Friday, July 1, 2011

ဓာတုလက်နက်အသုံးပြုမှုကြောင့် ဒေသခံများကို ပြောင်းရွှေ့ခိုင်း

ဒီဗွီဘီ

မြန်မာ့တပ်မတော်ရဲ့ ရှမ်းပြည်နယ်အတွင်း ထိုးစစ်တွေမှာ ဓာတုလက်နက် အသုံးပြုမှု ရှိလာတာကြောင့် ဒေသခံပြည်သူတွေ မထိခိုက်ရအောင် ရှမ်းပြည်တပ်မတော်က ပြောင်းရွှေ့ဖို့ သတိပေး ပြောကြားထားပါတယ်။

ရှမ်းပြည်တပ်မတော် ၀မ်ဟိုင်းဌာနချုပ်တည်ရှိရာ မိုင်းရှူးမြို့နယ်ထဲကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တဲ့အခါ ဓာတုလက်နက်တွေ အသုံးပြုမယ်လို့ သတင်းတွေ ထွက်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိအောင် ပြောင်းရွှေ့ခိုင်းတာ ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော်ရဲ့ ဆက်သွယ်ရေး အရာရှိ ဗိုလ်မှူးကြီးပိုင်ဖက ခုလို ပြောပါတယ်။

“တပ်မတော်က ဓာတုဗေဒဆေး သုံးမယ်လို့ ကျနော်တို့ သတင်းရတော့ ကျနော်တို့ ပြည်သူတွေ ၀န်ထမ်းတွေကို ပြောင်းရွှေ့နေထိုင်ဖို့ အမိန့်ပေးလိုက်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို ထိလို့ရှိရင် တော်တော်ဒုက္ခရောက်မယ်။ ဒါကြောင့်မို့ အထိအခိုက် နည်းနိုင်သမျှ နည်းအောင် ကျနော်တို့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ ပြည်သူနဲ့ ၀န်ထမ်းတွေကို ဘေးလွတ်ရာမှာ ထွက်ခိုင်းထားပြီ။”

ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်ကို မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့ မတ်လက ထိုးစစ်ဆင်နေခဲ့ရာ ဇွန်လ ၃ ရက်နေ့က တန့်ယန်းနဲ့ မိုင်းရှူးမြို့နယ်ကြားမှာရှိတဲ့ ရှမ်းပြည်တပ်မတော် ၇ မိုင် တပ်စခန်း တိုက်ပွဲမှာ ရှမ်းတပ်သားအချို့ မူးဝေလဲကျသွားတာတွေ ရှိခဲ့တဲ့အတွက် အစိုးရတပ်ဘက်က ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ က တပ်မှူးက အတည်ပြုပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာလည်း ၀မ်ဟိုင်းအနီးတ၀ိုက်မှာ ဒေသခံတွေ မရှိသလောက် ဖြစ်ပြီး အခြားဒေသတွေကို ပြောင်းရွှေ့နေထိုင်နေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

အလားတူ သီပေါမြို့နယ် ဆိုင်ကျော့ဒေသမှာလည်း ရှမ်းတပ်မတော်ရဲ့ ကောင်းစ၀်မိုင်း ခြေကုပ်စခန်းကို အစိုးရတပ်က ၀င်သိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေကိုပါ မှားယွင်းပစ်ခတ်မှုတွေနဲ့ ရှမ်းတပ်မတော်ကလို့ စွပ်စွဲပြီး နှိပ်စက်တာတွေ ရှိနေတဲ့အတွက် အဲ့ဒီဒေသက ရွာ ၅ ရွာထက် မနည်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မတ်လကနေ ဇွန်လအထိ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ ချုံခိုတိုက်ပွဲ ပေါင်း အနည်းဆုံး ၈၀ ကျော် ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တပ်မတော်ဘက်က ခြေကုပ်စခန်း ၃ ခု လက်လွှတ်ခဲ့ရပါတယ်။

မနေ့ညနေ ၃ နာရီလောက်ကလည်း သီပေါမြို့နယ် မိုင်းလာ ကျေးရွာအုပ်စု ဟိုတွန်ရွာနားမှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ်ကို မသိရသေးဘူးလို့ အက်စ်အက်စ်အေ တပ်မှူးတယောက်က ပြောပါတယ်။

No comments:

Post a Comment