Thursday, October 20, 2011

စစ်ကြောင်းများတိုးချဲ့၍ ဒေသခံရွာသားများ သွားလာရေးကန့်သတ်မှုရှိလာ

ဖဲမော့

ကရင်နီပြည် ဖရူဆိုမြို့နယ် လောဂျာနင့်ဒေါလောခူရွာအကြား တည်ဆောက်နေသော အမှတ်-၁၄ တပ်မတော်တန်းမြင့် လေ့ကျင်းရေးကွင်း၏ လုံခြုံရေးအတွက် အစိုးရက စစ်ကြောင်းများ ထပ်မံတိုးချဲ့ချထားလိုက်ပြီးနောက် ဒေသခံများ လွတ်လပ်စွာ သွားလာရေးတို့အတွက် ကန့်သတ်မှုများရှိလာသည်။

“အလုပ်သွားလုပ်နေတဲ့အချိန်မှာ အရင်တုန်းကတော့ စောစောသွား ညနေစောင်းမှ ပြန်လို့ရတယ်ပေါ့နော်။ အခုကျတော့ စောစောသွား ညနေစောင်းမှပြန်လာလို့ မရတော့ဘူးပေါ့နော်။ ကြောက်သွားတယ်ပေါ့ ဘာလို့လဲဆိုတော့ သူတို့ကအဲလို စစ်ဆေးမေးမြန်းတယ် ပြီးတော့ အကယ်၍ ညနေစောင်းမှပြန်လာရင် ဒါမှမဟုတ် စောစောသွားရင် အန္တရာယ်ရှိတယ်၊ သူတို့ကအထင်လွဲပြီး ပစ်နိုင်တယ် နောက်ပြီးတော့ ဖမ်းဆီးချုပ်နှောင်ခံရနိုင်တယ်” ဟု ဒေသခံရွာသားတဦးက ပြောသည်။

အောက်တိုဘာလ အစောပိုင်းက အမှတ်-၁၄ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကွင်း လုံခြုံရေးအတွက် အစိုးရတပ်မှ ခမရ ၅၃၀ နှင့် ၅၈၅ စစ်ကြောင်းနှစ်ကြောင်း ထပ်မံတိုးချဲ့ချထားလိုက်ခြင်းဖြစ်သည်။

ယခုလို စစ်ကြောင်းမတိုးချဲ့မီ ဖရူဆိုမြို့နယ်အတွင်း ခမရ ၄၂၈ နှင့် ၅၃၁ တို့သာ အခြေစိုက်ထားစဉ်ကပင် ရွာသူရွာသားများ၏ ကြက်ဘဲများ ခိုးယူစားသောက်ခြင်းများရှိကြောင်း တစ်ခါတစ်ရံ၌ပင် ရွားသားများ၏ နွားများကို ပစ်သတ်၍စားကြသည်ဟု ဒေသခံရွာသားများက ဆိုသည်။ ယခုကဲ့သို့ စစ်ကြောင်းများ ထပ်မံတိုးလာမှုကြောင့် ယခင်ကထက် ပိုမိုဆိုးရွားလာမည်ကို ရွာသားများအနေဖြင့် စိုးရိမ်နေကြရခြင်းဖြစ်သည်။

ဒေါလောခူနှင့် လောဂျာသို့သွားသော ဖြတ်လမ်းတခုတွင် အစိုးရစစ်တပ်မှ ကင်းပုန်းတခုချထားပြီး လမ်းသွားလမ်းလာများ၏ လွယ်အိတ်ထဲသို့ပင် စစ်ဆေးကြောင်း၊ ယခင်က တောင်ယာသို့သွားလျှင် တယောက်ထဲသွားရဲသော်လည်း ယခုတွင် အုပ်စုလိုက်သာ သွားကြရသည်ဟု ဆိုသည်။

“အကယ်၍ သူတို့က ငါတို့ ဒီမိုကရေစီအစိုးရ တကယ်ဖြစ်ပြီလို့ပြောရင် ဒီလိုအလုပ်မျိုးတွေ မလုပ်သင့်တော့ဘူး၊ တိုင်းသူပြည်သားတွေကို ဦးစားပေးသင့်တယ်၊ တိုင်းသူပြည်သားတွေ ငတ်မွတ်ခေါင်းပါးနေသလား ဆင်းရဲမွဲတေ နေသလားဆိုတာ ဒီမိုကရေစီအစိုးရဖြစ်ရင် အရင်ကြည့်သင့်တယ် ဒါကြောင့် ဒီမိုကရေစီအစိုးရ တကယ်မဟုတ်သေးဘူး စစ်အာဏာရှင်ပဲ ဖြစ်သေးတယ် အကယ်၍ နိုင်ငံရေး တကယ်ပြောင်းလဲပြီး ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ ပြောင်းလဲချင်ရင် ပြည်သူ့စကားသံများကို နားထောင်ရမယ်။ ပြီးတော့အခုသိမ်းထားတဲ့ မြေနေရာတွေ ပြည်သူတွေကိုပြန်ပေးရမယ်” ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေးဌနမှ ပြောရေးဆိုခွင့်ရှိသူ ခူးဒယ်နီယာက ပြောပါသည်။

ယခုတည်ဆောက်နေသော တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကွင်း၏ မြေနေရာအနီးနား တခွင်တွင် နွားများကို စားကျက်လွတ်ခြင်းများ မပြုလုပ်ရန်တားမြစ်ထားကြောင်း၊ ထို့အပြင် ဒေသခံများပိုင်ဆိုင်သော သစ်တောများကို လေ့ကျင့်ကွင်းတည်ဆောက်ရန်အတွက် ခုတ်ယူနေကြောင်း ဒေသခံများတို့၏ ပြောပြချက်အရ သိရသည်။

“အရင်တုန်းတောင် ငါတို့ရွားသားတွေနေတာ လူဦးရေတွေတိုးလာတော့ မြေနေရာတွေက ကျဉ်းလာပြီ လုပ်ကိုင်စားသောက်လို့ အဆင်ပြေတော့ဘူး။ မြေနေရာတွေပေါ့ ပြီးရင် ယခုအချိန်မှာတော့ အာ.. မြေနေရာတွေ ထပ်သိမ်းလိုက်တော့ ဒီလို ဟိုလိုမျိုး ငါတို့သားမြေးတွေအတွက်ဆိုတာ တသက်လုံးစာပေါ့နော၊ ပြီးတော့ ဟို.. တောင်ယာလုပ်ကိုင်စားသောက်ဖို့ဆိုတာ သူတို့အတွက် အဆင်ပြေတော့မှာ မဟုတ်ဘူး” ဟု ဒေသခံရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကစ၍ ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနှင့် မားပရိုရှေ့ကျေးရွာအကြားတွင် ပြည်သူပိုင်ခြံမြေ ဧကပေါင်း ၂၇၀၀ အားသိမ်းဆည်းခဲ့ပြီး တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း စတင်ဆောက်လုပ်စဉ်က ရှမ်းပြည်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ လက်အောက်ခံ ခမရ ၅၇၅ နှင့် ၅၇၆ မှ စစ်ကြောင်းနှစ်ကြောင်းကို လုံခြုံရေးအတွက်ချထားခဲ့ရာမှ ယခု အောက်တိုဘာ လတွင် ခမရ ၅၃၀ နှင့် ၅၈၅ အား ထပ်မံ၍ တိုးချဲ့ ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment