Friday, September 23, 2011

ဧရာဝတီ မြစ်ဆုံ ရေကာတာ ရပ်တန့်ရေး မလေးရှားတွင် မြန်မာများ ဆန္ဒပြ

မောင်ရမ္မာ


ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော မလေးရှားရောက် မြန်မာတိုင်းရင်းသား ၁၀၀ ခန့်က ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်ရေး အတွက် ကွာလာလာမ်ပူရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက် ၁၀ နာရီခွဲက သွားရောက် ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိပါသည်။

ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-မလေးရှား) အတွင်းရေးမှူး ကိုမျိုးခိုင်က နိရဉ္စရာသို့ ယခုလို ပြောသည်။

" ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ မြန်မာတနိုင်ငံလုံးရဲ့ တောင်နဲ့ မြောက်ကို စီးဆင်းနေတဲ့ မြစ်ဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့အသက်သွေးကြော မြစ်ကြီး မြစ်ဖျားခံရာ မြစ်ဆုံမှာ ဒီလိုမျိုး ရေကာတာ တည်ဆောက်ပြီးတော့ ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံကို ရောင်းစားဖို့ လုပ်နေတာဟာ အနာဂတ်မှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ ရာသီဥတု ပြောင်းလဲမှုတွေ၊ နောက်ပြီးတော့ ဧရာတီမြစ်ကို မှီခိုစား သောက်နေကြတဲ့ ပြည်သူပြည်သားတွေ၊ ဧရာဝတီ မြစ်အတွင်း မှာ ရှိနေကြတဲ့ ရေသတ္တ၀ါတွေ အားလုံးဟာ ဒုက္ခတွေ့လာကြရမှာ ဖြစ်ပါတယ်။ အခု သူတို့ ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ လျှပ်စစ် ဓါတ်အားဟာလည်း ပြည်သူတွေ အတွက် ဘာမှ မပါဘူး။ တရုတ်အတွက်သာ ဖြစ်တယ်။ အစိုးရက သူတို့ရဲ့ စစ်သုံး စရိတ်အတွက် လုပ်တာဖြစ် တဲ့အတွက် ကျွန်တော်တို့ ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ ဆန္ဒပြကန့်ကွက်ရတာ ဖြစ်ပါတယ်။"

အဆိုပါ ဆန္ဒပြပွဲကို မလေးရှားရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးရှား၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) မလေးရှား၊ ကချင်အမျိုးသား အစည်းအရုံး မလေးရှားနှင့် ဇိုမီးအမျိုးသား ကွန်ကရက်တို့က ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြသည်။

ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည့် တောင်းဆိုချက်များကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

" မြစ်ဆုံရေကာတာ တည်ဆောက်တာကို ချက်ချင်းရပ်တန့်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပြီးတော့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်မယ့် ခြေလှမ်းသစ်ကို အမြန်ဆုံး ပြုလုပ်ဖို့နဲ့ မြန်မာ့အရေးကို အပြောမဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ဆန္ဒပြရုံဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းကို အစိုးရမှ ရပ်တန့်နိုင်ပါမည်လားဟု မေးမြန်းရာ သူက ယခုလို ဆက်ပြောသည်။

" အခုလက် ရှိ သမ္မတ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်း နေတယ်လို့ ပြောတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတယ်ဆိုရင် ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားရမယ်။ ဒါကြောင့် လက်ရှိ အစိုးရက ဒီမိုကရေစီ အစိုးရတရပ် ဖြစ်တယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို လေးစား လိုက်နာ လိမ့်မယ်လို့ ကျနောတို့ မျှော်လင့် ပါတယ်" ဟု ပြောသည်။

ဆန္ဒပြပွဲတွင် မြန်မာသံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း မြန်မာသံရုံးမှ လာရောက် မတွေ့ဆုံခဲ့သဖြင့် ဧရာဝတီ မြစ်ဆုံရေကာ ရပ်တန့်ရေး အတွက် ထုတ်ပြန်ထားသော ကျေညာချက်ကို သံရုံး၏ စာတိုက်ပုံးတွင် ထည့်ထားခဲ့သည်ဟု သိရသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်တန့်ရေးနှင့်ပတ်သက်ပြီး မြန်မာသံရုံးရှေ့ သွားရောက်ဆန္ဒြုပ တောင်းဆိုသည် သာမက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ၊ မလေးရှားရောက် မြန်မာများ ကြားတွင် လက်မှတ်များ ရေးထိုးကာ လုံဆော်မူများ ပြုလုပ်ခြင်းများကိုလည်း ပြုပ်လုပ်နေသည်ဟု သူက ပြောသည်။

ဧရာဝတီမြစ်သည် အလျား ၁၃၄၈ မိုင်အထိရှည်လျားကာ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းတို့အား ဖြတ်သန်း စီးဆင်းနေပြီး မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အသက် သွေးကြော မြစ်ကြီး တစ်မြစ် ဖြစ်သည်။

No comments:

Post a Comment