Wednesday, October 19, 2011

အိမ်ပြန်ရောက်တဲ့နေ့ လွတ်တဲ့နေ

နှင်းပန်းအိမ်

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော် နေ့မှာ လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်ပေး မယ်ဆိုတဲ့ သတင်း ကြောင့်၊ ယုံကြည် ချက်ကြောင့် အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်း သားတွေ ဘယ်လောက် ပါမ လဲလို့ ကျမတို့ရင်ခုန် လှုပ်ရှား စွာ မျှော်လင့်မိပါတယ်။

သတင်းကျွတ်လပြည့်ညမှာတော့ ဒုက္ခသည်စခန်းထဲမှာ သစ်ရွက်၊သစ်ခက်လေးတွေကို ရွှံ့တုံးလေးတွေနဲ့ ပြင်ဆင် ပြီး ဖယောင်း တိုင်မီးတွေ ထွန်းညှိကြတယ်။ စိမ်းစိမ်းစိုစို သစ်ရွက်၊သစ်ခက်တွေကြားမှာ ဖယောင်းတိုင် မီးတွေ တလက်လက် တောက်နေတယ်။ ရေဒီယိုသတင်းတွေကနေ နိုင်ငံရေးအကျဉ်းသား လွှတ်တဲ့စာရင်းကို နားထောင်ပြီး ကျမတို့စိတ်ထဲ ဘဝင်မကျတော့ဘူး။ ကောင်းကင်နဲ့လမင်းက ရေဒီယိုအသံနဲ့ ရောနှောပေါင်းစပ် သွားတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အသံနဲ့ ကျမရင်းနှီးကျွမ်းဝင်ခဲ့ရတာ ခုနှစ်နှစ်သမီး အရွယ်မှာပါ။ မှတ်မှတ်ရရ သင်္ကြန် တွင်း ဥပုသ် သီလ ယူနေတဲ့ ဖွားဖွားနဲ့မေမေ့ဆီကို၊ ကျမဦးကြီးက လုပ်သားပြည်သူနေ့စဉ် သတင်းစာ ကြီး ကိုင်ပြီး ဆိုက်ကားနဲ့ ရောက်လာ
ပါတယ်။ "မောင်တင်စိန် လွတ်ပြီ"တဲ့။ သတင်းစာ မျက်နှာဖုံးမှာ ခွေးခြေ ကုလားထိုင်တွေနဲ့ သူတွေအများကြီးထဲက ကျမဖေဖေ့ပုံကို ဦးကြီးက လက်ညှိုးနဲ့ ထောက်ပြတယ်။ နောက် နှစ်ရက်အကြာမှာ ကျမတို့ အိမ်ကို ဖေဖေပြန်ရောက်လာခဲ့ပါတယ်။

ခြောက်လသမီးအရွယ်ကတည်းက ခုနှစ်နှစ်သမီးအရွယ်ထိဖေဖေ့ကို ကျမတခါမှ မတွေ့ခဲ့ရပါဘူး။ မေမေရယ် ဖေဖေ့ကိုဘယ်ထောင် မှာရှိ လဲဆိုတာ သိခွင့်ရ ဖို့၊ထောင် ဝင်စာတွေ့ခွင့်ရဖို့ ရန်ကုန်အင်းစိန် အကျဉ်းထောင်၊ မန္တလေး နန်းတွင်းထောင်တွေဆီကို အကြိမ်ကြိမ်သွား ခဲ့တာ ကျမ သုံးနှစ်သမီး အရွယ် အထိ ပါပဲ။ မန္တလေး ရထားထိုင်ခုံအောက်မှာ ကျမကို ဖက်ပြီး မေမေ ငှက်ဖျားတွေတုန်နေအောင် တက်တာကို အခု ချိန်ထိ မှတ်မိ နေပါတယ်။

နောင်မှ ဖေဖေ ကိုကိုးကျွန်းကို အပို့ခံရတယ် ဆိုတာကိုဖေဖေ ပို့လိုက်တဲ့ စာကတဆင့် ကျမတို့ သိခဲ့ရတာပါ။ခြောက်လ တကြိမ်မှာ ဗလာစာရွက်တမျက်နှာသာ စာရေးခွင့် ရတဲ့ဖေဖေက လက်ရေးသေးသေးလေးတွေနဲ့ သူ့အိမ်အလွမ်းတွေကို ပြည့်ပြည့်စုံစုံ ရေးရှာတယ်။ ဖေဖေ့လက်ရေးသေးသေးလေးတွေ ကတဆင့် ဖေဖေ့ရဲ့ ဖခင်မေတ္တာကို ကျမသိအောင် မေမေက ကြိုးစားပေးခဲ့ပါတယ်။

တကယ်တမ်း ဖေဖေထောင်ကလွတ်လာတော့ ကျမကလေးစိတ်ကူးနဲ့ မျှော်လင့်ခဲ့သလို မဟုတ်ပါဘူး။ ဖေဖေနဲ့အတူ အိမ်အပြန်မှာ ပြန်စရာအိမ်မရှိတဲ့ ဖေဖေ့ရဲဘော် သုံးဦးပါ,ပါခဲ့ပါတယ်။ ဒီတော့ သက်တူရွယ်တူ ဖေဖေတို့ကိုကြည့်ပြီး ဘယ်သူကကျမအဖေမှန်း မသိခဲ့ပါဘူး။ ကျမမှတ်မိနေတာကတော့ သမီးဆိုတဲ့အသံက တုန်ရီနေတာကိုပါပဲ။ ကျမ ရှက်ပြီး ပြန်မထူးဘဲ၊ ဘယ်သူ့ကိုမှမကြည့်ဘဲ ခေါင်းကြီးငုံ့ထားတယ်။ ချက်ချင်း ဖေဖေလို့ ပြန်မခေါ်ခဲ့တာကိုလဲ အမှတ်ရနေမိပါတယ်။

ဖေဖေရဲ့ ထောင်တွင်းစိတ်ဒဏ်ရာကို ပထမဆုံးလွတ်မြောက်သူရဲ့ အိမ်အပြန်ညမှ ကျမတွေ့မြင်ခဲ့ရတာကို ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာ ယနေ့အချိန်အထိပါ။ ညဘက်မှာ ကျမတို့မိသားစုသုံးယောက် အတူ အိပ်ကြ ပါတယ်။ ဖွားဖွားအိမ်ယာထဲမှာ အိပ်ပျော် နေတဲ့ကျမကို ဖေဖေကပွေ့ယူခဲ့တာတဲ့။ ညသန်းခေါင် မှာတော့ ဖေဖေရယ် မေမေ့ လည်ပင်းကို ထညှစ်ပါတော့တယ်။ ဖေဖေ့ ရဲဘော်တွေက ဖေဖေ့ကိုလှုပ်နှိုးပြီး "ဗိုလ်ဓမ္မ ကျနော်တို့ အိမ်ပြန်ရောက်နေပြီ။"ဆိုတဲ့ အသံကြားမှ ဖေဖေ သက်ပြင်းရှည်ကြီး ချပြီး ပြန်လည်တည်ငြိမ် သွားပါတော့တယ်။

ဖေဖေ ကိုကိုးကျွန်းကယူခဲ့တဲ့ ခရု၊ ကနုကမာခွံလေးတွေကို ကျမတို့ စိတ်ဝင်စားခဲ့ရသလို ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ အမှာစကားတွေ၊ သမိုင်းဖြစ်စဉ်တွေကို အသွေး အသားထဲ စီးမျောနေအောင် ခံစားနိုင်ခဲ့ကြပါတယ်။ ကျဆုံးခါနီးပြောသွားတဲ့ ဖေဖေ့ရဲဘော်ရဲ့ စကားက ဘယ်လောက်လေးနက် အဓိပ္ပါယ်ရှိတယ်ဆိုတာ ကျမတို့ဘဝနဲ့ယှဉ်ပြီး ခံစားနားလည်နိုင်ခဲ့ပါတယ်။

"ရဲဘော်တို့ စစ်အာဏာရှင်စနစ်ကို ဆုံးခန်းတိုင်သည့်အထိ တိုက်ပွဲဝင်သွားပါ။"တဲ့။ လူသားမဆန်တဲ့ခေတ်စနစ်က သမီး ဘဝမှာ အကျဉ်း ကျ မိသားစု ဝင်အဖြစ်၊ ဇနီး ဘဝမှာ အကျဉ်းကျ မိသားစု ဝင်အဖြစ် ကျမကို တွန်းပို့ခဲ့တယ်။

ကျမမိခင်က ကျမကိုချီပွေ့ပြီး မန္တလေးမီးရထား ထိုင်ခုံအောက်မှာအိပ်၊ ညအိပ်ညဥ့်နေ ထောင်ဝင်စာခရီး သွားခဲ့ရသလို သားလေးကိုချီပွေ့ပြီး ကလေးမြို့ ထောင်ဝင်စာခရီးကအပြန် မန္တလေးမီးရထား ထိုင်ခုံအောက် မှာ ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ အိပ်ခဲ့ရတယ်။ ဒီအဖြစ် အပျက်၊ ဒီခံစားချက်တွေက လူသားမဆန်တဲ့ စနစ်ကြောင့် ခံစားကြရတာလေ။

ကျမတို့လို ခံစားနေရတဲ့ အကျဉ်းကျမိသားစုတွေ ထောင်ချီရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စကားက အကျဉ်းကျမိသားစုကိုရော နိုင်ငံရေးအကျဉ်းသားတွေကိုပါ စိတ်ဒဏ်ရာ ဖြစ်စေတဲ့ စကားပါ။ ခြွင်းချက်မရှိနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်လာရင်တော့ အတိုင်းမသိ ပျော်ရတာပေါ့။ ခုတော့ ကံစမ်းမဲဖောက်သလို အကျဉ်းသား ခြောက်ထာင်ကျော်မှာ နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော်ပဲပါတော့ အကျဉ်းထောင်ထဲကနိုင်ငံရေး အကျဉ်းသားတွေရော၊ အကျဉ်းကျမိသားစုတွေပါ ပိုပြီးစိတ်ခံစားကြရပါတယ်။

ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး အကြီးအကဲတွေ အဖမ်းခံရပြီးမကြာခင်မှာ "စစ်ထောက်လှမ်းရေးက မှားယွင်းဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးမယ်။"လို့ သတင်းစာမှာ အကျယ်တဝင့် ရေးသား လာပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ ပြန်လွှတ်မယ်ထင်ပြီး ထောင်တွေမှာ သွားကြိုခဲ့ကြတာ၊ ကျမပါ ပါတာပေါ့။ ဘဘ သခင်အုန်းမြင့်က "သမီးရယ် သွားမကြိုပါနဲ့ အိမ်ကပဲစောင့်ပါ။"လို့ တားပါသေးတယ်။

မှတ်မှတ်ရရ တန်ဆောင်တိုင် ပွဲတော်ရက်ကြီးပါ။ ကျမသားလေး ကိုလည်း ကျောင်းပိတ်ရက်မို့ ခေါ်သွားလိုက်တယ်။သားကလည်း သူ့အဖေလွတ်ပြီ ဆိုတဲ့စိတ်နဲ့ လွှတ်ပျော်တော့တာ။ ကလေးမြို့ ရောက်တော့ ကလေးမြို့ တည်းအိမ်မှာ နားနေတုန်း လူရိပ်မြင်တိုင်း သူ့အဖေ ပြန်လာပြီမှတ်လို့ ထွက်ထွက်ကြို တယ်။ သူမျှော်လင့်သလိုမဖြစ်တော့ " မေကြီးရယ် အဲဒီလူတွေ ကလည်းဖေကြီးနဲ့ တူလိုက်တာ။"လို့ စိတ်ပင်ပန်းစွာနဲ့ ပြောရှာ တယ်။ ညှိုးနွမ်းနေတဲ့ သားကိုမြင်ပြီး အားလုံးကစုတ်တသပ် သပ်နဲ့ သနားနေကြတော့တာ။

ထောင်ဝင်စာတွေ့ဖို့ မဟုတ်ဘဲ လာကြိုသူဆိုတော့ ကျမဘာမှကြော်လှော် မလာခဲ့ပါဘူး။ နောက်ဆုံးတော့ ကျမတို့ သားအမိထောင်ဝင်စာ သွားတွေ့ရတော့တယ်။ ထောင်ဝင်စာ သွားတွေ့မှ ကျမခင်ပွန်းက အခုလို ပြောပါတယ်။

"ထောင်ဝင်ထမ်းတွေ ကိုယ်တိုင် ခင်ဗျားတို့ အားလုံး လွတ်ပြီလို့ လာပြောတယ်။စာရောက်လာပြီတဲ့။ ခင်ဗျားတို့ ပစ္စည်းတွေ ကျနော်တို့ကို ပေးခဲ့ပါတဲ့။ အဲဒီနေ့မနက်က ဝန်ထမ်းတွေက ထမင်းတောင် မထိုးတော့ဘူး။ ခင်ဗျားတို့ အပြင်ရောက်မှစားလို့ ပြောတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကုန်လာပြီး ညနေလောက်ကျမှ ရဲဘက်စခန်းက လူတွေ ဒို့ထောင်ထဲကို ရောက်လာတယ်။ သံခြေကျင်းသံတွေ ညံနေရောပဲ။ နောက်နေ့တွေမှာ ရဲဘက် လေးရာ ကျော်ကို ကလေးအကျဉ်းထောင်က လွှတ်လိုက်တယ်။နိုင်ငံရေး အကျဉ်းသား တယောက်မှမပါဘူး။ ဒို့တွေ ဘယ်လောက် စိတ်ဓါတ်ပြင်ဆင်ထားတယ်ပြောပြော စိတ်တော့ လှုပ်ရှားတာပဲ။သွေးတိုးသွားတာ အပေါ်သွေး ၁၆ဝတောင်ရှိတယ်။" တဲ့။

လွှတ်မယ်ထင်ပြီး ထောင်ကိုသွားကြိုတဲ့ ကျမတို့သားအမိ မျှော်လင့်သလိုဖြစ်မလာတော့ အိမ်အပြန်ခရီးက ခါတိုင်း ထက် အားငယ်လို့နေတယ်။ တန်ဆောင်မုန်းလပြည့်ရဲ့ လမင်းက ကျမတို့ကို အဖော်ပြု တောတောင် တွေနောက် က တကောက်ကောက် လိုက်လာပေမယ့် ရင်ထဲက အားငယ်စိတ်ကိုတော့ ချေဖျက် မပေးနိုင်ခဲ့ ပါဘူး။ ကားပေါ် မှာ သားကသူ့အဖေပါမလာလို့ မျက်ရည်တွေ ကျနေတယ်။

ကလေးဝ ရွှေမုဋ္ဌောဘုရားပွဲကိုသွားကြတဲ့ သစ်ချောက်ရွာကလူတွေ လရောင်အောက်မှာ ပျော်လို့ ရွှင်လို့။ ဘုရားပွဲကိုသွားတဲ့ မိသားစု သုံးဦးမှာ သားငယ်ကို အဖေက ဂုတ်မှာပိုးလို့၊ အမေက သားနဲ့အဖေကိုကြည့်ပြီး ပြုံးလို့ရွှင်လို့။ ဒီမြင်ကွင်းကို သားရောကျမပါ အားကျ စိတ်နဲ့ ကားပေါ်ကနေ လည်ပြန်ကြည့်လို့ မဆုံးဘူး။

မြစ်သာမြစ်နဲ့ လမင်းလည်း ပါးချင်းအပ်နေတယ်။ တောင်တွေကွေ့ရင် လမင်းနဲ့မြစ်သာမြစ် ခွဲခွာ လိုက်ရပြန်တယ်။ ချစ်ခြင်းဆိုတဲ့အရာကို လူသားကရော၊ သဘာဝတရားကပါ မခွဲကောင်းဘူးလို့ ကျမ နာနာကျင်ကျင် တွေးမိတယ်။ခုလည်း သီတင်းကျွတ်လပြည့်နေမှာ လွတ် လာသူတွေနဲ့ မိသားစုတွေ ပြုံးပျော်နေချိန်မှာ မလွတ်မြောက်သူနဲ့ သူ့ မိသားစုတွေ ဘယ်လောက်နာကျင် ကြေကွဲနေကြမလဲ။ လွတ်လာ သူတွေကိုယ်တိုင် အပြည့်အဝ မပျော်နိုင်ကြ ပါဘူး။ ထောင်ထဲမှာ သေဖော် ရှင်ဖက် ရဲဘော်တွေ ကျန်နေခဲ့တယ်လေ။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အမိန့်ကြော်ငြာစာအောက်မှာ အလျော်အစား လုပ်ရတဲ့မိသားစုတွေရဲ့ စိတ်ခံစားမှုတွေကို ကျမတို့ ကိုယ်ချင်း စာ နားလည်နိုင်ပါတယ်။ စိတ်နှလုံးနဲ့ ဆုပ်ကိုင်လို့မရတဲ့၊ စကားလုံးနဲ့ ထုတ်ပြောလို့ မရတဲ့ နာကျင်ကြေကွဲမှုတွေကို ခံစားနေရတဲ့ အကျဉ်း ကျမိသားစုတွေကို ကျမဘဝနဲ့ယှဉ်ပြီး အားပေးချင်တာ ကတော့ အကျဉ်းထောင်ထဲက ကိုယ့်မိသားစုဝင် အိမ်ပြန်ရောက်တဲ့နေ့က လွတ် တဲ့ နေ့လို့ စိတ်ပိုင်းဖြတ်ထားဖို့ပါပဲ။

စစ်အာဏာရှင်စနစ်ရဲ့ ကြိုးဝိုင်းထဲမှာ အဓမ္မကို ဓမ္မနဲ့အလဲထိုးနေသူ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး အိမ်ပြန်ရောက်နိုင်ကြပါစေ။

No comments:

Post a Comment