Saturday, September 24, 2011

လွှတ်တော်ထဲက အပျော့ဂိုဏ်း Vs အမာဂိုဏ်း

ရန်ကုန်သားတာတေ

နေပြည်တော်ရှိ တမတ်သား လွှတ်တော်ကြီးအတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ဂိုဏ်း ကွဲနေကြောင်း အမည်မဖော်လိုသူ တမတ်သားအစိုးရနှင့် နီးစပ်သည့် ခိုင်မာသော မျက်နှာစာအုပ် သတင်းရပ်ကွက်မှ ကြားသိရသောကြောင့် ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်၊ ၎င်း၏ရောင်းရင်း ယောင်ခြောက်ဆယ် ကြွက်စုတ်နှင့် နတ်ချုပ်ကြီး ဦးရုက္ခစိုးတို့မှာ ရသမျှသတင်းနှိုက်ရန် လွှတ်တော်တွင်း ရောက်ရှိနေကြလေသည်။

ကြွက်စုတ်။ ။ ဂိုဏ်းနာမည်တွေက တော်တော်ဆန်းတယ်နော် ဦးရုက္ခစိုး။ အပျော့ဂိုဏ်းနဲ့ အမာဂိုဏ်းတဲ့။ အဲဒါ ဘာကို ပြောတာလဲ မသိဘူး။

ဖိုးရှုပ်။ ။ နေစမ်းပါဦး ကြွက်စုတ်ရာ။ အခု ငါတို့ရထားတာက စကု (Scoop) သတင်းပဲ ရှိသေးတာ။ ဆက်လိုက် ကြည့်ရဦးမှာ။

ရုက္ခစိုး။ ။ အားလုံးသိထားပြီးသားကိုများ ဆက်လိုက်ချင်နေချင်သေးတယ်။ သမ္မတ ဦးသိန်းဂိန် ဦးဆောင်တဲ့ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးဂိုဏ်းရယ်၊ ဒုသမ္မတ ဦး ၈ လုံး ဦးဆောင်တဲ့ မာပြီးနံတဲ့ ခွေးချေးဂိုဏ်းရယ် … ဆိုတာ လူတိုင်းသိတယ်။

“အပျော့ဗျ … အပျော့ … ပျော့ပျော့လေးနဲ့ နံပြတာက ပညာ ... သိရဲ့လား”
“ဘာမှ ပျော့နေစရာ အကြောင်းမရှိဘူး။ မာပြီး နံတာကမှ အားရှိတာဗျ”
“ကျုပ်ကတော့ အပျော့လိုင်းပဲ”
“ကျုပ်ကတော့ အမာလိုင်းပဲ”

ငြင်းခုန်နေသည့် ထို နှစ်ဦး၏ နောက်နားတွင် လူတဦး သွားကလေး ဖြီးရင်း လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

ကြွက်စုတ်။ ။ နောက်က သွားကြီးဖြီးလာတဲ့ သူက ဘယ်သူလဲကွ။

ဖိုးရှုပ်။ ။ အဲဒါက စီးပွားရေးလုပ်ငန်းရှင် ဦးခေတ်ပျက်တဲ့။ ပျက်နေတဲ့ ခေတ်ကြီးထဲမှာ ချမ်းသာလာတာ။ ခေတ်ပျက်အတွင်း ကြီးပွားချမ်းသာနည်း ဆိုတဲ့ စာအုပ်တောင် ရေးထားသေးတယ်။ နာမည်ကြီးပဲ။

ကြွက်စုတ်။ ။ သြော် … ငါးရောင်းပြီး ကြီးပွားလာတဲ့ ဦးခေတ်ပျက်လား။

ကြွက်စုတ်အမေးကို ဖိုးရှုပ်ပြန်မဖြေနိုင်မီ ဦးသိန်းဂိန်တို့ သုံးဦးသား သူတို့နားသို့ ရောက်လာသည်။

ရုက္ခစိုး။ ။ ပြေပြေလည်လည်ပေါ့ဗျာ … မပျော့မမာလေးဆို မကောင်းဘူးလား။

သိန်းဂိန်။ ။ မကောင်းဘူး … ကျုပ်ကတော့ ပျော့မှာပဲ။

၈ လုံး။ ။ ကျုပ်ကတော့ မာမှာပဲ။

ခေတ်ပျက်။ ။ ပျော့တာလည်း ပျော့ပေါ့လေ ... မာတဲ့သူကလည်း မာပေါ့။ အရေးကြီးတာက တိုင်းပြည် စီးပွားရေး ကောင်းဖို့မဟုတ်လား။ ဒေါ်လာဈေးတွေကျနေတာလေး အရင်လုပ်ပါဦး သမ္မတကြီးတို့ရယ်။ ဒေါ်လာဈေးတွေ ကျလွန်းအားကြီးတော့ ကျနော်တို့ ငါးစိမ်းသည် ဈေးကွက်ပျက်နေလို့ပါ။

၈ လုံး။ ။ ဒါများ၊ တသွေးတသံ တမိန့်ပေါ့။ ကျနေတာတွေ တက်လိုက်လို့ သမ္မတက အမိန့်ပေးလိုက် … ပြီးတာပဲ။

သိန်းဂိန်။ ။ ဟာ … ဒီလို သွားလုပ်လို့ ဘယ်ဖြစ်မလဲ။ အဲဒီလို လုပ်လိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ၊ ဆိုးကျိုးတွေ၊ အဖက်တွေ၊ အရည်တွေ အဲ … အဲဒါတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဟုတ်တယ်မဟုတ်လား ကိုခေတ်ပျက် ...။

ခေတ်ပျက်။ ။ ဟုတ်တယ်၊ ဟုတ်တယ်။

၈ လုံး။ ။ ဘာပြဿနာလဲ ...။ ပြဿနာရှိရင် ရှင်းလိုက်ရုံပေါ့။ ရေဘူးပေါက်တာ မလိုချင် ချင် … အဲ … လုပ်စမ်းပါဦး သမ္မတ အပျော့ကြီးပြောတဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာဆိုတာ။

သိန်းဂိန်။ ။ ကျုပ်လည်း … အဲ … ကျုပ်လည်း ဘယ်သိပါ့မလဲ။ နေဦး … အကြံပေးအဖွဲ့တွေ မေးလိုက်ဦးမယ်။

ခေတ်ပျက်။ ။ မေးမနေပါနဲ့ သမ္မတကြီးရယ်။ သူတို့ကိုမေးပြီးရင်လည်း အဲဒီအတိုင်းလုပ်ချင်မှ လုပ်တာကို။ ဒါတွေ ကျနော် ကျွမ်းပါတယ်။ ဒီလိုလုပ် … ဒေါ်လာဈေး ပြန်တက်သွားအောင် … ရှိရှိသမျှ ခိုးသွင်းနေတဲ့ ကားခွန်ကို ဒေါ်လာနဲ့ ဆောင်ရ မယ်လို့ ပြောလိုက်။ ပြီးရင် အဲဒီကားတွေ တရားဝင် လိုင်စင် ထုတ်ပေးလိုက်။ အဲဒါဆို ကားခိုးသွင်းထားတဲ့လူတွေက ဒေါ်လာလိုက်ဝယ်ရမယ် … ဒေါ်လာဈေး တက်သွားမယ် … ဟဲဟဲ။

သိန်းဂိန်။ ။ ဟုတ်တယ် … ဟုတ်တယ်။ အဲဒီအမိန့် ချက်ချင်းထုတ်မယ်။ တယ် တော်တဲ့ ကိုခေတ်ပျက်။

ပြောပြောဆိုဆို သမ္မတက စာရွက်တရွက်ပေါ်တွင် လက်မှတ်ထိုးကာ အမိန့်ထုတ်လိုက်သည်။ ဈေးကွက်တွင် ဒေါ်လာဈေး ရုတ်တရက် ခုန်တက်သွားသည်။

ခေတ်ပျက်။ ။ ခဏနော် သမ္မတကြီး။ ဈေးကျတုန်းက ကျနော် ဝယ်ထားတဲ့ ဒေါ်လာသန်းဂဏန်း ပါးပါးလေး ထုတ်ရောင်းခိုင်းလိုက်ဦးမယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဆီလည်း ဖုန်းဆက်ရဦးမယ်။

ရုက္ခစိုး။ ။ မသိလို့ မေးပါရစေဦးဗျာ။ လူတွေက ဒေါ်လာတွေ လိုက်ဝယ်ပါပြီတဲ့ … နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ခွင့်လည်း မရှိဘဲနဲ့ ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။ ။ ဒါကလွယ်ပါတယ် … ဒီဥပဒေကို ပယ်ဖျက် … ဖျက်။

၈ လုံး။ ။ နိုး … ဒါတော့ မဖြစ်နိုင်ဘူး။ တချို့နိုင်ငံရေးသမားတွေကို ဖမ်းချင်ရင် ဒီဥပဒေနဲ့ ဖမ်းနေရတာ။ လုံးဝ ပယ်ဖျက်ခွင့် မပြုနိုင်ဘူး။ ၁ ဒေါ်လာကိုင်ထားလဲ တရားမဝင် ငွေကိုင်ဆောင်မှုပဲ။

သိန်းဂိန်။ ။ ဒါတော့ ဒါပေါ့ဗျာ … သို့ပေမယ် … အင်း … ဒါက … ဒါဆိုဘယ်လိုလုပ်ရင် ကောင်းမလဲ ကိုခေတ်ပျက် ...။

ခေတ်ပျက်။ ။ လွယ်ပါတယ် သမ္မတကြီးရယ်။ အဲဒီဥပဒေကို ဦး ၈ လုံးပြောသလို မဖျက်ပါနဲ့။ နားလည်မှုပေါ့ … ဟဲဟဲ။ နားလည်မှု၊ နားလည်မှု သိတယ်မဟုတ်လား။

သိန်းဂိန်။ ။ သြော် ဟုတ်သားပဲ။ နားလည်မှုနဲ့ လုပ်တာပေါ့ နော။ ဟဲဟဲ ဟဲဟဲ ဟဲဟဲ။

ထိုအချိန်တွင် ဒေါ်လာဈေး တက်ပင်တက်သော်ငြားလည်း ထင်သလောက် မတက်ကြောင်း သတင်းဝင်လာသည်။

၈ လုံး။ ။ ဟား … ခင်ဗျားတို့ကို ကျုပ်ပြောတယ်။ ဒေါ်လာဈေး ၁၀၀၀ အထိ တက်လို့ တချက်လွှတ်အမိန့်ထုတ်လိုက်ရင် ပြီးပြီ … အခု ထင်သလောက်လည်း မတက်ဘူး။ ဘယ်လိုဆက်လုပ်မလဲ။

ခေတ်ပျက်။ ။ လွယ်ပါတယ် ဒု သမ္မတကြီးရယ်။ ကားပါမစ် … ကားသွင်းခွင့် ပါမစ်တွေပေးလိုက်။ သေချာပေါက် တက်စေရမယ်။ ကျနော် တာဝန်ယူတယ်။

သိန်းဂိန်။ ။ နေဦးလေ … အဲဒီလိုကြီး တည့်ကြီး၊ ရုတ်တရက်ကြီး ပေးလိုက်ရင် မကောင်းဘူး။ နည်းနည်း အပျော့လိုင်း ဖြစ်သွားအောင် ဘယ်လို သွယ်ဝိုက်ပြီး လုပ်ရင်ကောင်းမလဲ ...။

၈ လုံး။ ။ လာပြန်ပြီ အပျော့လိုင်း။ ကျုပ်ကတော့ မာမာပဲနော်။ ပေးစရာရှိ အကုန်ပေးလိုက်။

ခေတ်ပျက်။ ။ နေ … နေကြပါဦး။ ကျနော့်မှာ ကျနော်ကြီးပွားမယ့် အကြံ … အဲ … အကြံကောင်း ရှိပါတယ်။ ဒီလိုလုပ်ပါလား သမ္မတကြီး … ကားစုတ် ကားပျက်တွေ၊ ရှေးဟောင်းကားတွေ၊ ခေတ်ဆွေး ကားတွေ ရှိတဲ့သူတွေကို မော်ဒယ်မြင့်ကားသစ် တွေနဲ့ လဲခွင့်ပေးလိုက် … ဒါဆိုတည့်ကြီးမဖြစ်တော့ဘူး။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ပြီးသားလဲ ဖြစ်ကရော။

ဦး ၈ လုံးက မျက်ထောင့်နီကြီးဖြင့် ကြည့်နေသည်။ ဘာမှတော့ ဝင်မပြော။

သိန်းဂိန်။ ။ ကောင်းလိုက်တဲ့ အိုင်ဒီယာ။ ကားစုတ်ကားပျက်တွေကို ဖျက်ဆီးတာဟာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာလည်း ရောက်သွားမယ်။ ဂွတ်ထ ဂွတ်ထ။ ချက်ချင်းကြေညာချက် ထုတ်မယ်။

သမ္မတက စာရွက်တရွက်ပေါ်တွင် လက်မှတ်ထိုးပြီး ကြေညာချက် ထုတ်လိုက်ပြန်သည်။

ခေတ်ပျက်။ ။ ခဏနော် သမ္မတကြီး။ ကျနော်လည်း ရှိတဲ့ ပိုက်ဆံလေးနဲ့ ကားဟောင်းလေး အစီး ၄၀၊ ၅၀ လောက် ဝယ်ခိုင်းလိုက်ဦးမယ်။

ဦးခေတ်ပျက်က သူ့ဟန်းဖုန်းကိုထုတ်၍ ဆက်ပြန်သည်။ ကြေညာချက် ထုတ်ပြီး စက္ကန့်ပိုင်းအတွင်း ကားဟောင်းဈေးများ ရုတ်တရက် မြင့်တက်သွားသည်။ ဒေါ်လာဈေးလည်း ထပ် တက်သွားသည်။

ဖိုးရှုပ်။ ။ ဒါကြီးက မဟုတ်သေးဘူး ထင်တယ်နော်။ ဒေါ်လာဈေးတွေက ပုံမှန်မဟုတ်ဘဲ အတက်အကျ ကြမ်းနေတာ ဆိုတော့ … လူတွေ ဒုက္ခရောက်မယ်။

၈ လုံး။ ။ ဘာ အတက်အကျ ကြမ်းတာလဲ။ ဘာ လူတွေ ဒုက္ခ ရောက်မှာလည်း။ အလကားလူတွေ၊ ဒေါ်လာဈေး ကျတော့လည်း ကျပြန်ပြီ၊ တက်တော့လည်း။ လူ့အလို နတ်မလိုက်နိုင်ဘူး။ ကျလို့၊ တက်လို့ ကွိုင်ရှာတဲ့သူတွေ အကုန်ဖမ်း။

သိန်းဂိန်။ ။ ဟာ … နေဦးလေ … အဲဒီလောက် မတင်းမာပါနဲ့။ လုပ်ပါဦး ကိုဖိုးရှုပ်၊ ဘယ်လိုတွေ ဒုက္ခရောက်မှာလဲ။ ကျုပ် ဖြေရှင်းပေးပါ့မယ်။ ပြည်သူလူထု အတွက်ဆို သိန်းဂိန်တို့က အဆင်သင့်ပါ။

ဦး ၈ လုံးက ဦးသိန်းဂိန်ကို မျက်ထောင့်နီကြီးဖြင့် ဘုကြည့်ကြည့်သည်။

ဖိုးရှုပ်။ ။ ဒေါ်လာဈေး တက်တာမှန်ပေမယ့် ကုန်ဈေးနှုန်းတွေ ရုတ်တရက် ခုန်တက်သွားတော့ အောက်ခြေလူတန်းစား၊ သာမန် ပြည်သူလူထု ဒုက္ခ ရောက်နေပြီဗျ။

သိန်းဂိန်။ ။ ဒါလား … လွယ်ပါတယ်။ ကုန်ဈေးနှုန်းတွေ တက်ရင် လစာတွေ တိုးပေးမယ် ပြောလိုက် ဟုတ်လား။ ကျုပ်က ပြည်သူ့အတွက် သိန်းဂိန်ပါ။

ရုက္ခစိုး။ ။ ဟာ … လစာက အဲဒီလို လွယ်လွယ်တိုးပေးလို့ မရဘူး ထင်တယ်နော်။ တော်ကြာ လစာက မတိုးရသေးဘူး ကုန်ဈေးနှုန်းက ထင်တာထက် ပိုတိုးတက်နေရင် ...။

၈ လုံး။ ။ အလုပ်ရှုပ်တယ် ... ဒီမှာ သမ္မတကြီး … ခင်ဗျား အဝှာမနိုင်ဘဲ ပဲကြီးဟင်း စားမနေနဲ့။ မြစ်ဆုံဆည်ကိစ္စနဲ့ လူတွေက ဆူဖို့ စဉ်းစားနေတဲ့အချိန်မှာ ကုန်ဈေးနှုန်းတက်ရင် တခါ အသံတွေ ထွက်လာမယ်။ သူတို့အသံမထွက်ခင် နည်းနည်း ဇ ရှိတဲ့သူတွ အကုန်ဖမ်းပြီး ထောင်ထဲထည့်ထားလိုက်။

သိန်းဂိန်။ ။ ဘယ်ဖြစ်မလဲ … ဦး ၈ လုံးရယ်။ မြစ်ဆုံ စီမံကိန်းက သတ်သတ်ပဲ … ကျုပ်ရှင်းပါ့မယ်။

၈ လုံး။ ။ ဘာရှင်းမှာလဲ။ ပြန်လည်စဉ်းစား သုံးသပ်မှာလား။ လုပ်မနေနဲ့ … ခင်ဗျားက ပြန်လည်စဉ်းစား သုံးသပ်လည်း ကျုပ်ကတော့ ချမှာပဲ။ အမျိုးအရေးအတွက် ဆက်လုပ်မှာပဲ။

ကြွက်စုတ်က ဖိုးရှုပ်နားကပ်၍ “ဟေ့ကောင်ဖိုးရှုပ် … ဦး ၈ လုံးပြောတာ အမျိုးသားအရေး မဟုတ်ဘူးလား။ ငါများ နားကြားလွဲ သွားလား” ဟု တိုးတိုးကပ်မေးလိုက်သည်။ ဖိုးရှုပ်က “မဟုတ်ဘူး အမျိုးအရေးလို့ပြောတာ။ မြစ်ဆုံဆည် ဆောက်တဲ့ ကိစ္စက သူ့အမျိုးတွေရဲ့ အရေးလို့ ပြောတာကွ” ဟု တိုးတိုး ပြန်ဖြေသည်။ ဦး ၈ လုံးက လက်သီးလက်မောင်းတန်း၍ …

“၄ လုံးကနေ ၈ လုံးဖြစ်အောင် လက်နက်နဲ့ အကောင်အထည် ဖော်ထားတဲ့သူဗျ။ ခင်ဗျားလို ၂ လုံးလောက်ကတော့ ရောင်းစားပစ်လိုက်လို့ ရတယ်”

သိန်းဂိန်။ ။ ခင်ဗျား ကျုပ် ၂ လုံးကို မစော်ကားနဲ့။ ကျုပ်က နာမည် ၂ လုံးတည်းပေမယ့် … ခင်ဗျားထက် အဆင့်မြင့်တယ်။ သမ္မတဗျ။

၈ လုံး။ ။ သမ္မတလည်း ဂရုမစိုက်ဘူး။ ကျုပ်တို့က အသံထွက်လာတာနဲ့ ဆော်မှာပဲ။ ခင်ဗျားရဲ့ ပြောင်နေတဲ့ ထိပ်ကိုတောင် လေယာဉ်ကွင်းဆောက်ဖို့ တရုတ်ကို ရောင်းစားပြလိုက်ဦးမယ် သဘောပေါက်။

သိန်းဂိန်။ ။ ဘာဗျ … ရာထူးကို စော်ကားတာ လက်ခံတယ်။ ဒီထိပ်ကို စော်ကားရင်တော့ ခင်ဗျား ကျုပ်အကြောင်း ကောင်းကောင်း သိစေရမယ်။

ပြောပြောဆိုဆို ဦးသိန်းဂိန်က ဦး ၈ လုံးကို လက်သီးနှင့် စထိုးသည်။ ဦး ၈ လုံးက ဦးသိန်းဂိန်ကို ဝင်လုံးသည်။ နှစ်ယောက်သား လုံးထွေးသတ်ပုတ်နေစဉ် လွှတ်တော်တွင်းရှိ အပျော့ ဂိုဏ်းသားများနှင့် အမာဂိုဏ်းသားများလည်း အချင်းချင်း ဝင်လုံးကြသည်။ ဦးခေတ်ပျက်ကတော့ ဖုန်းအဆက်မပျက်။

ထိုစဉ် ဘယ်ကဘယ်လို ရောက်လာမှန်း မသိသော ဟိုဘက်ဒီဘက် ပြေးအကပ်တော်သူ ဘောချုပ်ကြီး ဦးပေါ်ပေါ် ဝင်ရောက် ဖြန်ဖြေလိုက်သဖြင့် ဂိုဏ်း ၂ ဂိုဏ်း ရန်ပွဲက မတင်မကျ သရေ ဖြစ်သွားသည်။ ဘောလုံးပွဲ မဟုတ်သောကြောင့် ပင်နယ်လ်တီ သွင်းခိုင်း၍ မရသဖြင့် နှစ်ဘက် ရန်စောင်ခြင်းဖြင့်သာ ပွဲကို အဆုံးသတ်လိုက်ရသည်။

ဖိုးရှုပ်၏ သတင်းအနှစ်ချုပ်။ ။ လွှတ်တော်အတွင်း ရန်ပွဲကြောင့် ကျိုးသွားသော ကုလားထိုင် ၂ လုံးအား ပြင်ရန် ဘောချုပ်ကြီး ဦးပေါ်ပေါ်အား သိန်း ၁၀၀၀ နှင့် ကန်ထရိုက် ပေးလိုက်သည်။ သမ္မတကြီး၏ ကြေညာချက်များကြောင့် ဦးခေတ်ပျက် ငါးဆက်ရောင်း နိုင်ကာ ၎င်း၏ အပေါင်းအပါ ခေတ်ပျက် စီးပွားရေးသမားများ၊ ၎င်း၏ ဆွေမျိုးများ၊ ၎င်း၏ မယားပါ သားသမီးများမှာ ယခင်ထက် ၂ ဆ ချမ်းသာသွား၍ ဆင်းရဲသော ပြည်သူလူထုမှာ ယခင်ထက် ၂ ဆ ဆင်းရဲသွား လေတော့သတည်း။ ။

No comments:

Post a Comment