Monday, August 29, 2011

ရာဇဝင်ထဲက ဘုရင်မကို အကွက်ရွှေ့မှားသည့်အခါ

သွင်အောင်

ကျနော်တို့ငယ်ငယ်က မိုးဝေကဗျာခေတ်ဆိုတာ ရှိခဲ့ဖူးတယ်လို့ အသက်ကြီးလာတဲ့အခါ ပြန်ကြားခဲ့ဖူး ပါတယ်။ အဲဒီ မိုးဝေ ကဗျာခေတ် ဆိုပြီး မိုးဝေမဂ္ဂဇင်းမှာ ကဗျာဆရာတွေရေးခဲ့တဲ့ ကဗျာတွေက ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်တဲ့ သက်ရောက်မှုတွေနဲ့ ရေးခဲ့ကြတာလို့ဆိုပါတယ်။

အဲတုန်းက ကဗျာတပုဒ်ကို အဲဒီခေတ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့ဖူးတဲ့ နောင်တော် တယောက်ကပြန် ပြောပြလို့ သိခဲ့ပါတယ်။ အဲဒီကဗျာကတော့ ဆရာမောင်လေးအောင်ရဲ့ “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း” ပါပဲ။ ကဗျာကတော့ ၁၉၆ဝ ကျော် ၇ဝ ကာလများက ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ် စစ်ပွဲရဲ့ နောက်ခံ အကြောင်းအရာကို ကဗျာဆရာက စိတ်ကူးဉာဏ် ကွန့်ပြီးတော့ စပ်ထားခဲ့တာ ဖြစ်ပါတယ်။

နှစ်ပိုင်းကွဲနေတဲ့ ဗီယက်နမ်နိုင်ငံမှာ မြောက်ပိုင်းက ကွန်မြူနစ်နိုင်ငံ ဖြစ်နေပြီး၊ တောင်ပိုင်းကတော့ အမေရိကန်ရဲ့
ကျောကန်ပေးထားမှုနဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ နိုင်ငံဖြစ်နေတာပါ။ တနိုင်ငံလုံးကို ပေါင်းစည်းပြီး ကွန်မြူနစ်
နိုင်ငံတော် တည်ထောင်ဖို့ မြောက်ပိုင်းက ကြိုးစားလာတဲ့အခါမှာ အမေရိကန်တို့က ကွန်မြူနစ်ဝါဒ မပြန့်ပွားစေဖို့
တောင်ပိုင်းကနေကူတိုက်ဖို့ ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။

တောင်ဗီယက်နမ်က ပြည်သူတွေထဲမှာ မြောက်ဗီယက်နမ် ကို ထောက်ခံတဲ့ မြေအောက် တော်လှန်ရေးသမားတွေ ရှိနေ၊လှုပ်ရှားနေပြီ ဖြစ်ပေမယ့် တောင်ဗီယက်နမ် ပြည်သူ
တွေက တခဲနက်ထောက်ခံပြီး အစကထက် မြောက်ဗီယက်နမ် ရဲ့ ပေါင်းစည်းရေးလှုပ်ရှားမှုအတွက် ပိုမိုတက်ကြွစွာ လှုပ်ရှား လာစေခဲ့တဲ့ အဖြစ်အပျက်လေး တခုဟာ တောင်ဗီယက်နမ်ရဲ့ မြို့တော် ဆိုင်ဂုံမှာ ဖြစ်ပျက်ခဲ့ပါတယ်။

ကွန်မြူနစ်ဆန့်ကျင်ရေး မူဝါဒအရ အမေရိကန်ရဲ့ လွမ်းမိုးမှု ကိုခံနေရတဲ့ တောင်ဗီယက်နမ်က လူငယ် အချို့ဟာ အမေရိကန် လွှမ်းမိုးမှုအောက်က လွတ်မြောက်ပြီး ကွန်မြူနစ်ဝါဒကျင်သုံးတဲ့ ဗီယက်နမ်တနိုင်ငံတည်း ဖြစ်စေဖို့ ဗီယက်ကောင်း (Vietcong) လို့ခေါ်တဲ့ အမျိုးသား လွတ်မြောက်ရေး တပ်ဦးနဲ့ ဆက်သွယ်ပြီး မြေအောက် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

အဲဒီအထဲက လူငယ်တယောက်ဖြစ်တဲ့ ငုယင်ဗန်ထျွိင်းဟာ အသက် ၁၇ နှစ်သာရှိသေးပြီး သူဟာ တောင်ဗီယက်နမ်
ကို ၁၉၆၃ ခု မေလအတွင်း အလည်အပတ် လာရောက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်မဂ္ဂနာမာရား
ကို လုပ်ကြံဖို့ကြိုးစားမှုနဲ့ တောင်ဗီယက်နမ် အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ သူ့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

၁၉၆၄ ခုအောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ချီဟို (Chi Hoa) အကျဉ်းထောင်အတွင်း သတင်းထောက်များ
ရှေ့မှောက်မှာ သေနတ်နဲ့ပစ်သတ်ပြီး သူ့ကိုကွပ်မျက်ခဲ့ပါတယ်။ အခြားမြေအောက် တော်လှန်ရေးသမားတွေ
ကြောက်လန့်သွားအောင် သင်ခန်းစာပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းထောက်အများရှေ့မှာ ကွပ်မျက်ဖို့ အမေရိကန်ရဲ့ အကြံပေးချက်အရ တောင်ဗီယက်နမ်အစိုးရဟာ စဉ်းစားလုပ်ကိုင်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။

သူ့ပြည်သူတွေကို ဘယ်လောက်ချစ်ကြောင်း၊ သူ့တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်း သတင်းထောက်တွေ
ကို ရဲရဲဝံ့ဝံ့ အော်ပြောရင်း ကိုယ်ထဲကို သေနတ်ကျည်ဆန် ဖောက်ဝင်သွားတဲ့အချိန်မှာတောင် အဖ ဗီယက်နမ် နိင်ငံတော် အဓွန့်ရှည်ပါစေလို့ နောက်ဆုံးထွက်သက်အထိ ရဲရင့်စွာ ပြည်သူတွေအတွက် ကြွေးကြော်သွားခဲ့တဲ့ ငုယင်ဗန်ထျွိင်းဟာ အမေရိကန်နဲ့ တောင်ဗီယက်နမ် အစိုးရတို့ရဲ့ ရည်ရွယ်ချက်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်
စေခဲ့ပါဘူး။

သူ့ရဲ့ ရဲရင့်တဲ့ ရုပ်ပုံလွှာဟာ မြင်ရ၊ကြားရသူ တောင်ဗီယက်နမ် ပြည်သူတိုင်း၊ လူငယ်တိုင်းကို ဗီယက်နမ်
နိုင်ငံတော်အတွက် နိုးထဖို့ စေ့ဆော်ပေးနိုင်ခဲ့ပါပြီ။ အဲလိုနဲ့ တောင်ဗီယက်နမ်ပြည်သူတွေဟာ အမေရိကန်
ဆန့်ကျင်ရေး၊ ဗီယက်နမ်နိုင်ငံ တခုတည်း ထူထောင်ရေးတို့မှာ ရှေ့တန်းက စွန့်စွန့်စားစား တိုက်ပွဲဝင်လာခဲ့ကြပြီး
ကမ္ဘာ့ စူပါပါဝါ အမေရိကန်တပ်တွေ နောက်ဆုံးတော့ ဗီယက်နမ်ကနေ အကွဲကွဲ အပြဲပြဲ ပြန်ဆုတ်ပေးရတဲ့ အထိ
ဖြစ်ခဲ့ရပါတယ်။

အဲဒီအဖြစ်လေးကို ကဗျာဆရာမောင်လေးအောင် က “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း" ဆိုပြီး ကဗျာဉာဏ် ကွန့်မြူးလို့
ရေးခဲ့တဲ့ မိုးဝေခေတ် ကဗျာလေးတပုဒ်ကို ကျနော်သိခွင့်ရခဲ့တာပါ။

ဆရာမောင်လေးအောင်က အဲဒီ အချိန်က အမေရိကန်သမ္မတဖြစ်တဲ့ နစ်ဆင်ဟာ ငုယင်ဗန်ထျွိင်းရဲ့ ကိစ္စကို အခြား
တော်လှန်ရေးသမားတွေ ကြောက်သွားအောင် သတင်းသမားတွေရှေ့မှာ သင်ခန်းစာအဖြစ် ကွပ်မျက်ခိုင်းလိုက်တာ
ဟာ စစ်တုရင်ပွဲတခုမှာ အကွက်ရွှေ့မှားသွားတာမျိုးပဲဖြစ်ပြီး အဲဒါကြောင့်လဲ တပွဲလုံးရှုံးသွားရသလို စစ်ရှုံးသွားရတာ လို့ နှိုင်းယှဉ်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးရေးထားတဲ့ ကဗျာလေးပါ။

အချိန်တွေကြာလာတော့ အဲဒီကဗျာလေးကို မေ့တောင်နေပါပြီ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီလို အဖြစ်အပျက်လေးတခု အခုဖြစ်နေပြီလို့ ခံစားလိုက်ရလို့ ကဗျာလေးကို ကျနော်ပြန် အမှတ်ရ လာမိပါတယ်။

အခုတကြိမ် အကွက်ရွှေ့မှားသွားတာကတော့ မြန်မာပြည်က မျက်နှာဖုံး အမျိုးမျိုးပြောင်းတပ်နေတဲ့ စစ်ဗိုလ်ချုပ် တစုပဲ ဖြစ်ပါတယ်။ သူတို့ဟာ တော်ရုံ အကွက်မှားရွှေ့တာ မဟုတ်ပါဘူး။ တဘက်က ဘုရင်မကြီးကို အပိုင်ဆိုပြီး သွားချက်(Chess Mate) လိုက်ကာမှ ကိုယ့်ဘုရင်ကြီးကို အစားခံရမယ့်အကွက် (တခါတည်းရှုံး မယ့်အကွက်) ပွင့်ထွက် သွားရတာပါ။ တကွက်တည်းနဲ့ မဟုတ်တောင် နောက်နှစ်ကွက်၊ သုံးကွက်ထက် မပိုတော့ပါ။ ရှုံးကွက် ပွင့်သွားခဲ့ရပါပြီ။

သူတို့အပိုင်ဆိုပြီးသွား ချက်လိုက်တဲ့ ဘုရင်မကြီးကတော့မြန်မာပြည်က ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီမြစ်ကြီး ပဲ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီး မွေးဖွားရာ မြစ်ဆုံအရပ်မှာ ဆည်ကြီးဆောက်ပြီး လျှပ်စစ်ဓါတ်အားတွေထုတ်ဖို့ တရုတ်
နိုင်ငံနဲ့ သဘောတူခဲ့တာပါပဲ။ တကယ်တော့ အဲဒီလုပ်ရပ်ဟာ ရိုးရိုးအမှားတခုတင် မဟုတ်ပါဘူး။

အမေရိကန် နိုင်ငံသားတွေဟာ မစ္စစပီမြစ်ကြီးအတွက် ဂုဏ်ယူကြပါတယ်။ အီဂျစ်တွေကလဲ နိုင်းလ် မြစ်ကြီး
ကြောင့် ဂုဏ်ယူပါတယ်။ တရုတ်ပြည်သားတွေကလဲ ယန်စီမြစ်ကြီးကြောင့်ပေါ့။ နိုင်ငံသားတိုင်းဟာ သူတို့
နိုင်ငံတွေရဲ့ အဓိက မြစ်ကြီးတွေကြောင့် ဂုဏ်ယူ ဝင့်ကြွား ကြပါတယ်။ ကိုရီးယားသားတွေကလဲ ဟန်မြစ်ကြီးပေါ့။
မြစ်ကြီးတွေနဲ့ ပတ်သက်ပြီး အိပ်ရာဝင်ပုံပြင်တွေလဲ အများကြီး မွေးဖွားခဲ့ကြပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု တခု အနေနဲ့လည်း တန်ဖိုးထားကြပါတယ်။

ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကိုပြညွှန်းနေရာ သက်ရှိပြတိုက်ကြီး တခုပါပဲ။ ဧရာဝတီမြစ်ဟာ
မြန်မာပြည်ရဲ့ အသက်သွေးကြော ဆိုတာကိုလဲ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးတဲ့သူတိုင်း သိကြပါတယ်။
မြစ်ကြီးကိုမှီပြီး ရေလုပ်ငန်း လုပ်ကိုင် စားသောက်နေကြရတယ်။ လယ်ယာ စိုက်ပျိုး လုပ်ကိုင်နေကြရတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ ဖြောင့်ဖြူးနေကြရတယ်။သဘာဝပတ်ဝန်းကျင် စိမ်းလန်းနေကြရတယ်။ ရာသီဥတုတွေ မှန်ကန်နေကြရတယ်။ ပတ်ဝန်းကျင်ဂေဟ စနစ်တွေ မျှတနေရတယ်။ တိရစ္ဆာန်မျိုးစိတ်တွေ ရှင်သန်နေကြရတယ်။

မြစ်ဆုံဆိုတာ အားလုံးသိကြတဲ့အတိုင်း မေခနဲ့မလိခ မြစ်နှစ်သွယ်ပေါင်းပြီး ဧရာဝတီမြစ်ဆိုတာ စတင်ဖြစ်ပေါ်ရတဲ့
နေရာပါ။ အဲဒီ ဧရာဝတီမြစ်ကြီးကြောင့်လည်း အထက်ကပြောခဲ့သလို အကျိုးကျေးဇူးတွေရနေ ကြရတာပါ။ မြစ်ဆုံမှာ အခုတော့ စင်္ကာပူနိုင်ငံ အကျယ်အဝန်းထက် ကြီးတဲ့ဆည်ကြီးတခု ဆောက်တော့မယ်လို့ စစ်အုပ်စုက လုပ်နေကြပါပြီ။ အဲ့လိုလုပ်လို့ ပြည်သူတွေဘာဖြစ်မလဲ တချက်ကြည့်ကြည့်ရအောင်။

အရင်ဆုံးတော့ ဆည်ဆောက်မယ်ဆိုတဲ့ နေရာကကျေးရွာပေါင်း ၅ဝ နီးပါးနဲ့ ကျေးရွာနေလူထု ၂ သောင်းကျော်က သူတို့မွေးရပ်နေရာဒေသတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းပေးကြရမှာပါ။ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့နေရာတွေကို ရုတ်တရက်စွန့်ခွာပြီး နေရာစိမ်းမှာ ဘဝတခုကိုချက်ချင်း တည်ဆောက်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ဒါက ပထမဆုံး ဒုက္ခရောက်ကြရမယ့် ဘဝတွေပါ။

နောက်တခုကတော့ မြစ်ကြောင်းတလျှောက်က လူထုရဲ့ကံကြမ္မာပါပဲ။ ဆည်ကြီးက ရေတွေကိုထိန်း လိုက်ပြီဆိုတော့
မြစ်ရဲ့ရေစီးရေလာက ဆည်ကြီးက ရေလွတ်ပေးမှုပေါ်ကိုပဲ တည်သွားမှာပါ။ အဲ့တော့ တခါတလေရေစီးမယ်။ တခါတလေ ရေမရှိဘဲနေမယ်။ တခါတလေ ရေတွေတလဟောထိုးစီးမယ်။ စီးလာမယ့်ရေက ဆည်ထဲကလှောင်ရေ
တွေမို့ သန့်ရှင်းမှာ မဟုတ်ပါ။

အဲ့တော့ ရေကြောင်းသွားလာရေးပျက်မယ်။ ရေတွေကြီးမယ်။ မြစ်ကိုမှီပြီးနေတဲ့ တိရစ္ဆာန်တွေ သေကြေမယ်။ ရေလုပ်ငန်း လုပ်နေတဲ့သူတွေ ထမင်းငတ်မယ်။ မြစ်ထဲမှာ ရေမရှိလို့
မြစ်ဝကျွန်းပေါ်မှာ ပင်လယ်ရေတွေ ဝင်လာမယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်ကုန်မယ်။ ရောဂါဘယတွေ ထူပြောမယ်။
မြစ်ရေနဲ့ပေါက်တဲ့ ဒီရေတောတွေ သေမယ်။ မြစ်ကိုမှီနေရတဲ့ သစ်တောတွေ သေကြေမယ်။ ရာသီဥတုဖောက်ပြန်မယ်။
နောက်ထပ် "နာဂစ်"တွေ အများကြီး ရောက်လာဦးမယ်။

အဓိက,ကတော့ မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို ရင်ထဲ
က ဆွဲထုတ်သွားတာပါပဲ။ ဒီလိုတွေ ဖြစ်လာရင်တော့ နိင်ငံ ဂုဏ်ဆောင်မြစ်ကြီး ကောရတော့မှာပါ။ သေဆုံးရတော့မှာ
ပါ။ မြစ်ကြီးနဲ့အတူ မွေးဖွားလာတဲ့ ဧရာဝတီ ပုံပြင်တွေ၊ သီချင်းတွေ၊ ကဗျာတွေဟာ မြစ်ကြီးနဲ့ အတူ သေဆုံး သွားရတော့မှာပါ။

ဒီနေရာမှာ တချိန်ကတော့ ဧရာဝတီဆိုတဲ့ မြစ်ကြီးတစင်း ရှိခဲ့ဖူးတယ်ပြောတာပဲ ဆိုတဲ့ စကားလေးပဲ ကျန်ခဲ့တော့
မှာပါ။ ဘဝတွေ၊ အသက်တွေ၊ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားရတော့မှာပါ။ တိုင်းပြည်ရဲ့ စပါးကျီကို တွန်းလှဲ ခံကြရတော့မှာပါ။ မြန်မာပြည်သားတွေ ဂုဏ်ယူခဲ့ရတဲ့ ယဉ်ကျေးမှုကို ကွပ်မျက်ပစ်ကြတော့မှာပါ။ ဧရာဝတီ
သေဆုံးရတော့မှာပါ။

စစ်အုပ်စုက အဲဒီမြစ်ကြီး မွေးဖွားရာအရပ်မှာ မြစ်ကိုသင်းသတ်ဖို့ ကြံနေကြပါပြီ။ အဲဒီဆည်ကရမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း တရုတ်ပြည်ကိုပဲ တင်ပို့ရောင်းချမှာပါ။ ရရှိမယ့်အကျိုးဆက် ဓါတ်အားတွေက မြန်မာပြည်သူတွေ အတွက်
ဖြစ်ဦး၊ ဒီလိုကိုယ့်အိမ်ခေါင် ကိုယ်မီးနဲ့ရှို့မယ့် အလုပ်ကိုတော့ ဘယ်သူမှ အားပေးမှာမဟုတ်။ အခုတော့ ရရှိမယ့် အကျိုးရလဒ်ကလည်း သူများဆီသွားဦးမည်တဲ့။ ဗိုလ်ချုပ်တွေ အိတ်ထဲတော့ မြိုးမြိုးမျက်မျက် ဝင်မှာပေါ့။ ဒီကိစ္စကို စစ်အုပ်စုက အပိုင်ဆိုပြီး လုပ်နေကြပြီ။

အပိုင်တွက် လုပ်ပေမယ့် သူတို့ရှုံးရတော့မှာကို တဘက်က ထင်ရှားစွာပြနေလေပြီ။ ပြည်သူက ငြိမ်မနေတော့။ တခြားဟာဆို ကြောက်လို့ပဲဖြစ်ဖြစ်၊ စိတ်ကုန်လွန်းနေလို့ပဲဖြစ်ဖြစ် ရေငုံနေ၊ မျက်စိပိတ်နေချင်နေကြမည်။ ဒါကို
တော့ ဆွံအမနေကြတော့။ အသံတွေက ကျယ်လောင်လာကြပြီ။ ဆင်းရဲသည့်ဒါဏ်ကို ခါးစည်းခံနေကြရပေမယ့် အတတ်နိုင်ဆုံး ငြိမ်နေခဲ့ကြသည်။

စစ်ဘေးစစ်ဒါဏ်တွေကို ဆိုးရွားစွာ ခံနေကြရပေမယ့် ဥပက္ခာ ထား၍ ခေါင်းငုံ့နေခဲ့ကြသည်။ ချစ်သောသူများ ကြက်ကလေး၊ ငှက်ကလေးလို သေကြေ နေကြရသည်ကို မျက်ရည်ဝဲလျက် အံကြိတ်ခံနေခဲ့ကြသည်။ ယခုကတော့ နောက်ဆုံးခံတပ်ကို
ထိပါးလာနေသည်ကို အားလုံးခံစားအသိနှင့် သိနေကြပါပြီ။ ဒုက္ခတွင်းထဲ တွန်းချထားရုံ အားမရသေးဘဲ တသက်လုံးပြန် မတက်နိုင်အောင် လုပ်နေသည်ကို ငြိမ်နေ၍ မရတော့မှန်း သိနေကြပါပြီ။ လူကိုဒုက္ခပေးယုံနဲ့ အားမရဘဲ ရင်ဘတ်ထဲ
အထိ ဒုက္ခပေးရန်လုပ်နေကြတာကို မြင်နေကြပြီ။ အလွှာစုံက တုံ့ပြန်ကြတော့မယ်။

ပြည်သူတွေ လုပ်သင့်တာကို လုပ်နေကြပါပြီ။ တရုတ်နိုင်ငံကိုယ်တိုင်ပင် ဧရာဝတီမြစ်ဆုံဆည် ဆောက်ရန်ကိစ္စကို ပြည်သူတွေ ဤမျှလောက် အသံထွက်၍ ကန့်ကွက်လာလိမ့်မည် မထင်ခဲ့။ ယခုမျက်မြင်တွေ့ရချိန်တွင် အံအား သင့်သွားကြလေပြီ။ ဧရာဝတီကို အကြောင်းပြု၍ ပြည်သူတွေ မိမိတို့မှာရှိနေတဲ့ မေ့လျော့နေကြတဲ့ အားတွေကို
ပြန်လည် အမှတ်ရ၊ သိရှိခံစားမိလာကြပါတော့မယ်။

၁၉၈၈ တုန်းက ပြည်သူ့အင်အားတွေ၊ အစွန်းကုန် ရက်စက်တဲ့ အာဏာရှင်တွေကို ရော်ဝါရွက်ခြွေသလို ခြွေပစ်ခဲ့တဲ့ မိမိတို့အားတွေ အပြည့်ရှိနေသေးတာကို ဉာဏ် အလင်းရသလို သိရှိလာကြတော့မယ်။ ဒါဆိုလျှင် ဧရာဝတီကိုရေမစီးနိုင်အောင် လုပ်နေသူတွေကို ဧရာဝတီရေစီးတွင် မျှောပစ်နိုင်ရန် မဝေးတော့ပါပြီ။ ပြည်သူများမှ မိမိတို့အားကို မိမိတို့ ယုံယုံကြည်ကြည်နှင့် နောက်အကွက်များ ဆက်ရွှေ့ရန်သာ လိုပါတော့တယ်။ စစ်အုပ်စု၏ အကွက်ရွှေ့ အမှားကား စစ်အာဏာရှင်တို့၏ နေ့ရက်များကို ကုန်ဆုံးစေတော့မည်မှာ အမှန်မလွဲပင် ဖြစ်နေပါပြီဟု လေးစားစွာ တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment