Saturday, July 30, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး (အပိုင်း - ၁၂)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း

(၇) မြန်မာနိုင်ငံ လယ်သမားများနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေများ။

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များကို သမ္မတ စဝ်ရွှေသိုက်က တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကြေညာခဲ့ရာ ”တောင်သူလယ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် မြေပိုင်ရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်သန်သည်။ အလုပ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်သန်သည်။” ဟုပါရှိပါသည်။

ပထမဦးဆုံး ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဥပဒေနိဒါန်းတွင် ”လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသား ဖော်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန် စသည်တို့သို့ သွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသန ရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်မှု၊ အဆင့်အတန်း ညီမျှမှု၊ အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေ
အရာတွင် ညီမျှမှု တို့ကို နိုင်ငံသားအားလုံးတို့ ရရှိခံစားနိုင်စေခြင်းငှာ အခိုင်အမာ ခံဝန်ပြုရန် သန္နိဌာန်ချ၍၎င်း” ဟူ၍ ဖော်ပြပါသည်။

ဤအခြေခံဥပဒေ၏ အခန်း ၃ ။တောင်သူလယ်သမားများနှင့်အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန်ဝတ္တရား
များတွင် ပါရှိသော ”ပုဒ်မ (၃ဝ) ။ ။ (၁) နိုင်ငံတော်သည်မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။ (၂) ဤအခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ခွင့် စနစ်များကို စည်းမျဉ်းတကျ ဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း နိုင်ငံတော်၌ အခွင့်အရေး ရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကိုမဆို ပြန်လည်သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေး အတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေး အတွက် ဖြစ်စေ၊ လယ်သီးစားသမားများသို့ဖြစ်စေ၊ ဝေငှပေးရန် အခွင့်အရေးရှိရမည်။ (၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာအမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်မရှိစေရ။ တဦးတည်းပိုင်ဖြစ်သော မြေယာ၏ အများဆုံးမြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။”

ပုဒ်မ (၃၁)။ ။ စီးပွားရေး၌ သူတပါးကို နစ်နာစေ၍ ကိုယ်ကျိုးရှာခြင်းမှ ကာဆီးရေးအတွက်၊ မိမိတို့အချင်းချင်းပေါင်းသင်းဖွဲ့စည်းနိုင်ကြစေရန် အလုပ်သမားများအား နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်ဖြင့်၎င်း၊ အခြားဆောင်ရွက်ချက်များဖြင့်၎င်း ကူညီနိုင်သည်။

အလုပ်သမားများအား စည်းရုံးပိုင်ခွင့် ပေးစေရန်၎င်း၊ အလုပ်လုပ်သော အချိန်နာရီတို့ကို ကန့်သတ်စေရန်၎င်း၊ နှစ်စဉ် အားလပ်ရက်များ ရခွင့်ရှိအောင် စီမံစေရန်၎င်း၊ အလုပ်အကိုင်၏ အခြေအနေကို ကောင်းမွန်အောင် ပြုစေရန်၎င်း ရည်ရွယ်၍ နိုင်ငံတော်သည် ဥပဒေပြု ပေးခြင်းဖြင့် အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရမည်။ ထို့ပြင် အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း၊ နေခင်း ထိုင်ခင်းနှင့် ထောက်ပံ့မှု အာမခံစနစ်တို့အတွက် စီမံချက်များကို အားပေးခြင်းဖြင့်လည်း၊ ကာကွယ်စောင့်ရှောက်ရမည်။” ဟု ပါရှိပါသည်။

စီးပွားရေးဆိုင်ရာ အခွင့်အရေးများ။ ပုဒ်မ -၂၃ (၁) ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စီးပွားရေး ကိစ္စတွင် ပစ္စည်း ပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်လုပ်ကိုင် တီထွင်နိုင်ခွင့်တို့ ရှိရမည်ဟု နိုင်ငံတော်က အခိုင်အမာ ခံဝန်ပြုသည်။ (၂) ကိုယ်ပိုင်ပစ္စည်း အသုံးချနိုင်သော အခွင့်အရေးကို ပြည်သူ့အကျိုး ပျက်စီးအောင် မည်သူမျှ အသုံးမပြုရ။ (၃) ဈေးနှုန်းများကို ချုပ်ကိုင်ရန်သော်၎င်း၊ အရောင်းအဝယ်တို့ကို လက်ဝါးကြီးအုပ်ရန်သော်၎င်း၊ ဖွဲ့စည်းသော သို့တည်းမဟုတ် နိုင်ငံတော်၏ စီးပွားရေး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သော ကာတယ်အဖွဲ့များ၊ ဆင်ဒီကိတ်အဖွဲ့များ၊ ထရတ်အဖွဲ့များ အစရှိသော ကိုယ်ပိုင်လက်ဝါးကြီးအုပ် အဖွဲ့များ မရှိရ။ ဟု ပြဋ္ဌာန်းထားပါသည်။

နိုင်ငံတော်၏ ဝါဒ ရည်ညွန်းချက်မူများ၊ ပုဒ်မ - ၄၄ (၁) ပြည်သူသုံးလုပ်ငန်းများကို နိုင်ငံတော် အစိုးရ ကိုယ်တိုင်ကသော်၎င်း၊ ဒေသန္တရ အဖွဲ့များကသော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အစည်းအရုံးများကသော်၎င်း၊ တည်ထောင် လုပ်ကိုင်စေရန် နိုင်ငံတော်အစိုးရ၌ ဝါဒ ထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှုဆောင်ရွက်ရမည်။

(၂) ပြည်ထောင်စု နိုင်ငံတော်အတွင်းတွင် ဓနပစ္စည်းထွက်မည့် သဘာဝပင်ရင်း အခြေအမြစ်များကို နိုင်ငံတော်အစိုးရ ကိုယ်တိုင်က သော်၎င်း၊ ဒေသန္တရ အဖွဲ့များကသော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အစည်းအရုံးများကသော်၎င်း၊ လုပ်ကိုင်သုံးစွဲစေရန် နိုင်ငံတော် အစိုးရ၌ ဝါဒထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှုဆောင်ရွက်ရမည် ဟုလည်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄)” ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ် အက်ဥပဒေ ပုဒ်မ ၃ တွင် ”မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်းငှားအား -

(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထား လုပ်ကိုင်စေခြင်း မပြုရ။

(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက်ပိုသော တာဝန်ကို ချထားခြင်း မပြုရ။

ဤပုဒ်မ - ၄ တွင် (၁) (က) ကျီဝင် သူရင်းငှားတဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့အပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလ ပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်းငှားမှအပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာ အလုပ်သမားများ နေ့စား လယ်ယာအလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော်သမ္မတက ကျီဝင် သူရင်းငှားများ၏ နှုန်းနှင့် နိုင်းယှဉ်ပြီး သင့်တော်သည့် နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတက ပြုပြင်ပေးနိုင်သည်။” ဟု ဖော်ပြထားသည်။

အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆) ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင့်တင့်လျောက်ပတ်စွာနေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေ ပုဒ်မ (၂) (၁) တွင် ”အလုပ်သမားဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိညာဉ်ပြုလုပ်ခဲ့သူ သို့တည်းမဟုတ် ပဋိညာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။

(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ။

(ခ) အစိုးရဌာနကဖြစ်စေ၊ အစိုးရ ကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း မှတပါး အခြားကိစ္စအတွက် နိုင်ငံတော်အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့အပြင် -

(ဂ) ၁၉၄၈ ခုနှစ် လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကိုတောင်သူ လယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့လယ်ယာများ ရောက်နေခြင်းကြောင့်တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခကြီးလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာ မြောက်မြားစွာနှင့် တွေ့ကြုံရင်ဆိုင် ခဲ့ကြရသည်။ ထို့ကြောင့် ”လယ်လုပ်သူ လယ်ပိုင်ရမည်။” ဟူသော သဘောတရား ထွက်ပေါ်လာခဲ့သည်။ လယ်ယာမလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၈ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို လက်တွေ့ဆောင်ရွက်ရာ၌ ၁၉၅ဝ ခုနှစ်တွင် သန်လျင်မြို့၌ စတင်ကျင့်သုံးခဲ့ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရသော ချို့ယွင်းချက်များ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းချို့ယွင်းချက်များကို ပြုပြင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို အသစ်တဖန် ပြဋ္ဌာန်းခဲ့သည်။ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုလည်းပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံတွင် - (၁) ၁၉၃၉ ခုနှစ် သီးစားအက်ဥပဒေ (၂) ၁၉၄၆ ခုနှစ် သီးစားအက်ဥပဒေ (၃) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ (၄) ၁၉၅၃ ခုနှစ်သီးစားချထားရေး အက်ဥပဒေ ဟူ၍ သီးစားဥပဒေများပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံး တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေကို ပြီးပြည့်စုံပြီဟု မယူဆသည့်အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေများ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အမြား သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ “ဥပဒေနောက်ထပ် မတိုးလိုက်ပါနဲ့“ စာချိုးခဲ့သည့် စာဆိုကြီး အဖိုးသခင် ကိုယ်တော်မှိုင်းကို တိုင်တည်ရပါတော့မည်။ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီးက ”နိုင်ငံတော်လည်း ကျဆုံးခဲ့ပြီ အဖိုးရေ့” အော်ခဲ့သည်ကို ယနေ့တိုင် ကြားနေရပါသည်။ ဘာကြောင့်ပါလဲ။ နိုင်ငံ၏ ထမင်းရှင် လယ်သမားထုကြီးတရပ်လုံး လယ်မဲ့ယာမဲ့ ပစ္စည်းမဲ့ဘဝနှင့် အဆင်းရဲဆုံး နိုင်ငံဘဝ ကျရောက်သွားသောကြောင့် ဖြစ်ပါသည်။

အပိုင်း ၁၃ - ဆက်လက်တင်ပြပါမည်။



No comments:

Post a Comment