Monday, August 22, 2011

မန္တလေး ရေကြီး

ရန်ပိုင် Monday, 22 August 2011

မိုးဆက်တိုက် ရွာသွန်းသည့် အတွက် ရွှေတ ချောင်းနှင့် ရေနီမြောင်း ရေလျှံကာ မန္တလေးမြို့ အနောက် မြောက်ဘက်ရှိ ရပ်ကွက် ၅ ခု ရေလွှမ်း ခံရပြီး လူမှုရေး အသင်း များက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် နေရကြောင်း သိရသည်။

အနိမ့်ပိုင်းရပ်ကွက်များတွင် ၅ ပေခန့်အထိ နစ်မြုပ်ခဲ့သည့်အတွက် နေထိုင်သွားလာရေး၊ စားသောက်ရေးအခက်အခဲများ ဖြစ်ပေါ် နေကြောင်း၊ မီးသတ်၊ ကြက်ခြေနီနှင့် နိဗ္ဗာန်သုခနှင့် ဒေ၀ယာနိက စသည့် လူမှုရေးအသင်းများက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဒေ၀ယာနိက အသင်းမှ ရဟန်းတပါးက ပြောသည်။

“ကုန်းမြင့်တဲ့နေရာမှာတောင် ရေက ရင်ခေါင်းလောက် တက်လာတာ၊ တချို့ အိမ်ခေါင်ထိတယ်။ အိပ်စရာမရှိတဲ့သူ များတယ်။ အခု ထမင်းထုတ်ဝေတာ ၂ ရက်ကို ဆယ်သိန်းကျော် ကုန်တယ်” ဟု အဆိုပါ ရဟန်းတော်က ဆိုသည်။

နန်းအနောက်ခြမ်းရှိ စိန်ပန်း၊ ပွဲကုန်း၊ ရွှေလောင်း ဒေးဝန်းအရှေ့ရပ်ကွက်၊ ပဲပုတ်တန်း၊ ညောင်းကုန်း၊ စတီးဝင်း၊ ဆီစက်ဝင်း၊ ရှမ်းဝိုင်း၊ လုံးသာ၊ ကုက္ကိုစု စသည့် ရပ်ကွက်များ ရေ၀င်နေသည်ဟု သိရသည်။

နန်းအရှေ့ဘက်ရပ်ကွက်များတွင်လည်း ရေများဝင်ရောက်နေကြောင်း၊ နန်းရှေ့၊ သရက်ကုန်းကွက်သစ်၊ ရင်ခြံ စသည့် ရပ်ကွက်များတွင် ရေများဝင်နေကြာင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ရေဆိုးထုတ်စနစ်တွင် ရေစီးရေလာ မကောင်းခြင်း၊ မန္တလေးကျုံးအတွင်းသို့ ရေသွင်းရန် ရေနီမြောင်းကို ပိတ်၍ ဆည်လုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း မန္တလေးမြို့ခံ စာရေးဆရာတဦးက ထောက်ပြသည်။

ယခုအခါ မန္တလေးကျုံးအတွင်းတွင်လည်း ရေပြည့်လျှံနေပြီး အနီးရပ်ကွက်များသို့ ပြန်လည်စီးဝင်နေကြောင်း ဆက်လက်ပြော သည်။

ယနေ့တွင် မြို့ပေါ်ရပ်ကွက်များတွင် ရေကျသွားပြီဖြစ်ပြီး ပုသိမ်ကြီး၊ ထွန်တုံး စသည့် ရပ်ကွက်များတွင် ရေများ ဆက်လက်ကျန် နေသေးသည်ဟု သိရသည်။

No comments:

Post a Comment