Saturday, August 27, 2011

ကုလားထိုင် အကျိုးမျှော်၍ … နှိုးဆော်တိုက်တွန်း

ရန်ကုန်သားတာတေ

အစိတ်သား အစိုးရ၏ ပထမဆုံး လွှတ်တော်ကြီးကို ခမ်းခမ်း နားနား ကျင်းပ နေချိန်တွင် ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုး တို့လည်း ခန်းမထဲ ရောက်နေ ကြသည်။ ဖိုးရှုပ်က သတင်းထောက် အဖြစ် လွှတ်တော် တက်ခွင့် ရထားပြီး ကြွက်စုတ်က လောလောဆယ် သမ္မတကြီး သဘောကောင်း ချင်ယောင် ဆောင်နေ သည်ကို အခွင့်ကောင်း ယူကာ သတင်း မထောက် တထောက် အဖြစ် ရောကော သောကော ရောက်နေ ခြင်းဖြစ်သည်။

ဦးရုက္ခစိုးကတော့ လွှတ်တော်ကြီး၏ အောင်မြင်မှုကို ပြသချင်လှသည် ဆိုသည့်အတွက် သမ္မတကြီးက ဖိတ်ကြားသဖြင့် အထူးဧည့်သည်တော် အဖြစ် ရောက်နေခြင်းပင်။

ကြွက်စုတ်။ ။ ဖိုးရှုပ် … လွှတ်တော်ထဲ ရောက်တုန်း ငါ့ကို ဓာတ်ပုံတပုံလောက် အမှတ်တရ ရိုက်ပေးစမ်းပါကွာ။

ဖိုးရှုပ်။ ။ အာ … အရေးထဲ မင်းကတမျိုး။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ လွှတ်တော်ထဲမှာ ပြောဆို ဆွေးနွေး နေတာကို ရိုက်ရမှာလေ။

ကြွက်စုတ်။ ။ ဝန်ကြီးတွေက နေ့လယ်က ကျွေးတာ ဗိုက်ကားအောင်စားထားလို့ အိပ်ငိုက်နေတာ …။ မင်း သူတို့ကို ဓာတ်ပုံသွားရိုက်ရင် လွှတ်တော်ကို သိက္ခာချမှုနဲ့ ကွိသွားမယ်။ ငါ့ကိုပဲ ရိုက်စမ်းပါကွာ။

ကြွက်စုတ်က “အောက်လွှတ်တော်” ဆိုသည့် ဆိုင်းဘုတ်ရှေ့တွင် ငါးခူပြုံးကလေး ပြုံး၍ ရပ်သည်။

ဖိုးရှုပ်။ ။ မင်းက ဘယ်လိုဖြစ်နေတာလဲ။ မင်းကိုယ်မင်း မင်းသား မှတ်နေလား။

ကြွက်စုတ်။ ။ ဟ … အခုဟာက သမ္မတကြီး သဘောကောင်းချိန်မို့လို့ လွှတ်တော်ထဲဝင် သတင်းဝင်ယူခွင့်ရတာ။ မင်း သတင်းထောက် လုပ်နေပြီး အစိတ်သားနိုင်ငံရေးကို ခုထိ နားမလည်သေးဘူးလား။ အချိန်မရွေး သတင်းမယူရ ဖြစ်သွား နိုင်တယ်။ အဲဒီတော့ ကြွက်စုတ်တယောက် လွှတ်တော်ထဲမှာ သတင်းယူဖူးတယ် ဆိုတာလေး အမှတ်တရ ကျန်အောင် လုပ်စမ်းပါကွာ။

ရုက္ခစိုး။ ။ ကဲ ဖိုးရှုပ်ရာ။ မင်းကလည်း အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်းပါတယ်။ ရိုက်ပေးလိုက်စမ်းပါ။

ဖိုးရှုပ်က ကြွက်စုတ် စိတ်ချမ်းသာစေရန် တပုံရိုက်ပေးလိုက်သည်။ ထိုစဉ် သမ္မတကြီး ဦးသိန်းဂိန် သူတို့နားသို့ လျှောက်လာသည်။ မျက်နှာကလည်း ပုရွက်ဆိတ်နှင့်ယင်ကောင်များ နားလောက်အောင် ချိုမြနေ၏။

သိန်းဂိန်။ ။ ဘယ်လိုလဲ ဦးရုက္ခစိုး အဆင်ပြေရဲ့နော်။

ရုက္ခစိုး။ ။ ပြေလွန်းလို့ ဟိုဘက်ကမ်းတောင် ရောက်နေပါတယ်ဗျာ။ ဦးသိန်းဂိန်ကြည့်ရတာလည်း တော်တော် ပျော်နေပုံ ရတယ်။

သိန်းဂိန်။ ။ ပျော်တာပေါ့ ဦးရုက္ခစိုးရယ်။ ပြည်သူလူထုအတွက် အလုပ်လုပ်နေရတယ် ဆိုတဲ့ စိတ်တခုနဲ့တင် ကျနော် ပျော်လှပါပြီ။ ပြည်သူလူထုကလည်း ကျနော်တို့ အစိတ်သားအစိုးရကို အရမ်းအရမ်းကို ချစ်ခင်ကြည်ညိုပြီး တခဲနက် ထောက်ခံ အားပေးတာကလား။

ဖိုးရှုပ်။ ။ ဒီစကား ကြားဖူးသလိုပဲနော်။ ဘယ်သူ ပြောခဲ့တာပါလိမ့်။

သိန်းဂိန်။ ။ ကိုကြီး ဂဒါဖီလေ။ သူသင်ပေးလိုက်တာ။ သူက ပြောတယ်၊ သိန်းဂိန် လူကလေး … မိန့်ခွန်းပြောတဲ့နေရာမှာ ပြည်သူလူထု ဆိုတာကို မကြာခဏပါအောင်ပြောရမယ်တဲ့ဗျ။

ထိုစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေပန်း သူတို့နားသို့ လျှောက်လာကာ သွား ၃၂ ချောင်းလုံး ပေါ်အောင် ပြုံးရင်း “လူ့အခွင့်အရေး ကိစ္စကို အလေးပေးပြီး လုပ်ဆောင်ရမယ်ဗျ။ လူ့အခွင့်အရေး ကိစ္စက သိပ်ကို အရေးကြီးတယ်” ဟု ပြောလိုက်သည်။

သိန်းဂိန်။ ။ ဒါတင် ဘယ်ကမလဲ ဥက္ကဋ္ဌကြီးရယ် ...။ ပြည်သူလူထုအကျိုးကို ရှေ့တန်းတင် ဦးစားပေး ဆောင်ရွက်ရင်း ပြည်သူလူထုက တခဲနက်တင်မြှောက်တဲ့ ပြည်သူ့ အစိတ်သားအစိုးရအဖြစ် ကမ္ဘာမှာ ရှေ့ဆုံးက ပြေးအောင် ပြည်သူလူထု အတွက် လုပ်ရမှာတွေ အများကြီးရှိသေးတယ် မဟုတ်လား။

သမ္မတကြီးက ပြောနေစဉ် ကြွက်စုတ်က ကင်မရာတလုံးဖြင့် လွှတ်တော်အတွင်း တွေ့ရာမြင်ရာများကို လိုက်ရိုက်နေသည်။

ရုက္ခစိုး။ ။ နားထောင်လို့တော့ တော်တော်ကောင်းတာပဲနော်။

သိန်းဂိန်။ ။ ဒါတွေ ပြောတတ်အောင် တော်တော် ကျင့်ထားရတာဗျ။ အခုဆိုရင် စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာ ကဏ္ဍကို ကျနော်တို့ ဘယ်လောက်ထိ ဦးစားပေးနေသလဲ ဆိုရင် ….။

သမ္မတကြီးစကား မဆုံးခင် “ဟေ့ … ဟေ့ … ရပ်။ ဘာတွေ လျှောက်ရိုက်နေတာလဲ။ မင်းတို့ သတင်းထောက်တွေ အတင့်ရဲ လှချည်လား။ လွှတ်တော်ကိုသိက္ခာချရင် ဘယ်ဥပဒေနဲ့ ငြိမယ်ဆိုတာ သိလား။ အီလက်ထရောနစ် ဥပဒေ ဆိုတာ ကြားဖူးလား” ဆိုသည့် အသံကို ကြားလိုက်သဖြင့် အားလုံးလှည့်ကြည့်လိုက်ရာ ဝန်ကြီး ဦးဆော်ကြမ်းက ကြွက်စုတ် ဓာတ်ပုံရိုက် နေသည်ကို ကြိမ်းမောင်းနေခြင်း ဖြစ်သည်။

သိန်းဂိန်။ ။ နေစမ်းပါဦး ဦးဆော်ကြမ်းရယ်။ ခင်ဗျားကလည်း အရမ်းအရမ်းချည်းပဲ။ ကျုပ်ကလက်နဲ့ရေးတာကို ခင်ဗျားက ခြေနဲ့ ဖျက်ချင်နေတာလား။

ဦးသိန်းဂိန်က မာန်လိုက်ရာ ဦးဆော်ကြမ်း ငိုမဲ့ငိုမဲ့ဖြစ်သွားပြီး “တူညားကိုပဲ ငေါက်နေကြတာပဲ။ နိုင်ငံတော် သိက္ခာမကျဖို့ ဒီက မီဒီယာကို မီဒီယာနဲ့ တိုက်မလို့ဟာ” ဟု ပြောကာ ခြေဆောင့်၍ သူ့သတင်းစာများထဲတွင် မထည့်ရတော့သည့် “ဟိုမီဒီယာ လိမ်နေသည်၊ ဒီမီဒီယာ ညာနေသည်” ဆိုသော ဆောင်ပုဒ်များကို တတွတ်တွတ်ရွတ်ကာ ထိုနေရာမှ ထွက်သွားသည်။

ရွှေပန်း။ ။ ကိုဆော်ကြမ်းက တိုက်မယ်ဆိုတာချည်းပဲ။ တိုက်ချင်ရင် လွှတ်တော်ကြမ်းပြင်ကိုသာ ပြောင်အောင် တိုက်ခိုင်း လိုက်ဗျာ။ အခုက တိုက်ရမယ့်အချိန်မဟုတ်ဘူး ဆိုတာ သူ နားမလည်ဘူး။

ဖိုးရှုပ်။ ။ ဦးဆော်ကြမ်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီးနဲ့ လာတွေ့တာကိုလည်း သိပ်ကြည်ပုံမရဘူးနော်။

သိန်းဂိန်။ ။ ဟာ … ဒီဂျပုကို ခေါက်ထားလိုက်စမ်းပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ရိုင်းရိုင်းစိုင်းစိုင်း မခေါ်ပါနဲ့ဗျာ။ ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီး၊ ကျနော်တို့အတွက် စူပါ ဗဲရီး မဟာ ဗဲရီး အင်ပေါတန့် ပါစန်လို့ ပြောပါ။

ကြွက်စုတ်။ ။ ဟင် အခုတော့ စူပါ ဗဲရီး မဟာဗဲရီး အင်ပေါတန့် ပါစန် ဖြစ်သွားပြီလား။ အရင်ကတော့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေနဲ့ ချောင်းရိုက်ခိုင်းပြီးတော့။

ရွှေပန်း။ ။ ဟာ … အဲဒီတုန်းက စစ်အစိုးရဲ့ ကြံ့ဖွံ့တွေက ရိုက်တာပါဗျာ။ မလိမ်မိုး မလိမ်မာလေးတွေ ခွင့်လွှတ်လိုက်ပါ။ အခုက အစိတ်သားကြံ့ဖွံ့ အစိုးရ။ ကျုပ်တို့ အားလုံး အစိတ်သားတွေ ဖြစ်ကုန်ပြီ။ လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီး လူ့အခွင့်အရေး ကိစ္စတွေကိုပဲ ဆောင်ရွက်တော့မှာ။

ထိုစဉ် သတင်းထောက်တယောက်က ဓာတ်ပုံလျှောက်ရိုက်ရင်း ရပ်နေသည့် ဦးသိန်းဂိန်၏ ခြေထောက်ကို ခလုတ်တိုက် မိသွားသည်။

သိန်းဂိန်။ ။ အား … ကျွတ်ကျွတ်ကျွတ် … ဒီ … သောက် … အဟဲ … မလိမ်မိုး မလိမ်မာလေးတွေပဲ … ပြည်သူလူထုနဲ့ တသားတည်း ဆိုတော့လည်း … နာပါဘူးဗျာ ဟဲဟဲ။

ရွှေပန်း။ ။ နာရင်လည်း ခဏလောက်တော့ အောင့်ထားလိုက်ပါ သမ္မတကြီးရယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိက လာတော့မှာပါ။

သိန်းဂိန်။ ။ ရားပါတယ်၊ ရားပါတယ်။ ပြည်သူလူထုကို ကျုပ်တို့က ရင်ဝယ်သားကဲ့သို့ သဘော ထားပြီး … အခွန်ကင်းလွတ် ခွင့်တွေကိုလည်း … လည်း ... အောင်မလေး …..... ဗျ။

သမ္မတကြီး နဖူးတွင် ခြင်တကောင်လာနားသည်ကို တွေ့သည့် ဖိုးရှုပ်က လက်ထဲမှ ရကော်ဒါဖြင့် ထုလိုက်ခြင်းဖြစ်သည်။

ဖိုးရှုပ်။ ။ ကန်တော့နော် ကန်တော့ ...။ ဒီခြင်က တော်တော် ဆိုးတာပဲ။ ပြောင်နေတဲ့ သမ္မတကြီး နဖူးကို အခွင့်ကောင်း ယူပြီး လာနားတာ ကျနော်မခံနိုင်လွန်းလို့ ထုလိုက်တာ။

ရွှေပန်း။ ။ သည်းခံ … သည်းခံ။ ကုလားထိုင်က မဝေးတော့တဲ့ အနာဂတ်မှာ တွေ့နေရပြီ။ ဒီလူတွေ အကုန်လုံးကို ကျုပ် မှတ်ထားပေးမယ်။

သိန်းဂိန်။ ။ ရားပါတယ်။ ရားပါတယ်။ တောက် … ကုလားထိုင်တလုံးရဖို့ ဒီလောက်ခက်မှန်း အစက မသိဘူးဗျာ။ ဒါနဲ့ ကျနော်ပြောနေတာ ဘယ်ရောက်သွားပြီလဲ ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ စူပါ ဗဲရီး မဟာ ဗဲရီး အင်ပေါတန့်ပါစန်လေ ...။ အဲဒါ ရှင်းပါဦးဗျ။

သိန်းဂိန်။ ။ သြော် သူက ကျနော်တို့အတွက် အရမ်း အရေးကြီးတယ် ဆိုတဲ့သဘောပါ။ မတူတာတွေ ဘေးဖယ်ပြီး တူတာတွေကို … တူတာတွေကို ...။

သမ္မတကြီးစကား မဆုံးခင် ဦးရွှေပန်းက “ဟား …..... မစ္စတာ ကင်တားနား … ကမ်း ကမ်း … ဟျူးမန်းရိုက် … ဂွတ် ဂွတ်” ဟု အော်ပြီး ရှေ့မကြည့် နောက်မကြည့် အတင်းပြေးထွက်သွားရာ သမ္မတကြီးအား ဝင်တိုက်မိသဖြင့် ပက်လက်လန် လဲကျ သွားပြန်၍ ဦးရုက္ခစိုးက ထူရပြန်သည်။

သိန်းဂိန်။ ။ အောင်မလေး သေပါပြီ ရွှေပန်းရယ်။ ကျွတ်ကျွတ် ...။ အဲဒါသာ ကြည့်တော့ဗျာ။ ကျုပ်တို့ အစိတ်သားအစိုးရက လူ့အခွင့်အရေးကို ဘယ်လောက် အလေးထားလဲဆိုတာ။ သမ္မတတောင် မမြင်တော့ဘူး။ ရားပါတယ်လေ … ရားပါတယ်။

ဦးရွှေပန်းကတော့ ကုလ လူ့အခွင့်အရေးအရာရှိ မစ္စတာ ကင်တားနားကို တွေ့သောကြောင့် သူတို့စကားဝိုင်းကို အရေးမလုပ် နိုင်တော့ဘဲ အတင်းပြေးသွားကြိုလေပြီ။

ဖိုးရှုပ်။ ။ ဒါဆို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော့မှာပေါ့နော်။

ကြွက်စုတ်။ ။ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတော့မှာလား။ ကိုမင်းကိုနိုင်တို့ အဖွဲ့တွေ၊ ကိုဇာဂနာတို့တွေ လွတ်တော့မှာပေါ့ ဟုတ်လား။

သိန်းဂိန်။ ။ အဲ … လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာက ဒီလိုရှိပါတယ်။ ဟိုဒင်းပေါ့နော်။ ကျနော် စီးပွားရေးဖိုရပ်မှာလည်း ပြောပါတယ်။ အဲဒီမှာ ပြောတယ်ပေါ့ဗျာ။ ပြီးတဲ့အခါ ကျနော်တို့ လွှတ်တော်ထဲမှာလည်း အဲဒီကိစ္စတွေကို … အဲ … ပြောကြပါတယ်။ ပြောပြီးတဲ့ အခါမှာတော့ … ကျနော်တို့ ဆက်ပြောပါဦးမယ်။ ပြောတယ် ဆိုတာက တကယ်တော့ ပြောတာပဲပေါ့လေ။ ရှင်းလားမသိဘူး။

မရှင်းသော်လည်း သူတို့ ခေါင်းညိတ်လိုက်ကြသည်။

ရုက္ခစိုး။ ။ တိုင်းရင်းသားတွေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့။

သိန်းဂိန်။ ။ ဟာ … ဒါလား။ ဒါက သတင်းစာထဲမှာ အတိအလင်း ငြိမ်းချမ်းရေးကို စာလုံးမည်းကြီးနဲ့ ခေါ်ထားပါတယ်။

ဖိုးရှုပ်။ ။ ဒါပေမယ့် ပစ်နေကြတုန်း မဟုတ်လား။

သိန်းဂိန်။ ။ ဒါကတော့ ဒီလိုရှိပါတယ်။ အရင်ဆုံး စာရွက်ပေါ်မှာ ငြိမ်းချမ်းဖို့လိုတယ်လေ။ အခု အကုန်ငြိမ်းချမ်းနေပါပြီ။ ဘာလဲ ခင်ဗျားတို့ သေနတ်သံကြားလို့လား။ နယ်စပ်မှာ ဗျောက်အိုး နည်းနည်းဖောက်တာပါ။ တရုတ်မင်္ဂလာဆောင် ဖြစ်မယ်ထင်တယ်။ မစိုးရိမ်ပါနဲ့။

ဦးသိန်းဂိန်စကားကို စဉ်းစားရင်း ဦးရုက္ခစိုးတို့ ခေါင်းခြောက်နေစဉ် ဦးရွှေပန်းက ဘာတွေ တတွတ်တွတ် ပြောနေသည်မသိ မစ္စတာ ကင်တားနားက ခေါင်းတညိတ်ညိတ်နှင့် သဘောကျသည့်ပုံစံ ပြနေလေသည်။

သိန်းဂိန်။ ။ ဟော … ဟော … မစ္စတာကင်တားနားတော့ ကြွေသွားပြီထင်တယ်။ ဒီကိစ္စတွေက သိပ်မဝေးတော့ပါဘူး။ ဟဲဟဲ။

“သမ္မတကြီး အနေနဲ့ ပြည်သူလူထုကို စကားလေး တခွန်းလောက် ပြောလိုက်ပါဦးဗျာ။ မစ္စတာ ကင်တားနားပါ ကြားသွားအောင်” ဟု ဦးရွှေပန်းက အော်ပြောလိုက်ရာ သမ္မတကြီးက မိုက်ကရိုဖုန်းရှိရာသို့ ခပ်တည်တည် တလှမ်းခြင်း ထွက်သွားပြီး အောင်မြင်ခန့်ငြားသော အသံဖြင့် ပြည်သူလူထုကို စကားပြောလေတော့သည်။

သိန်းဂိန်။ ။ အဟမ်း … အဟမ်း … ပြည်သူလူထုက ကျနော်တို့ကို ချစ်တဲ့အတွက် ကျနော်တို့ ဘာကိုမှ မကြောက်တော့ ပါဘူး။ ပြည်သူလူထုအတွက်လည်း ကျနော်တို့ အစိတ်သား အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို စာရွက်ပေါ်မှာ၊ လေထဲမှာ အကုန် လုပ်ပေးပြီးပြီလို့ ယူဆပါတယ်။ ဒီတော့ကာ ပြည်သူလူထုကလည်း ကျနော်တို့ကို ဆက်လက်ထောက်ခံ အားပေးပါ ဆိုတဲ့အကြောင်း … အာဆီယံကုလားထိုင် အကျိုးကိုမျှော်၍ နှိုးဆော် တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား ...။

“ဖြောင်း … ဖြောင်း … ဖြောင်း”

သမ္မတကြီး မိန့်ခွန်းအပြီးတွင် လွှတ်တော်နာယကကြီး အပါအဝင် ကိုယ်စားလှယ်တော်ကြီးများ၊ ဝန်ကြီးများ အားလုံး အိပ်ပျော် နေကြသဖြင့် နိုးနေသည့် ဦးရွှေပန်းတဦးတည်းသာ လက်ခုပ် သုံးချက်တီး၍ အားပေးနိုင်လိုက်လေသည်။

No comments:

Post a Comment