ သို့သော် လယ်သမားများမှာ မိမိအကျိုးစီးပွားအတွက် အဆင်ပြေမည့် အခြားသီးနှံစိုက်ပျိုးခွင့်၊ မွေးမြူခွင့် မရကြပေ။ လယ်သမား၏ အကျိုးစီးပွားနှင့် မိသားစု အဆင်ပြေရေးထက် စစ်အုပ်စုက သူ့အတွက် အဆင်ပြေရေးကိုသာ စိုက်ပျိုးစေခဲ့၊ ထွန်ယက်ထုတ်လုပ်စေခဲ့သည်။

သွေးစုပ်မှု ပြကွက် (၂)
(လယ်ယာမြေပေါ်မှ မြေခွန် ကောက်ယူခြင်း)

မဆလက လယ်ခွန်တော် ဟူသော ခေါင်းစဉ်ဖြင့် အမြတ်ထုတ် သွေးစုပ်ခြင်း ဖြစ်သည်။ တနှစ်ပြီးတနှစ် လယ်လုပ်ခွင့် ရရှိရန်အတွက် အခွန်တော် ပေးဆောင်ရခြင်း ဖြစ်သည်။ လယ်ခွန်ပေးရာတွင် မြေအတန်းအစား သတ်မှတ်ချက်ပေါ် မူတည်၍ ပေးဆောင်ရသည်။ ပထမတန်းစား လယ်အမျိုးအစားဖြစ်လျှင် တနှစ်ကို တဧကအတွက် ၆ ကျပ် လယ်ခွန်ပေးဆောင်ရသည်။ ဒုတိယတန်းစား မြေဖြစ်ပါက တနှစ်ကို တဧကအတွက် ၄ ကျပ်။ တတိယတန်းစား မြေအတွက် ၃ကျပ် ပေးဆောင်ရသည်။ မြေအမျိုးအစား သုံးမျိုးကို ခွဲခြားရာ၌ ကောက်ပဲသီးနှံ အထွက်များသည့်၊ အောင်မြင်မှု ရှိစေသည့် မြေအမျိုးအစားကို ပထမတန်းစားမြေဟူ၍ သတ်မှတ်သည်။ တဧကကို စပါးတင်း တင်း ၆ဝ နှင့်အထက် ထွက်ရှိသော လယ်မြေ အမျိုးအစား ဖြစ်သည်။ ၁၉၇၅ တွင် ”အထွက်တိုး စပါး” စီမံကိန်းကို စတင်သည်။ ”အထူးအထွက်တိုး” ဆိုပြီး နောက်ထပ် စီမံကိန်းတခုကို ချမှတ်ပြန်သည်။ ၁၉၇၇-၇၈ နှစ်ကာလ၊ အထွက်တိုးနှင့် အထူးအထွက်တိုး ပြဋ္ဌာန်းချမှတ်မှုကြောင့် လယ်သမား တို့သည် မနားမနေ စိုက်ပျိုးထွန်ယက်ပေးကြရသည်။ စစ်မိန့် စစ်အာဏာ အောက်တွင် လယ်သမားများမှ အကောင်အထည် ဖော်ပေးရခြင်း ဖြစ်သည်။ ထိုစဉ်က ဆိုခဲ့သည့် ပထမတန်းစား မြေသည် မူလက တဧက စပါးတင်း ၆ဝ ဝန်းကျင် ထွက်ရှိခဲ့ရာမှ စပါးတင်း ၈ဝ ဝန်းကျင်နှင့် ၈ဝ အထက်သို့ ထွက်ရှိခဲ့သည်။ ထိုမြေအမျိုးအစားကို ပထမတန်းစားမြေဟူ၍ သတ်မှတ်သည်။

ဒုတိယတန်းစားမြေကို သတ်မှတ်ရာ၌ တဧကကို စပါးတင်း ၄ဝ ဝန်းကျင်၊ တင်း ၄ဝ အထက် ထွက်ရှိသောမြေအမျိုးအစား ဖြစ်သည်။ တတိယတန်းစားမြေကို တဧက စပါးတင်း ၃ဝ ဝန်းကျင်နှင့် ၃ဝ အောက် ထွက်ရှိသောမြေအမျိုးအစား ဖြစ်သည်။ အထွက်တိုးနှင့် အထူးအထွက်တိုးအဖြစ် စိုက်ပျိုးရသည့် ခေတ်အခြေအနေတွင် ဒုတိယတန်းစားမြေသည်လည်း စပါးထွက် ပိုမိုကောင်းလာခဲ့သည်ဟု ယေဘုယျ ပြောနိုင်ပေလိမ့်မည်။ သို့သော် ပထမတန်းစား မြေအမျိုးအစားကိုတော့ ဘယ်လာလိုက်မီနိုင်ပါမည်နည်း။

တတိယတန်းစား မြေအမျိုးအစားမှာ ရေမြေသဘာဝကိုယ်က ပြုပြင်၍ မရနိုင်သော မြေအမျိုးအစားဟူ၍ အကြမ်းဖျဉ်း
ပြောနိုင်သည်။ သို့သော် သိပ္ပံနည်းဖြင့် မြေရိုင်းကို မြေယဉ်ဖြစ်စေရန် ပြုပြင်ပြောင်းလဲ၍ ရနိုင်သည့် ခေတ်သစ် အခြေအနေတွင် စရိတ်ကြီးမားမှု၊ အတတ်ပညာ သိပ္ပံနည်းချို့တဲ့မှုကြောင့် နှစ်ပေါင်းများစွာက အတိုင်းပင်မြေရိုင်းသည်လည်း မြေယဉ်ဖြစ်မလာခဲ့ပေ။ တတိယတန်းစားမြေကို မီခိုအားထားပြီး စိုက်ပျိုးထွန်ယက် စားသောက်ခဲ့ရသည့်၊ စားသောက်နေရသည့် လယ်သမားမိသားစုများမှာ နင်းပြားဘဝမှာပဲ လှောင်ပိတ်ခံနေရပြီး၊ နစ်မွန်းပြီးရင်း နစ်မွန်းရင်း မိအေးဆယ်ခါနာဘဝ ရောက်နေကြဆဲ ဖြစ်သည်။

ထိုမြေခွန် အမျိုးအစား ၃ မျိုး (ပထမတန်းစား ၆ ကျပ်၊ ဒုတိယတန်းစား ၄ ကျပ်၊ တတိယတန်းစား ၃ ကျပ်) ကို
ပျမ်းမျှ တွက်ချက်ပါက ၄ ကျပ်နှုန်း ကျနေပါသည်။ ဦးနေဝင်းစစ်အုပ်စုခေတ်တွင် လယ်သမားထုက စိုက်ပျိုး ထွန်ယက်ပေးရသည့် လယ်မြေဧကမှာ ၁၅ သန်းဟူ၍ သုတေသီများက ဖော်ပြကြသည်။ သို့သော် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးအရ ၁၂.၅ သန်းဟူ၍ သိရသည်။ ဧက ၁၂.၅ သန်းပေါ်မှာ တဧကလျှင် ပျမ်းမျှ ၄ ကျပ်နှုန်းဖြင့် လယ်ခွန်တော် (လယ်ယာမြေခွန်) ကို တွက်ချက်ပါက ၅၄ သန်း ရရှိသည်။

သို့ရာတွင် လယ်ယာမြေခွန်ကို ငွေကြေးနှုန်းထားဖြင့် ပေးဆောင်ရသည့် စနစ်ကို ပြောင်းလိုက်ကာ သီးနှံစပါးဖြင့်
ပေးဆောင်စေခဲ့သည်။ သူ့အတွက် ဘက်စုံတွက်ချက်ကာ ပို၍ အမြတ်အစွန်း ရရှိစေသည့် စနစ်ကို ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။ လယ်ယာခွန်မှာ တဧကလျှင် စပါး ၂ တင်း သတ်မှတ်ကာ လယ်ယာမြေခွန် ပေးဆောင်စေခဲ့သည်။ ဤသို့ သီးနှံစပါးပေးရသည့် မြေခွန်စနစ်ကို မည်သည့်ခုနှစ်တွင် ပေါ်လစီချမှတ်ခဲ့ကြောင်း စုံစမ်း စစ်ဆေးဆဲဖြစ်သည်။ ၁၉၈၆-၈၇ ဝန်းကျင်ကာလက ဖြစ်လိမ့်မည်ဟု ခန့်မှန်းတွက်ဆမိသည်။ မတိကျပါ။

သေချာသည့် အချက်မှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်မှ စတင်ခဲ့သည့် အရေးတော်ပုံကြီးထဲတွင် ရန်ကုန်တိုင်း အတွင်း မြို့နယ်အချို့မှ လယ်သမားထုသည် စပါးဖြင့်ပေးရသည့် မြေခွန်ကို ဆန့်ကျင်ခဲ့ကြသည်။ လယ်သမားထုက ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို အသီးသီး တောင်းဆိုတိုက်ပွဲဝင်ခဲ့ရာ လယ်ယာမြေခွန်ကို ယခင်အတိုင်း ငွေကြေးဖြင့်

ပေးခွင့် ပြုရမည်။သီးနှံစပါးဖြင့် လယ်ခွန်ပေးရသည့် စနစ်ကို ဖျက်သိမ်းပစ်ဖို့ တောင်းဆို တိုက်ပွဲဝင်ခဲ့ဖူးသည်။ ထိုကဲ့သို့ သီးနှံစပါးဖြင့် လယ်ခွန်၊ မြေခွန်ကို သတ်မှတ်ခဲ့သဖြင့် အုပ်စိုးသူ စစ်အုပ်စုသည် ပထမအချက် ဈေးနှိမ်၍
ပေးချေစရာမလိုဘဲ၊ ထုတ်လုပ်ပြီးသား စပါးကို လက်ထဲတွင် သိမ်းထားကာ မြတ်နိုင်သမျှ မြတ်အောင် လုပ်နိုင်သည်။
လယ်သမားထံမှ အခွန်ငွေ ငွေကြေးမှာ စပါးမှရရှိသော အမြတ်အစွန်းကို လိုက်မမီပေ။ ဒုတိယ အချက်မှာ နိုင်ငံခြားသို့ ရောင်းချမှု စပါးတန်ချိန်မှာ ပို၍ တိုးပွားဖွယ်ရာပဲ
ဖြစ်သည်။ လျှော့ကျ မသွားနိုင်၊ တတိယအချက်မှာ ပြည်တွင်းရိက္ခာကို ပို၍ ဖူလုံစေသည်။ နိုင်ငံရေးအမြတ် ပိုထုတ်နိုင်ခွင့် ရစေသည်။

လယ်သမားများဘက်က မည်သို့ဖြစ်မည်နည်း၊ သီချင်းတပုဒ်ထဲက စာသားအတိုင်း ”ဆုံးရှုံးခြင်းသာ ရင်မှာပိုက်၍ ငိုရှိုက်ကာပင်” ဆိုသကဲ့သို့ ဆုံးရှုံးသွားသည်။ လယ်သမားအနည်းစုမှာ မြေခွန်ကို စပါးဖြင့် ပေးဆောင်နိုင်သည့်တိုင် ဆင်းရဲမွဲပြာကျ လယ်သမားအများစုကြီးမှာ ဝမ်းစာထဲမှ ဖဲ့ပေးကြရသည်။ ဝမ်းစာ မလုံလောက်၊ ဝမ်းစာပုတ် ပျောက်ဆုံး
နေသည့် လယ်သမား၊ ကြွေးထူပြောသဖြင့် တလင်းကွက်ထဲတွင် ကောက်ရိုးနှင့် အမှော်ပုံပဲ ကျန်ခဲ့သည့် လယ်သမားထုမှာ ထိုမြေခွန်စပါးသည် တကယ့် ဝန်ထုတ်ဝန်ပိုး ဖြစ်သည်။ ကျိန်စာသင့်နေသည့် မြေခွန်ဖြစ်နေသည်။ ဆင်းရဲလယ်သမားမှာ ကြံဖန်ချေးငှား၊ ပေါင်နှံပြီး ရသည့် ငွေကလေးဖြင့် စပါးဝယ်ကာ မြေခွန်ပေးကြရသည်။ သို့ဖြစ်ရာ လယ်ယာမြေခွန်ကြောင့် ဆင်းရဲ လယ်သမားထုမှာ ပို၍ နစ်မွန်းခဲ့ရသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ ကျေးလက် မြေယာပြဿနာ သုတေသနမှ ၂ဝဝ၃ အောက်တိုဘာတွင် မြန်မာပြည်
မြေယာစနစ်နှင့် ပတ်သက်၍ ဆန်းစစ်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်၊ ဆန်းစစ်ချက်ထဲမှ
မြေယာပေါ်မှ သွေးစုပ်မှုနှင့် ပတ်သက်၍ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ ယနေ့ နအဖ ဖက်ဆစ်စစ်အုပ်စု၏ လယ်ယာမြေခွန်ကိုပါ သုံးသပ်ထားသည်ကို တွေ့ရပါလိမ့်မည်။

မြေယာပေါ်မှ သွေးစုပ်မှု ရှိနေလျှင် - ပဒေသရာဇ် သွေးစုပ်မှုလည်း ရှိနေသည်။ ပဒေသရာဇ် စနစ်တွင် မြေရှင်က လယ်သမားကို သွေးစုပ်သော သဏ္ဍာန်သည် သီးစားခသဏ္ဍာန် ဖြစ်သည်။ အလုပ်သီးစားခ၊ သီးနှံသီးစားခ၊ အသပြာ
သီးစားခ စသည့် သဏ္ဍာန်တို့သည် အစွန်းထွက် အလုပ် (သို့မဟုတ်) အစွန်းထွက် တန်ဖိုး၏ တခုတည်းသော အကျယ်အပြန့် ဖြစ်ပေါ်သည့် ဖြစ်ရိုးဖြစ်စဉ် သဏ္ဍာန်သာ ဖြစ်ပါသည်။ သို့ရာတွင် မြေရှင်စနစ် သွေးစုပ်မှု သဏ္ဍာန်သည် သီးစားခ စစ်စစ်သဏ္ဍာန် မဟုတ်သော အခြေအနေမျိုးများ ရောယှက်နေသည့် သဏ္ဍာန်အဖြစ်နှင့်လည်း ဖေါ်ပြသည်မျိုး ရှိပါသေးသည်။ နိုင်ငံတော် မြေရှင်က သွေးစုပ်သော သဏ္ဍာန်ဆိုလျှင် ပိုရက်စက်သည်။ ပိုရှုတ်ထွေးသည်။ လယ်သမားက နိုင်ငံတော်သို့ ပေးလိုက်ရသည့် သီးစားခသဏ္ဍာန်သည် အစွန်းထွက် တန်ဖိုး၏ ရိုးရိုးသဏ္ဍာန် မဟုတ်ဘဲ၊ အခွန်၊ အတိုး၊ ကုန်သွယ်ရေးအမြတ်တို့နှင့် ရောယှက်နေသည့် သီးစားခသဏ္ဍာန် ဖြစ်သည်ဟု မာ့က်စ်က အရင်းကျမ်းတွင် ရှင်းပြထားသည်။ (မှတ်ချက်။ ။ ဘာသာပြန် မဟုတ်ပါ။ ဆိုလိုရင်းသဘော ပြန်ရေးပြခြင်း ဖြစ်ပါသည်။)

နအဖ ခေတ် အစိုးရမြေရှင်ကြီး စနစ်သည် ဤအချက်နှင့် လုံးဝကိုက်ညီနေပါသည်။ အစိုးရက လယ်သမားအား တနှစ်တခါ သီးစားချပါသည်။ တနှစ်တခါ လယ်ယာမြေအတွက် လုပ်ပိုင်ခွင့် မှတ်ပုံတင်ရခြင်း၊ တနှစ်တခါ တာဝန်ကျေ စပါး ရောင်းချပေးရေးအတွက် စာချုပ်ချုပ်ဆိုရခြင်းတို့သည် သီးစားချထားခြင်း လုပ်ငန်းသဘောပင် ဖြစ်ပါသည်။

(က) လယ်ယာ မြေခွန်
မာ့က်စ် က “ နိုင်ငံတော်သို့ လယ်သမား ထမ်းဆောင်ရသည့် အခွန်တော်သည် သီးစားခနှင့် တထပ်တည်း ဖြစ်သည်။” ဟူ၍ ဆိုထားပါသည်။ နအဖ ခေတ် လယ်ခွန်မှာ - ကုန်ခွန် ၂ တင်း၊ ရေခွန် ၂ တင်း ဟူ၍ ဖြစ်ပါသည်။ နအဖ ခေတ်မှာ စပါးတတင်း၏ တန်ဖိုး တနှစ်ထက် တနှစ် မြင့်တက်လာနေသဖြင့် လယ်ခွန် ၂ တင်းကို ကျပ်ငွေတန်ဖိုးဖြင့် ပုံသေ ညီမျှခြင်းထုတ်၍ မဖြစ်ပါ။ ဥပမာ - စပါးတတင်း ကျပ်ငွေ ၅ဝဝ ဈေးပေါက်စဉ်က လယ်ခွန်မှာ ၁ဝဝဝ ကျပ်ဖြစ်ပြီး၊ စပါးတတင်း ကျပ်ငွေ ၆ဝဝ ဈေးပေါက်သည့် အချိန်တွင် လယ်ခွန်တန်ဖိုး ၁၂ဝဝ ကျပ် ဖြစ်ပါသည်။ ထို့ကြောင့် ကုန်းခွန် ၂ တင်းဆိုသည်ကို စပါး ၂ တင်းဟူ၍သာ ထားလိုက်ကြပါစို့။

နအဖ ခေတ် လယ်ယာမြေ အခွန်မှာ - လယ်ယာမြေအခွန် မြင့်မားစွာ ကောက်ယူခဲ့သည်ဟု ကျော်ကြားခဲ့သော ကိုလိုနီခေတ် လယ်ယာအခွန်နှင့် သိပ်မကွာလှပါ။ ကိုလိုနီခေတ် ၁၈၉၁ ခုနှစ်ကို ဥပမာအဖြစ် ပြပါမည်။ ၁၈၉၁ ခုနှစ်တွင် အခွန်တော်အမျိုးမျိုး စုစုပေါင်း ကောက်ခံရရှိငွေ ၄၈ ၆ဝဝ ဝဝဝ ကျပ် ဖြစ်ပါသည်။ ၎င်းကို ထိုစဉ်က ဗမာလူဦးရေနှင့် စားပါက လူတဦး စုစုပေါင်းပေးဆောင်ရသည့် အခွန်ငွေမှာ ၄ ကျပ် နီးနီးဖြစ်ပါသည်။ ၎င်း၏ တဝက်ကျော် ၂ ကျပ်မှာ လယ်ခွန်ပေးရငွေ ဖြစ်ပါသည်။ ၁၈၉၁ ခုနှစ်က စပါးတင်း တရာ ပေါက်ဈေးမှာ ၉၂ ကျပ်မှ နောက်ပိုင်း ၁၂၇ ကျပ် ဖြစ်ပါသည်။ စပါးတတင်းလျှင် ပျမ်းမျှ တကျပ်ပဲ ထားပါ။ ကိုလိုနီခေတ် လယ်ခွန်မှာ စပါး ၂ တင်း တန်ဖိုး၏ ပတ်ဝန်းကျင်မှာသာ ရှိသည်။ တခြားနှစ်များတွင်လည်း ဤအနေအထားနှင့် သိပ်မကွာလှပါ။ ထို့ကြောင့် နအဖသည် ကိုလိုနီခေတ်နှင့် တန်းတူ လယ်ခွန်ကောက်နေသည်ဟု ဆိုလျှင် အပြောလွန်ရာ ကျမည်မဟုတ်ပါ။

အပိုင်း ၁၁ - ဆက်လက်ထုတ်ပြန်ပါမည်။

No comments:

Post a Comment