Monday, September 26, 2011

ငြိမ်းချမ်းရေး အိပ်မက်များ

နှင်းပန်းအိမ်

“မြန်မာပြည်မှာ တိုင်းရင်းသားအရေးကို ကာလရှည်ကြာစွာ အချိန်ဆွဲ မနေပါနဲ့။ တိုင်းပြည် ဒဏ်ရာ ပိုကြီးလာလိမ့် မယ်။ တွေ့ဆုံဆွေးနွေး ရေးလုပ်ပြီး အမြန်ဆုံးဖြေရှင်းသင့်ပြီ” ဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးတခုက အဖြေစကားကို ကျမ နားထောင်လိုက်ရတဲ့နေ့က ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပါ။ စက်တင်ဘာလ ၂ဝ ရက်နေ့ကို ကမ္ဘာ့ငြိမ်းချမ်းရေးနေ့လို့ သတ်မှတ်ထားပါတယ်။

ဒီလို အဖိုးတန်လှတဲ့ စကားကို နားထောင်ပြီး ကျမတို့တိုင်းပြည်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို သိပ်ကို မျှော်လင့်မိ ပါတယ်။ ကျမတို့ ဒုက္ခသည်စခန်းမှာ UNက ကြီးမှူးပြီး ကျင်းပပေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကျင်းပပါတယ်။ စခန်းရုံးလေးမှာ ကျင်းကခဲ့တာပါ။ စခန်းတာဝန်ရှိသူတွေက ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ သူတို့ဖြတ်သန်း ရင်ဆိုင်ခဲ့ ရတဲ့ ပြည်တွင်းစစ်မီးကြောင့် ခံစားရတာတွေကို အမှတ်တရပြန်ပြောပြကြတယ်။

စစ်ရဲ့ အနိဌာရုံတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်ညှင်းဆဲမှုတွေ ကလေးငယ်တွေရဲ့ စာသင်ခန်း ပါမကျန် လက်နက်ကြီးေ တွနဲ့ ပစ်ခတ် ခံရမှု တွေကြောင့် ကလေးငယ် တွေပါ သေဆုံး ခဲ့ရတာ တွေကို ပြောပြ နေချိန်မှာ မျက်ရည်တွေ ကျလာ ပါတယ်။ ပရိသတ် ဘက်ကို လက်ကာ ပြပြီး စကားကို ဆုံးအောင် ပြောမသွား နိုင်ပါဘူး။ နားထောင် နေရသူ ကျမတို့ ဖြည့်စွက် နားလည် ခံစား နိုင်ခဲ့ကြ ပါတယ်။

ဒုက္ခသည် စခန်းမှာ သုံးနှစ်ကြာ နေထိုင်နေရဆဲ ကျမအတွက် စစ်ပြေးဒုက္ခသည်တွေ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခ အခက်အခဲတွေ၊ အကောင်း မျှော် စိတ်ကူးတွေ၊ သူတို့ရဲ့ ရိုးသား ပွင့်လင်းမှုတွေ ကိုလည်း ကျမ တွေ့မြင် ခံစားရပါတယ်။ သဘာဝကို အမှီပြုပြီးနေထိုင် တတ်အောင် ထိုးစစ်၊ တိုက်စစ်တွေက သူတို့ကို သင်ကြားပေးလိုက်ပါတယ်။

ဒုက္ခသည် တဲအိမ်ချင်း တူပေမယ့် အိမ်ဆောက်ပုံ ချင်းတောင် မတူပါဘူး။ ကရင်လူမျိုး ဒုက္ခသည် တချို့ရဲ့ အိမ်လေးတွေမှာ
တံစက်မြိတ် ကို ရှည်ရှည်ချပြီး အိမ်အတွင်းကို အပြင်က မမြင် ရအောင် ဆောက်ထားပါတယ်။ အိမ်အဝင် လှေကားကို အရှင် တပ်ထားတာပါ။ ညဘက်ဆို လှေကားကိုဖြုတ်ပြီး အိမ်ပေါ်ကို တင်ထားပါတယ်။ အလွယ်တကူ အိမ်ပေါ်ကို အပြင်လူ မတက်နိုင်အောင် လုပ်ထားတာပါ။

အသင့် ယူဆောင်လို့ရမယ့် အဝတ်အစား ထုပ်လေးတွေကိုလည်း အဆင်သင့်လုပ်ထားတယ်။ ညစာ ထမင်းကို ညနေ လေးနာရီ လောက်ဆိုရင် စားပြီးပြီ။ ဒီလို အလေ့ အထ တွေကို သူတို့ အသားကျ နေကြပြီ။ လောကဓံက ဘယ်လောက် လေချို သွေးသွေး သူတို့မယုံရဲဘူး။ ကရင်ပြည်နယ်မှာ ထိုးစစ်တိုက်စစ်က အချိန်မရွေးရာ သီမရွေးဖြစ်ပေါ်တတ် တာမို့ စစ်ပြေး ဖို့အတွက် တိုက်ကြက် များလို အသင့် အနေ အထားနဲ့ အတောင်ပံ ဖွထား ရတယ်လို့ ဆိုပါတယ်။

မြို့ပြမှာနေရသူ ဒီမိုကရေစီရေးလိုလားသူ နိုင်ငံရေးသမားတွေနဲ့ သူ့မိသားစုတွေမှာလည်း လူသားမဆန်တဲ့ စနစ်ကြောင့် စိုးတထိတ် ထိတ်နဲ့ နေခဲ့ရ တာပါ။ ညသန်းခေါင် အိပ်မောကျနေချိန် စစ်ဖိနပ်သံ အိမ်ရှင်တို့ ဧည့်စာရင်း စစ်မယ်ဆိုတဲ့ အသံတွေက မိသားစုနဲ့ နိုင်ငံရေးသမားကို ခွဲခွာမယ့် ရှေ့ပြေး နိမိတ်တွေပါပဲ။ "မေးစရာရှိလို့ ခဏ လိုက်ခဲပါ" ဆိုပြီး ဘာအဝတ်အထည် အသုံးအဆောင်မှ အယူမခံဘဲ ခေါ်သွား တတ်ပါတယ်။ ကျန်ခဲ့တဲ့ မိသားစု က မျှော်ပေရော့ပဲ။ သခင်ဇင့် ဇနီးအဘွား ဒေါ်ကြည်ကြည် ပြောတဲ့စကားကို ကျမမှတ်မိနေပါတယ်။ “သူတို့က နတ်သက်နဲ့ ခေါ်တာ။ ဒို့က ထောင်ထဲမှာ လူသက်နဲ့ နေခဲ့ရတာ” တဲ့။

ဘွားကြည်သမီး အငယ်ဆုံး ဒေါ်လေးမဟား ကျမကိုပြောဖူး တယ်။သူ့ဖခင် သခင်ဇင်ကို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်နေ
ချိန်မှာ တခါပဲမြင်ဖူးလိုက်ရတယ်တဲ့။ “အဲဒီတုန်းက ဒေါ်လေးက မူလတန်း ကျောင်းသူပေါ့။ ကျောက်မြောင်း အိမ်မှာလေ
ဒေါ်လေး ကျောင်းက ပြန်လာတော့ အမေက တိုက်ပုံအင်္ကျီနဲ့ခေါင်းပေါင်း ပေါင်းထားတဲ့ လူကြီးကို တရင်းတနှီးနဲ့ စကား
တွေ ပြောနေတယ်ပေါ့။ နောက်မှ အဖေမှန်း ဒေါ်လေး သိရ တာ။ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲလဲ ပျက်ရော အဖေ ရိုးမထဲ ပြန်သွားရတယ်လေ။ နောက်တော့ အဖေ့သတင်းကို ကြားရတယ်။ မြန်မာ့ အသံ ရေဒီယိုကနေလွှင့်တာ။ အဖေ့အတွက် အမေဘယ်တော့ ရက်လည် လုပ်မလဲလို့ လာမေးကြတယ်။ 'ကျမရင်ထဲမှာ ကိုဇင် ဘယ်တော့မှ သေမှာမဟုတ်တဲ့ အတွက် ရက်လည် ဘယ်တော့မှ မလုပ်ဘူး' လို့ အမေ ဖြေခဲ့တယ်။ ဒါ့ကြောင့်လည်း အသက် ၈ဝ ကျော်အရွယ် ထောင်ကလွတ်ပြီး မကြာခင်မှာ အဘွား ဒေါ်ကြည်ကြည် ဆုံးတော့ အဘွား လူထုဒေါ်အမာက အမှတ်တရ စကား ရေးပို့လိုက်ပါတယ်။ 'ဒေါ်ကြည်ကြည်ရေ သတ္တိကောင်းပြီး အသည်းမာလှတဲ့ မိန်းမမို့ နှမျော လိုက်ပါရဲ့' တဲ့။

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသာ အောင်မြင်ခဲ့ရင် ဒီလိုရင်နာစရာ အဖြစ်အပျက်မျိုးတွေ ကျမတို့ မြင်ရ ကြားရမှာ မဟုတ်ပါဘူး။ အဘွားကြည်တို့ မိသားစုတွေ ရိုးမတောနဲ့ မြယာပင်၊ ရန်ကုန်ထောင်နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဘဝတွေကို ပေးဆပ်ခဲ့ရတယ်။ ခေတ်ရိုင်း စနစ်ရိုင်းက ဘဝနဲ့ရင်းပြီးမှရတဲ့ ဝေါဟာရ အသစ်တွေကိုလည်း ပေးခဲ့တယ်။ အကျဉ်းကျ မိသားစုတဲ့။ ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ခေတ်သစ် မဲဇာတွေဆီ ပို့လိုက်တော့ မိသားစုတွေ ဒုက္ခထဲ လက်ပစ်ကူးပြီး ထောင်ဝင် စာ တွေ့ရပါရောလား။

တရှိန်ထိုး တက်နေတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုအောက်မှာ အကျဉ်းကျ မိသားစုတွေက အကျဉ်းထောင်ထဲက မိသားစု ဝင်တွေ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ထောင်ဝင်စာတွေ့ဖို့ ရုန်းကန်ကြိုးစား ရပါတော့တယ်။ "ထမင်း တဝိုင်းတည်း အတူတခါတည်းစားကြ၊ အကုန်အကျသက်သာတယ်" ဆိုတဲ့ စကားရှိပါတယ်။ ဒီစကားက ကျမတို့တိုင်းပြည်မှာ ခြိုးခြံချွေတာနေရတယ်ဆိုတာ သာဓကပြနေပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသမားတွေက ကိုယ့်စာရိတ် ကိုယ်စားပြီး ထောင်ကျခံနေကြရတာပါ။

လုံးတီးဆန်၊ အောက်စော်နံနေတဲ့ ပဲဟင်းရည်ကျဲ၊ ယင်မနားတဲ့ ငပိလက်မဖျားလောက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အသက်ရှင် ရပ်တည်လို့ မရပါဘူး။ မိသားစုရဲ့ ထောင်ဝင်စာနဲ့ အသက်ရှင်ရပ်တည်ရသလို သူတို့ ယုံကြည်ချက်ကြောင့်လည်း အသက်ရှင် ရပ်တည် နေနိုင်ကြတာပါ။ ငြိမ်းချမ်းရေးက နာတာရှည် လူမမာဖြစ်နေတဲ့ ကျမတို့ တိုင်းပြည် အတွက် အင်မတန်မှ လိုအပ်နေပါတယ်။ တိုင်းရင်းသား အရေးအတွက်၊ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက် စစ်မှန်တဲ့ စေတနာသာ တကယ်ထားခဲ့ရင် သမ္မတအစိုးရသစ်ဟာ ဘာမဆိုချက်ချင်း လုပ်ပေးလို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ အာဏာရှိလို့ပါပဲ။

သမ္မတအစိုးရသစ်ရဲ့ နိုင်ငံတော်အလံကို တိုင်းရင်းသားလူမျိုးစုတွေရဲ့ အရိုးပုံတွေကြား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝ၊ အသက်၊ သွေးစက် မျက်ရည်တွေကြား လွှင့်ထူမထား သင့်တော့ပါဘူး။

No comments:

Post a Comment